ကမ္ဘာ့လူငယ် အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမား ၁ဝ ဦး စာရင်းထုတ်ပြန်
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)မှကြီးမှူးပြီး ပြင်သစ်အခြေစိုက် နာမည်ကြီး အားကစားမဂ္ဂဇင်းဖြစ်သည့် France Football က ကမကထပြုလုပ် ပေးအပ် ချီးမြှင့်မည့် ကမ္ဘာ့လူငယ် အကောင်းဆုံးကစားသမား ဆု (Ballon d'Or Kopa Trophy)အတွက် နောက်ဆုံးဆန်ခါတင် ကစားသမား ၁ဝ ဦးစာရင်းကို အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ခဲ့ရာ မန်ယူအသင်းမှ ဂရင်းဝုဒ်နှင့် အာဆင်နယ်အသင်းမှ ဆာကာတို့ ပါဝင်လာကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် France Footballတို့က ကမ္ဘာ့လူငယ် အကောင်းဆုံး ကစားသမားဆုကို အသက် ၂၁ နှစ်အောက် ကစားသမားများအား ရွေးချယ်ချီးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ ကလပ်အသင်းများတွင် ခြေစွမ်းပြလျက်ရှိသည့် ကစားသမား အများစု ပါဝင်လာသည်။
ကမ္ဘာ့လူငယ် အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား ၁ဝ ဦးစာရင်းတွင် အသက်၂ဝ နှစ်ရှိ မန်ယူအသင်းမှ ဂရင်းဝုဒ်၊ အသက် ၂ဝ နှစ်ရှိ အာဆင်နယ်အသင်းမှ ဆာကာ၊ အသက် ၁၈ နှစ်ရှိ ဘာစီလိုနာအသင်းမှ ပက်ဒရီ၊ အသက် ၁၉ နှစ်ရှိ ရင်းနက်စ်အသင်းမှ ဒိုကူ၊ အသက် ၁၉ နှစ်ရှိ အေဂျက်အသင်းမှ ဂါဗင်ဘက်ချ်၊ အသက် ၁၈ နှစ်ရှိ ဘိုင်ယန်မြူးနစ် အသင်းမှ မူဆီလာ၊ အသက် ၁၈ နှစ် ရှိ လေဗာကူဆင် အသင်းမှ ဝက်ဇ်၊ အသက် ၁၈ နှစ်ရှိ ဒေါ့မွန်အသင်းမှ ဘယ်လင်ဟမ်၊ အသက် ၁၈ နှစ်ရှိ ဒေါ့မွန်အသင်းမှ ရိုင်နာနှင့် အသက် ၁၉ နှစ်ရှိ ပီအက်စ်ဂျီအသင်းမှ မန်ဒက်တို့ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆုကို ၂ဝ၁၈ ခုနှစ်က စတင်ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်က ပီအက်စ်ဂျီ အသင်းမှ အမ်ဘတ်ပီက ရရှိခဲ့ကာ ဒုတိယဆုကို ဒေါ့မွန်အသင်း နှင့်အတူ ပူလီဆစ်က လည်းကောင်း၊ တတိယဆုကို ရိုးမားအသင်းနှင့်အတူ ကလွိုက်ဗက်က လည်းကောင်း ရရှိခဲ့သည်။
၂ဝ၁၉ ခုနှစ်က ဂျူဗင်တပ်စ် အသင်းနှင့်အတူ ဒီလိုက်ကရရှိခဲ့ပြီး ဒုတိယဆုကို ဒေါ့မွန်အသင်းနှင့် အတူ ဆန်ချိုက လည်းကောင်း၊ တတိယဆုကို အက်သလက်တီကိုအသင်းမှ ဂျာအိုဖီးလစ်တို့ကလည်းကောင်း ရရှိခဲ့ကာ ၂ဝ၂ဝ ပြည့်နှစ်က ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မပေးအပ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ဆန်ခါတင် ကစားသမားစာရင်းတွင် ပါဝင်လာခဲ့သူများ အနက် မန်ယူအသင်းမှ ဂရင်းဝုဒ်က ထိပ်ဆုံးမှ ရေပန်းစားနေပြီး ၎င်း၏နောက်တွင် ဒေါ့မွန်အသင်းမှ ဘယ်လင်ဟမ်၊ ဘာစီလိုနာအသင်းမှ ပက်ဒရီနှင့် ဘိုင်ယန်မြူးနစ် အသင်းမှ မူဆီလာတို့က ရေပန်းစားလျက် ရှိကြောင်း သိရသည်။
Ref;The Sun