အကြမ်းဖက်သမားများအဖြစ် ကလေးများဘဝ မနစ်မွန်းစေရေး အားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး
ကလေးသူငယ်ဟူသည် အနာဂတ် နိုင်ငံတော်၏ အားပင်ဖြစ်၏။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးသည် ယင်းတိုင်းပြည်၏ လူငယ်တို့အပေါ်တည်မှီ၏။ ထို့ကြောင့် ယနေ့ခေတ်လူငယ်များ၏ အခြေအနေကို လေ့လာ၍ နောင်အနာဂတ်နိုင်ငံတော်၏ အခြေအနေကို သုံးသပ်နိုင်၏။ နိုင်ငံတကာတွင် လူငယ်များ၏ အသက်အရွယ်နှင့် ပတ်သက်၍ သဘောတူညီထားသော စံသတ်မှတ်ချက် ဟူ၍မရှိဘဲ နိုင်ငံအလိုက် သီးခြားစီ သတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံတွင်မူ ကလေးသူငယ် ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသော သူကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထား၏။ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံခန့်သည် လူငယ်များပင်ဖြစ်၏။ ထို့ကြောင့် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် လူငယ်များအပေါ် မှီခိုသည်ဆိုသည်မှာ သဘာဝကျလှ၏။
ကလေးသူငယ်များသည် ရိုးသားပြီး ပင်ကိုစိတ်မှာ ရှင်းရှင်းနှင့်ပွင့်လင်း၏။ မရိုးသားမှု အရိပ်အယောင်ဟူ၍ မြူမှုန်မျှမယှက်သန်း၊ သူတစ်ပါး အပေါ် မကောင်းကြံစိတ်၊ ငြူစူစိတ်၊ အကုသိုလ်စိတ်များ လုံးဝကင်း၍ နှလုံးသားဖြူစင်လှ၏။ ယေဘုယျအားဖြင့် လူငယ်တိုင်းသည် ပင်ကိုစရိုက်မှာ နုပျိုလန်းဆန်းခြင်း၊ သွက်လက်ထက်မြက်ခြင်း၊ အရာရာကို စူးစမ်းလိုခြင်း၊ အပေါင်းအဖော်ကိုမင်ခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်း၊ ရဲရင့်သတ္တိရှိခြင်း၊ နိုးကြားတက်ကြွခြင်း စသည့် ကောင်းမြတ်သော အရည်အသွေးများရှိ၏။ ထို့ကြောင့် လူငယ်တို့သည် ဖယောင်းရုပ်ကဲ့သို့ ပြုပြင်ပုံသွင်းရန် အကောင်းဆုံးဖြစ်၏။
လမ်းကြောင်းမှန်ပေါ်ရောက်အောင် နည်းမှန်လမ်းမှန် တည့်မတ်ပေးခြင်းဖြင့် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားခြင်း၊ ယုံကြည်မှု မှန်ကန်ခိုင်မြဲခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ အကြားအမြင် ဗဟုသုတပြည့်စုံခြင်း၊ စွန့်လွှတ်စွန့်စား အနစ်နာခံခြင်း၊ အမြော်အမြင်ရှိခြင်း၊ မကောင်းမှုပြုရန် ရှက်ကြောက်ခြင်း စသော အရည်အသွေးကောင်းများ ပေါ်ထွက်လာနိုင်ပေသည်။ ထိုအချက်များ ပြည့်စုံစေရေးအတွက် မိဘ၊ ဆရာနှင့် ၎င်းတို့၏အုပ်ထိန်းသူ၊ ၎င်းတို့၏ ပတ်ဝန်းကျင်က သင်ကြားပြသ၊ ပြုစုပျိုးထောင် ထောက်ပံ့ပေးရန် တာဝန်ရှိလှ၏။
လူငယ်များအနေဖြင့် ပြဿနာတစ်ရပ်ကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ရန်အတွက် ကြောင်းကျိုးတွက်ဆပြီး အသိပညာကို အသုံးချတတ်ရန် လိုအပ်ပေသည်။ အသိပညာရရှိရန်အတွက် အတန်းပညာဖြင့် စာပေတတ်မြောက်သင်ယူခြင်း၊ ၎င်းမှတစ်ဆင့် စာပေဖတ်ရှုခြင်းနှင့် စူးစမ်းလေ့လာခြင်း တို့ကိုပြုရသည်။ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးသူငယ်များအား အခြေခံပညာ ဦးစီးဌာန၏ စာရင်းများအရ ၁၉၉၇ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ကျောင်းနေသည့် ဦးရေသည် ၁၆ သန်းကျော်ရှိပြီး ၁၉၉၇ ခုနှစ်တွင် စတင် တက်ရောက်သည့် ကလေးများမှ ၂၂ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် စတင်တက်ရောက်သည့် ကလေးများမှ ၂၅ ဒသမ ၅ ရာခိုင်နှုန်း၊ ၁၉၉၉ ခုနှစ်တွင် စတင်တက်ရောက်သည့် ကလေးများမှ ၂၆ ဒသမ ၅၃ ရာခိုင်နှုန်းတို့သာ နဝမတန်းသို့ ရောက်ရှိခဲ့ပြီး ထိုသို့ တက်ရောက်ခဲ့သည့်အထဲတွင် ၂ဝဝ၉ ခုနှစ်တွင် စတင်တက်ရောက်သည့် ကလေးများမှ ၄၂ ရာခိုင်နှုန်းဖြင့် နဝမတန်းသို့ အမြင့်ဆုံး တက်ရောက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။ သို့သော်လည်း ၄ဝ ရာခိုင်နှုန်းကျော်သာ အခြေခံပညာ အထက်တန်းအဆင့်သို့ ရောက်ရှိခဲ့သည့်အတွက် ၆ဝ ရာခိုင်နှုန်းခန့်သည် အခြေခံပညာ အလယ်တန်းအဆင့်ဖြင့် ပြီးဆုံးသွားသည့် သဘောပင် ဖြစ်သည်ကို တွေ့ရှိရသည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုခြင်းတွင် ၁၉၉၇ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ ဒသမတန်းဖြေဆိုသည့် ကျောင်းသားများအနက် ၃၃ ဒသမ ၄၆ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ကြသည်ကို တွေ့ရပေသည်။
၁၉၉၇ ခုနှစ်က ကလေးအရွယ်များသည် ယခုအချိန်တွင် လူငယ်လူရွယ်များ ဖြစ်နေမည်ဖြစ်သဖြင့် ၎င်းတို့၏ ပညာရေးအခြေအနေသည် မူလတန်းပညာနှင့် ထက်ဝက်ခန့်ရှိပြီး အလယ်တန်းပညာ ပြီးမြောက်သူ ၂ဝ ရာခိုင်နှုန်းခန့်နှင့် အထက်တန်းပညာ ပြီးမြောက်သူ ၃ဝ ရာခိုင်နှုန်းကျော်သာ ရှိသည်ကို တွေ့ရှိရသည်။ ၂ဝ၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကြေညာသည့် အချိန်တွင် အသက် ငါးနှစ်နှင့်အထက် ၈ ဒသမ ၁ ရာခိုင်နှုန်း (၄ သန်းနီးပါး)ခန့် စာလုံးဝမတတ်သည်ကို တွေ့ရှိရသည့်အတွက် ပညာရေးနှင့် ပတ်သက်၍ လုံးဝမကောင်းသည့် အချက်တစ်ချက်ပင်ဖြစ်ပြီး နိုင်ငံတော်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပေသည်။
အစိုးရတစ်ရပ်ဆိုသည်မှာ ၎င်းတာဝန်ယူထားသော သက်တမ်းကိုသာ တာဝန်ခံရသည်မဟုတ်၊ အနာဂတ်အစိုးရနှင့် လူငယ်မျိုးဆက်သစ်များ အတွက်ပါတာဝန်ရှိ၏။ ထိုသို့လူငယ်များ၏ ပညာတတ်မြောက်မှု အားနည်းလာသည်နှင့် အမျှ အတွေးအခေါ်ပိုင်းများ ချို့တဲ့လာကာ တိုင်းပြည်အတွင်း အမှုအခင်းများခြင်း၊ ဆင်းရဲမှု များပြားလာခြင်းတို့သည် တွဲဆက်ပါလာရသည်။ ထိုသို့ချို့တဲ့မှုအပေါ် နိုင်ငံရေးသမားတို့၏ ဟောပြောမှုကြောင့် ၎င်းတို့စိတ်များသည် ယိမ်းယိုင်သွားကြခြင်းများ ပေါ်ပေါက်လာခဲ့၏။ စင်စစ် လူငယ်တို့၏ နုနယ်သော နှလုံးသားများအား နိုင်ငံရေးသမားများက အရောင်ဆိုးကြ၏။ နိုင်ငံရေးသမားတို့၏ ဆိုးသောအရောင်ကို လိုက်၍ ပြောင်းလဲမည့် ရေနှင့်သဏ္ဌာန်တူ၏။ ထို့ကြောင့် လူငယ်တို့၏ သန့်ရှင်းမှုရှိသည့် နှလုံးသားအား မညစ်နွမ်းစေသင့်ပေ။ လူငယ်တို့၏ အသိစိတ်သို့ မှန်ကန်သော အတွေးအခေါ်များကိုသာ သွတ်သွင်းပေးရန် အရေးကြီးလှပေသည်။
ယနေ့မြန်မာနိုင်ငံသည် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မျှော်လင့်မထားသော နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ် တစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပြီး သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည်။ ထိုသဘောထားကွဲလွဲမှုများက တစ်ဆင့် NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH နှင့် NUG တို့က တိုင်းဖျက်ပြည်ဖျက်နှင့် ပြည်သူလူထုတို့၏ နေ့စဉ်လူနေမှုဘဝ ပျက်စီးအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေလျက်ရှိပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံရေး သမားများသည် ဆန္ဒပြကြရာ၌ ဥမမည်၊ စာမမြောက်သည့် ကလေးသူငယ်များ (မူလတန်းအရွယ်)အား ခေါ်လာခဲ့ကြပြီး ကလေးငယ်များအား ၎င်းတို့ခိုင်းသမျှ လိုက်လုပ်စေခဲ့သည်။ ဘာမျှမသိနားမလည်သည့် ကလေးသူငယ်များအား နိုင်ငံရေးဇာတ်ခုံပေါ်သို့ အတင်းတွန်းပို့နေကြ၏။ ထိုမှတစ်ဆင့် အလယ်တန်းပညာသင် အသက်အရွယ် ငယ်သေးသည့် ကလေးများကို အကြမ်းဖက်မှု လုပ်ငန်းများ စသည့် ရာဇဝတ်မှုကြီးလေးသော လုပ်ငန်းများတွင်လည်း ကျူးလွန်လာစေရေး သွေးထိုးလှုံ့ဆော် စေခိုင်းပြုလုပ်လာကြသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၉/၂ဝ၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် အသက် ၁၄ နှစ်အရွယ် သတ္တမတန်းကျောင်းသူ မကြယ်စင်နှင်းဝေ၏ Video ဖိုင်ကိုကြည့်လိုက်ရခြင်းဖြင့် နိုင်ငံရေး ကိုယ့်လိုဘပြည့်စေရေး အတ္တစိတ် တစ်ခုအတွက် ကလေးသူငယ်များ လမ်းမှားရောက်အောင်တွန်းပို့မှုကို ရင်နင့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အနာဂတ် လူငယ်လေးများ၏ ပညာသင်ကြားရေး၊ ပညာတတ်မြောက်မှု အခွင့်အလမ်းများ ရရှိစေရေးအတွက် အခက်အခဲများကြားမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ လုံခြုံရေး ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားပြီး အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာ သင်ကြားနိုင်ပြီး စီမံဆောင်ရွက်ပေးခဲ့၏။ ၎င်းအပေါ် NLD ပါတီလက်ဝေခံ CRPH ၊ NUG ၊ PDF ၊ GZ စသည့် အကြမ်းဖက်အဖွဲ့များမှ မိမိတို့၏ ကိုယ်ကျိုးရှာနိုင်ငံရေးအတွက် အောက်လမ်းနည်းဖြင့် ခြိမ်းခြောက်မှုများပြုလုပ်ကာ အနာဂတ် လူငယ်များ၏ ပညာသင်ကြားရေးကို အနှောင့်အယှက်ပြုလျက်ရှိသည်ကို တွေ့ရှိရပေသည်။ ထို့ပြင် လူငယ်လူရွယ်များကို သွေးထိုးလှုံ့ဆော်ကာ အကြမ်းဖက်လုပ် ငန်းများ လုပ်ကိုင်စေရန်အတွက် လူမှုကွန်ရက်များမှ တစ်ဆင့် စည်းရုံးလှုံ့ဆော်နေကြောင်းကိုလည်း မြင်တွေ့ရ၏။ ထိုသို့ကလေး သူငယ်များကို လက်နက်ကိုင်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေခြင်း၊ ဖောက်ခွဲဖျက်ဆီးစေခြင်း၊ ၎င်းတို့နှင့် အမြင်မတူသူများကို ပစ်မှတ်ထားကာ တိုက်ခိုက်စေခြင်းတို့သည် အနာဂတ်ကလေး သူငယ်များကို အကြမ်းဖက်သမားများ အဖြစ်သို့ရောက်ရှိစေရေး တွန်းပို့နေခြင်းပင်ဖြစ်၏။ ၎င်းတို့သည် ကလေးသူငယ်များ၏ အခွင့်အရေးများကို ရိုက်ချိုးနေခြင်းသာ ဖြစ်ပြီး အနာဂတ် သာယာလှပရေးကိုပါ ဖျက်ဆီးနေခြင်းဖြစ်ပေသည်။ ထိုသို့ ကလေးသူငယ်များ၏ အခွင့်အရေးများကို တားဆီးပိတ်ပင် ဟန့်တားနေပြီး ကလေးသူငယ်များ၏ အနာဂတ်သာယာလှပရေးကို ဖျက်ဆီးနေသူများအား မူလကျူးလွန် သည့်ပြစ်မှုများအပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ အရပါ တရားစွဲဆို၍ ထိထိရောက်ရောက် ဟန့်တားစေသည့် ပြစ်ဒဏ်များ ချမှတ်သင့်၏။ ကလေးသူငယ်များ၏ အတွေ့အကြုံ နည်းပါးခြင်းနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု နည်းပါးခြင်းတို့ကို အခွင့်ကောင်းယူပြီး နိုင်ငံရေး အမြတ်ထုတ်လိုသူများကိုလည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ပေသည်။
ဆရာအောင်သင်း၏ ''ဘဝဆိုတာ အချိန်တွေနှင့် ဖွဲ့စည်းထားတာ၊ အချိန်ကို တန်ဖိုးရှိအောင် အသုံးချမှ တန်ဖိုးရှိတဲ့ဘဝ ဖြစ်လာနိုင်တယ်'' ဆိုသည့် စာစကားအရ ယနေ့လူငယ်များ၏ တန်ဖိုးရှိသောအချိန်၊ တန်ဖိုးရှိသောဘဝကို နိုင်ငံရေးသမားတို့က ဖျက်ဆီးခဲ့ကြ၏။ တိုင်းပြည်၏ အနာဂတ်အတွက် ကြီးမားသော အန္တရာယ်ပင်ဖြစ်၏။ လမ်းမှန်ရောက်အောင် မိဘ၊ ဆရာသမား၊ မိတ်ကောင်း၊ ဆွေကောင်းတို့ ကူညီလမ်းညွှန် သွန်သင်မှုနှင့်ပင် ရှေ့ဆက်သွားရပေမည်။ အသက်အရွယ် ငယ်ရွယ်ပြီး ယိမ်းယိုင်တတ်သည့် လူငယ်များ လမ်းကြောင်းမှန်ရောက်ရန် ထိန်းကျောင်းပေးရပေမည်။ ရုပ်ဝတ္ထု မြှူဆွယ်မှုနှင့် မှားယွင်းသော အတွေးအခေါ်တို့ကြောင့် လူငယ်များ၏ မူလရှိပြီးသော ဖြူစင်ရိုးဖြောင့်သည့် ဗီဇများသည် မပျောက်ပျက်စေသင့်ပေ။ မှန်ကန်သော အတွေးအခေါ် ရင့်သန်စေပြီး အကျိုးရှိအောင် အသုံးချတတ်ရန် လိုအပ်မည်ဖြစ်၏။ နိုင်ငံတော်အနေဖြင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိနေသည်။
''စာသင်ခန်းအစ လူငယ်တို့၏ဘဝ'' ဟူသော စကားအတိုင်း ကျောင်းသားလူငယ် ပထမအရွယ်ကပင်စ၍ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါး ကောင်းမွန်ရေးဖြစ်သည့် ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ပတ်ဝန်းကျင်က လေ့ကျင့်ပေး၍ ကိုယ်တိုင်ကျင့်ကြံနေပေရမည်။ ကိုယ်ကျင့်တရားများ ကောင်းမွန်လာမှသာ ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ လက်ဝယ်ခိုင်ခိုင် ကိုင်ဆောင်နိုင်ပြီး မည်သို့သော အသုံးချခံမှုမျိုးက ကင်းဝေးမည်ဖြစ်၏။
အချုပ်အားဖြင့်ဆိုရသော် လိမ်လည်လှည့်စားသူ၊ လှည့်ဖြားသူတို့က မိမိလိုချင်ရာအတွက် ရနိုင်သမျှနည်းလမ်းဖြင့် အတ္တကိုယ်ကျိုးအတွက် လုပ်ကြမည်သာဖြစ်၏။ ယနေ့မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုလုပ်ငန်းများတွင် လူငယ်များပါဝင် ပတ်သက်မှုမရှိစေရေး နေ့စဉ်လူမှုဘဝများတွင် လောဘနှင့်ဆန္ဒကို သတိ၊ ပညာတို့ဖြင့်ချွန်းအုပ်ကာ နိုင်ငံရေးသမားများ၏ အသုံးချမှုအန္တရာယ်က ရှောင်ရှား ကာကွယ်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါ၏။ သို့မှသာ တိုင်းပြည်၏ အနာဂတ်သည်လည်း အလှပန်းဝေစုံစွာဖြင့် သာယာတင့်တယ် နေပေလိမ့်မည်ဖြစ်တော့၏။ ။