မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စုများအား တာဝန်ရှိသူများသည် သြဂုတ် ၄ ရက် ညနေပိုင်းတွင် ရေဘေးရှောင်စခန်းများသို့ သွားရောက်ကာ ထောက်ပံ့ငွေပေးအပ်ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မင်းဘူး(စကု) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းတို့သည် မင်းဘူး(၁)၊ (၂)၊ (၃) ရပ်ကွက်သုံးရပ်ကွက်နှင့် တပင်ရွာ၊ ကျွဲသိုးမြှောင်၊ မန်းကျိုး၊ ထုံးမကျီး၊ ရွာသစ်ကုန်း၊ နိဗ္ဗာန်ကျွန်း၊ ငွေသောင်၊ လက်ပံတော၊ နန်းတော်ကုန်း စသည့်ကျေးရွာ ကိုးရွာမှ ရေဘေးသင့်ပြည်သူများအား ညောင်ဇင်ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်စခန်းနှင့် အောက်ကျောင်းဘုရားဝင်းရှိ ရေဘေးရှောင်စခန်းများသို့ သွားရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
''ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၂ ရက်အထိ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့မှုကြောင့် ရေလွတ်ရာရွှေ့ပြောင်းခဲ့ရသည့် မင်းဘူးမြို့အမှတ် (၁)၊(၂)၊ (၃)ရပ်ကွက်တို့နှင့် ကျေးရွာပေါင်း ကိုးရွာမှ အိမ်ခြေ ၅၄၁ လုံး၊ အိမ်ထောင်စု ၅၄၁ စု၊ လူဦးရေ ၁၇၈ဝ တို့အား ဆန်ရိက္ခာ ခုနစ်ရက်စာဖိုးအတွက် ထောက်ပံ့ငွေ ကျပ် ၃၇၃၈ဝဝဝ ကို ရေဘေးသင့်ပြည်သူတို့ လက်ဝယ်အရောက် သွားရောက်ကာ ထောက်ပံ့ပေးခဲ့ပါတယ်''ဟု ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက ပြောသည်။
''ဧရာဝတီမြစ်ရေတိုးမြင့်ကာ ကျေးရွာအတွင်း ဝင်ရောက်လာမှုကြောင့် ကျေးရွာက ပြည်သူတွေနဲ့နွားတွေကို ရေလွတ်ရာနေရာ အောက်ကျောင်း ဘုရားဝင်းထဲက ရေဘေးရှောင်စခန်းကို ကြိုတင်ရွှေ့ပြောင်း စေခဲ့ပါတယ်။ လက်ရှိရေဘေးရှောင် စခန်းမှ အိမ်ထောင်စု ၁ဝ၂ စု၊ လူဦးရေ ၂၆၇ ဦးတို့အား ဒီကနေ့မှာ မြို့နယ်မှ တာဝန်ရှိသူတွေနဲ့ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်''ဟု ထုံးမကျီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ပြောပြသည်။