မိမိတိုင်းပြည်နှင့်ပြည်သူ အကျိုးထူးစေမည့် EV တစ်ခေတ် ဆန်းသစ်စေဖို့

မိမိတိုင်းပြည်နှင့်ပြည်သူ အကျိုးထူးစေမည့် EV တစ်ခေတ် ဆန်းသစ်စေဖို့

ယမန်နေ့မှအဆက်

သို့ဖြစ်ပါသဖြင့်  ဦးစွာအလျင်အမြန် ICE ယာဉ်များနေရာတွင် အစားထိုး သုံးစွဲနိုင်ရန် အစီးလိုက် တန်ဖိုးအသင့်အတင့်ရှိ EV  ကားအသစ် သို့မဟုတ် Brand new battery လဲထားသော Good second hand  EV ကားများကို ဝယ်ယူတင်သွင်းခွင့်ပြုပြီး မောင်းနှင်သုံးစွဲ ၍ အတွေ့အကြုံရစေခြင်း၊ Auto control electronic system စနစ်တကျ သုံးတတ်မှု ကျွမ်းကျင်စေခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် အဆင့်ဆင့် ကျွမ်းကျင်မှု တိုးတက်ရရှိစေခြင်းတို့ကလည်း နောင်အခါ SKD, CKD, Electronic Control System များတင်သွင်းကာ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မှု ဆောင်ရွက်လာရာတွင် အခက်အခဲမရှိဘဲ များစွာ အကျိုးသက်ရောက်စေမည် ဖြစ်ပါသည်။

အများပြည်သူ ဝယ်ယူသုံးစွဲနိုင်မည့် တန်ဖိုးအသင့်အတင့်ရှိ EV ကားများကို (Down payment + installment)) စနစ်တို့ဖြင့် ဝယ်ယူနိုင်ရေး အစီအမံများလည်း ပြည်သူများ မျှော်လင့်နေကြမည် ဖြစ်ပါသည်။ ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်များ၊ Testing   Equipment နှင့် Maintenance Spare Parts များ ဝယ်ယူရနိုင်မှု လွယ်ကူစေသည့် နည်းလမ်းများ စီမံပေးနိုင်ရန်လည်း လိုအပ်ပါမည်။

ထို့ပြင် ယာဉ်မောင်းနှင်မှု အရှိန်ထိန်းသိမ်းရာတွင်လည်း  ICE ယာဉ်များမှာကဲ့သို့ များပြားသော ဂီရာထိန်းချုပ်မှုစနစ် (Multiple gears system) မလိုဘဲ လျှပ်စစ်မော်တာ စွမ်းအင်ကို လီဗာ (Accelerator) တိုးလျှော့ပေးခြင်းဖြင့် ညင်သာစွာ ထိန်းချုပ်မှု ပြုနိုင်ပါသည်။ ICE ယာဉ်များတွင် ဘရိတ် (Brake) ဖမ်း အရှိန်လျှော့ရခြင်းသည်  အရှိန်အဟုန်ထိန်းချုပ်ရန် အားထည့် ဘရိတ်ဖိနင်းပြီး ရုတ်တရက် အရှိန်သတ်ရသဖြင့် အရှိန်များ ရရှိရန် ဖန်တီးထားခဲ့ရသည့် စွမ်းအင်များ လေလွင့်ဆုံးရှုံးစေခြင်း၊ အရှိန်ဖြင့် သွားနေသည်မှ ရုတ်တရက် ဘီးလည်ပတ်မှုရပ်ရန် ဘရိတ်ဖမ်းသောအခါ ဘရိတ်ရှူးနှင့် ဘရိတ်ဒရမ် (Brake shoe and Brake drum))တို့ ဖိညှပ်ဖမ်းရခြင်း မကြာခဏ ပြုလုပ်ရသဖြင့် စားသွားခြင်းကြောင့်   လဲလှယ်ရသော ငွေကုန်ကျသည့် စရိတ်တို့ ဖြစ်စေပါသည်။ ICE   ယာဉ်များ   လည်ပတ်ရာတွင် စက်သုံးလောင်စာဆီနှင့်အတူ အင်ဂျင်ဝိုင် (Engine oil )၊ ဂီရာဝိုင် (Gear oil)၊ ကရောင်းဝိုင် (Crown oil)၊ ပလတ်များ (Ignition plugs) အတွက် ကုန်ကျစရိတ်များ ရှိပါသည်။ ကမ္ဘာပေါ်တွင် တွင်းထွက် လောင်စာဆီ (Crude Oil)) ထုတ်လုပ်ရရှိနိုင်မှု ကျဆင်းလာ၍ ဈေးနှုန်းကြီးမြင့်လာသော လောင်စာဆီ သုံးစွဲမှုနှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများမှ    ချမှတ်ထားသည့် ရည်မှန်းချက် မူဝါဒများပေါ် မူတည်၍ ကားကုမ္ပဏီကြီးများမှာ လက်ရှိ ICE ကားများအစား EV ကားများ ပြောင်းလဲ ထုတ်လုပ်သွားကြသည်နှင့်အမျှ   ICE လည်ပတ်မှုအတွက် လိုအပ်သော Spare part များ ဝယ်ယူရရှိရေး အခက်အခဲ ဖြစ်လာတော့မည်ကိုလည်း မြော်တွေးမိထားရန် လိုအပ်ပါသည်။

ကမ္ဘာတွင် EV ကားများ သုံးစွဲလာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မိမိတို့မှ ယခုစတင်သုံးစွဲရန်  စီမံကြိုးပမ်းမှုသည် နောက်မကျဘဲ   နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်  EV ကားများကို သုံးစွဲလာနိုင်မည် ဖြစ်ပါသည်။ လတ်တလော နိုင်ငံတကာသုံးနေသည့်  နောက်ဆုံးပေါ် နည်းပညာ (Latest High Tech Version) ဖြင့် ထုတ်လုပ်ထားသည့် EV ကားများကို မိမိတို့က ယခုစတင် အသုံးပြုကာ ဖြတ်လမ်း (Short cut)မှ တစ်ဆင့် ထပ်မံတိုးတက်လာမည့် နည်းပညာများကို ၎င်းတို့နှင့်အတူ လိုက်ပါဖော်ဆောင် သွားနိုင်မည်ဖြစ်ပါသည်။ 

အစိုးရတစ်ဖွဲ့တည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော်မှ ချမှတ်ပေးမည့် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ယာဉ်များ ကျယ်ပြန့်စွာ သုံးစွဲနိုင်ရေး မူဝါဒအတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ ပူးပေါင်းပါဝင် ရင်းနှီးမြှုပ်နှံကြမည့် အတ္တပရမျှတသူ လုပ်ငန်းရှင်ကြီးများ၊   စေတနာထား၍ ပါဝင်ပေါင်းစပ် ဆက်စပ်အကောင်အထည် ဖော်ပေးနိုင်ကြမည့်သူများ   အားလုံး၏ စုပေါင်းစွမ်းအားဖြင့်  မိမိနိုင်ငံအတွက် အကျိုးများစေသော လောင်စာဆီ သုံးစွဲမှု ချွေတာခြင်းဖြင့်  FE ဆုံးရှုံးမှုကို ထိရောက်စွာ လျှော့ချပေးနိုင်သည့် EV ယာဉ်များကို ICE ယာဉ်များ နေရာတွင် အစားထိုး သုံးစွဲနိုင်ခြင်း အစီအမံကြီး ရုပ်လုံး ပေါ်လာမည်ဖြစ်ပါကြောင်း တင်ပြ ရေးသားလိုက်ရပါသည်။    ။