ဘာစီလိုနာအသင်းက အိမ်ကွင်းတိုးချဲ့မည့် စီမံကိန်းကြောင့် လာမည့် ဘောလုံးရာသီမှ စတင်ပြီး နူးကမ့်ကွင်းအစား ဂျိုဟန်ခရိုတ်ကွင်းကို ပြောင်းလဲ အသုံးပြုရဖွယ်ရှိ
ဘာစီလိုနာအသင်းသည် အိမ်ကွင်းအဖြစ် လက်ရှိအသုံးပြုနေသည့် နူးကမ့်ကွင်းကို တိုးချဲ့မည့်စီမံကိန်း ဆောင်ရွက်ရန် ရှိနေသည့်အတွက် လာမည့်ဘောလုံး ရာသီမှစတင်ပြီး အိမ်ကွင်းပွဲစဉ်များကို နူးကမ့်ကွင်း အစား ဂျိုဟန်ခရိုတ်ကွင်း၌ ပြောင်းလဲ အသုံးပြုရဖွယ်ရှိကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အစောပိုင်းကတည်းက အိမ်ကွင်း နူးကမ့်ကွင်းအား စုစုပေါင်း ပရိသတ်ဦးရေ ၁၁ဝဝဝဝ ဝင်ဆံ့နိုင်သည့် ကွင်းအဖြစ် တိုးချဲ့သွားရန် စီမံကိန်း ရေးဆွဲထားခြင်းဖြစ်သည်။ ထို့ပြင် ထိုင်ခုံအရေအတွက် တိုးချဲ့မည့်အပြင် ကွင်းပတ်လည်တွင်လည်း ကလပ်အသင်း အားကစားပစ္စည်းဆိုင်နှင့် အထိမ်းအမှတ် ပြခန်းများကိုလည်း စုစုပေါင်း စတာလင်ပေါင် ၁ ဒသမ ၂၇ ဘီလီယံအထိ အကုန်အကျခံ တည်ဆောက်ရန် စီမံကိန်း ရေးဆွဲထားခြင်းဖြစ်သည်။
လက်ရှိတွင် အသင်းဘဏ္ဍာရေး အကျပ်အတည်း တွေ့ကြုံနေရသည့် ဘာစီလိုနာ အသင်းသည် အိမ်ကွင်းတိုးချဲ့မည့် စီမံကိန်းအတွက် ကုန်ကျမည့်ငွေကို ဘဏ်မှ ချေးယူရန် ဘုတ်အဖွဲ့ဝင်အားလုံး သဘောတူ ဆုံးဖြတ်ထားခြင်းဖြစ်ပြီး မကြာမီ ချေးငွေရရှိဖွယ်ရှိနေသည်။
ဘာစီလိုနာအသင်း ချေးငွေရရှိပါက ကွင်းတိုးချဲ့ မည့်စီမံကိန်းကို ၂ဝ၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည်ဖြစ်သည့်အတွက် လာမည့် ဘောလုံးရာသီတွင် အိမ်ကွင်းပွဲစဉ်များကို နူးကမ့်ကွင်းအစား ဘာစီလိုနာ အမျိုးသမီးအသင်းက အိမ်ကွင်းအဖြစ် အသုံးပြုနေသည့် ဂျိုဟန်ခရိုတ် အားကစားကွင်းကို ပြောင်းလဲအသုံးပြုရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
ဘာစီလိုနာအသင်း အိမ်ကွင်း နူးကမ့်အားကစား ကွင်းကို ၁၉၅၄ ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပရိသတ်ဦးရေ ၁ဝဝဝဝဝ ခန့်အထိ ဝင်ဆံ့နိုင်သည့် အားကစားကွင်းဖြစ်ကာ ဥရောပတွင် လည်း စတုတ္ထမြောက် အကြီးဆုံးကွင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။
Ref;NBC Sports