ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမားဦးရေ ၃ဝ စာရင်းတွင် ချီယေဆာနှင့် အော့ခ်ဘလက်တို့ ချန်လှပ်ခံခဲ့ရ
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု(Ballon d'Or)ဆုအတွက် ဆန်ခါတင် ကစားသမားဦးရေ ၃ဝ စာရင်းထုတ်ပြန်ခဲ့ရာ ဂျူဗင်တပ်စ်အသင်းမှ ချီယေဆာနှင့် အက်သလက်တီကို အသင်းမှ ဂိုးသမား အော့ခ်ဘလက်တို့ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဘောလုံးရာသီက ချီယေဆာနှင့်အော့ခ် ဘလက်တို့သည် သက်ဆိုင်ရာ ကလပ်အသင်းများတွင် အကောင်းဆုံး စွမ်းဆောင်ရည်များ ပြသနိုင်ခဲ့ပြီး လက်ရှိ ဥရောပ အကောင်းဆုံး ကစားသမားစာရင်းတွင် အဆင့် ၁ဝ နေရာအတွင်း ဝင်ရောက်သည့် ကစားသမားများ ဖြစ်ကြသော်လည်း ဆန်ခါတင် ကစားသမားစာရင်းတွင် အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။
ချီယေဆာသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဂျူဗင်တပ်စ်အသင်းနှင့် စီးရီးအေချန်ပီယံဆု လွဲချော်ခဲ့သော်လည်း ကိုပါအီတာလီယာနှင့် အီတလီစူပါဖလား တို့ဆွတ်ခူးနိုင်ခဲ့သည့်အပြင် အီတလီအသင်းနှင့်လည်း ယူရို ၂ဝ၂ဝ ပြိုင်ပွဲတွင် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက ဂျူဗင်တပ်စ်အသင်းတွင် ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။
အလားတူ အော့ခ်ဘလက်သည်လည်း ပြီးခဲ့သည့် ဘောလုံးရာသီက အက်သလက်တီကိုအသင်း စပိန် လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်ကာ စပိန်လာလီဂါ ပြိုင်ပွဲတွင် ၁၄ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့သော်လည်း ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းတွင် ချီယေဆာနှင့်အတူ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။
Ref;Goal.com