ကြယ်ပွင့်ကလေးများ လင်းလက်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကြစို့

ကြယ်ပွင့်ကလေးများ လင်းလက်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကြစို့

သက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉   ကာကွယ်ဆေး ထိုးပေးဖို့ နိုင်ငံတော်က စီစဉ်နေပြီဆိုတဲ့ သတင်းကောင်းကို ကြားလိုက်ရတော့ ကျောင်းသားမိဘ တစ်ဦးအနေနဲ့ အလွန်ပဲဝမ်းသာမိပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ စက်တင်ဘာ  ၃ဝ ရက်နေ့မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းဟာ မြန်မာနိုင်ငံ အတွင်းမှာ  ယခုအခါ ကျဆင်းလာနေပြီဖြစ်ပါတယ်။ အရှိန်အဟုန်ပြင်းတဲ့ ကာလက ၄ဝ ရာခိုင်နှုန်းအထိ ကူးစက်မှုမြင့်တက်ခဲ့ပေမယ့် အခုအောက်တိုဘာလ အတွင်းမှာ တစ်နေ့တခြား လျော့နည်းလာနေပါပြီ။

ဒါဟာ ဝမ်းသာစရာပါပဲ။  ဒီထက်ပိုဝမ်းသာစရာကတော့ အခုပြောနေတဲ့ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေဆိုတာ နိုင်ငံတော်ရဲ့ အနာဂတ်ကြယ်ပွင့်ကလေးများပါပဲ။  ကြယ်ပွင့်ကလေးတွေ   တောက်ပြောင်လင်းလက်နေမှ   နိုင်ငံတော် အနာဂတ်ကလည်း လှပနေမှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့   နိုင်ငံ့ကောင်းကျိုးကို လုပ်ဆောင်နေတဲ့နေရာမှာ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနဲ့ ပညာရည်မြင့်မားရေးကို မျက်ခြည်မပြတ် လုပ်ဆောင်နေပါတယ်။ ပညာရည်မြင့်မားဖို့ အတွက် စာသင်ကျောင်းတွေ   ပြန်ဖွင့်နိုင်ရေးကို ဦးတည်ပြီး ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်း များဆီသို့၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့လို့ နှိုးဆော် ဆောင်ရွက်နေပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ စာသင်နှစ် တစ်နှစ် နစ်နာမှု မရှိစေရေးအတွက်  ကျောင်းများပြန်လည် ဖွင့်လှစ်ရာမှာ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါကူးစက်မှု မခံရစေဖို့နဲ့ ကျန်းကျန်းမာမာဖြင့် စာပေသင်ကြားနိုင်ဖို့  ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို အကောင်အထည်ဖော်နေခြင်း ဖြစ်ပါတယ်။

ကာကွယ်ဆေး  အပြည့်အဝ ထိုးနှံပြီးစီးမှသာလျှင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်ဆရာ၊ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊  မလေးရှားနိုင်ငံ၊  ကမ္ဘောဒီးယားနိုင်ငံတို့မှာလည်း ကျောင်းနေ အရွယ်ကလေးများကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါတယ်။ ဆိုလိုသည်မှာ ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ဆိုးကျိုးမရှိပါဘူး။ ကောင်းကျိုးသာရှိမည် ဖြစ်ကြောင်း သက်သေပြခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးထားခြင်းဖြင့် မိသားစုနှင့် ပတ်ဝန်းကျင်ကို ရောဂါကူးစက်ပြန့်ပွားမှု တားဆီးနိုင်ပါတယ်။

ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေမှာ ဖြစ်ပါတယ်။

ယခုထိုးနှံပေးမယ့် အစီအစဉ်မှာ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ စသည်ဖြင့် ကျောင်းများအားလုံးရှိ အသက် ၁၂ နှစ်နှင့်အထက်   ကျောင်းသား၊ ကျောင်းသူတွေကို ထိုးနှံပေးမှာဖြစ်ပါတယ်။  နိုင်ငံတော်အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံပေးမှု အစီအစဉ်ကို ပြည်သူတွေယုံယုံကြည်ကြည် စိတ်ချလက်ချပူးပေါင်းဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။ အဖျက်သမားတွေရဲ့ လိမ်ညာသတင်းအမှားဖြန့်ဝေမှုတွေကို မယုံကြဖို့လိုပါတယ်။

ထိုးနှံပေးမည့် ှငညသလခေ ကာကွယ်ဆေးဟာ တရုတ်

နိုင်ငံမှာ အသက် ၃ နှစ်မှ ၁၇ နှစ်ကြား ၆၃ သန်း၊ ချီလီနိုင်ငံမှာ အသက် ၁၂ နှစ်မှ  ၁၇  နှစ်ကြားရှိ တစ်သန်းတစ်သိန်းကျော်၊ ကမ္ဘောဒီးယားနိုင်ငံမှာ အသက် ၆ နှစ်မှ ၁၇ နှစ်ကြား သုံးသိန်းငါးသောင်း ကျော်ထိုးနှံပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့်မို့ ကလေးတွေအတွက် စိတ်ချစွာ ထိုးပေးဖို့ဆောင်ရွက် နေခြင်းဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ လက်တွေ့ကျကျ ဆောင်ရွက်ချက်တွေကို လေ့လာကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းကို ဦးတည်အုပ်စုတွေ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိပါတယ်။၂ဝ၂၁ ခုနှစ် ဇူလိုင် တတိယပတ်မှစပြီး အသက် ၆၅ နှစ်နှင့်အထက်၊ စက်တင်ဘာလမှစတင်ပြီး အသက် ၅၅ နှစ်နှင့်အထက်၊ မသန်စွမ်းသူတွေနဲ့ နာတာရှည်ရောဂါရှိသူတွေကို   ဦးစားပေးအုပ်စုသတ်မှတ်ပြီး ထိုးနှံပေးနေပါတယ်။  အခုအခါမှာတော့   နိုင်ငံတော်ရဲ့ အနာဂတ်ဖြစ်တဲ့  ကျောင်းသား၊ ကျောင်းသူတွေကို ထိုးနှံပေးဖို့စီမံ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃ဝ ရက် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးက ကိုဗစ်-၁၉ ဆေးထိုးနှံမယ့် အစီအစဉ်မှာ နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးတဲ့  ကျောင်းသား၊ ကျောင်းသူတွေ စာရင်းရေးသွင်းရာမှာ  အခက်အခဲနှင့် မှားယွင်းမှု မရှိစေဖို့ သက်ဆိုင်ရာ ဌာနများအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန်။ ဆေးထိုးနှံပေးရာမှာ လိုက်နာရမယ့် အချက်တွေကို မိဘများပါ သိရှိစေဖို့ ကြိုတင်လှုံ့ဆော်ခြင်းနှင့် ဆေးထိုးသည့် နေရာများမှာ အသိပေးချက်များ ဖော်ပြထားရန်။ ကာကွယ်ဆေးထိုး ကာလအတွင်း လုံခြုံရေးနှင့် ပတ်သက်လို့ တပ်မတော်၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပေါင်းစပ်ပြီး စနစ်တကျ ဖွဲ့စည်းတည်ဆောက်ရန်။ ကာကွယ်ဆေးထိုး စင်တာတွေကို   မြို့နယ်များအလိုက် ခွဲခြားပြီး ကျောင်းသား၊ ကျောင်းသူများနဲ့မိဘများ အလွယ်တကူ လာရောက်နိုင်တဲ့ နေရာများမှာ ရွေးချယ်ဆောင်ရွက်ရန်။ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ အလိုက် ကျောင်းသား၊ ကျောင်းသူများ ရှိရင်းအင်အား၊ကျောင်းအပ်နှံ အင်အား၊ ကျောင်းတက်ရောက်ခဲ့သည့် စာရင်းဇယား အပါအဝင် ဆေးထိုးနှံပြီးစီးမှု၊ ကာကွယ်ဆေး လက်ကျန်နှင့် ဆက်လက်ထိုးနှံမှု အစီအစဉ်စသည် တို့ကို  ကြည့်ရှုသုံးသပ်၍ ဆေးလေလွင့်မှု မရှိစေဘဲ ကာကွယ်ဆေး ထိုးနှံခြင်းကို ပြီးစီးအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက် သွားကြရန် ဆွေးနွေးခဲ့ကြတယ် လို့သိရပါတယ်။

စာသင်ကျောင်းတွေ ပြန်လည်ဖွင့်တော့မယ် ဆိုရင် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူတွေ အပြန်အလှန်ယုံကြည်မှုရှိဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံ့သားကောင်း အနာဂတ်ရဲ့ကြယ်ကလေးများ ကျန်းမာပျော်ရွှင်စွာနဲ့ ပညာသင်ယူနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကလည်း   ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေး ထိုးနှံမှု National     Planningမှာ ဦးတည်အုပ်စုတွေ သတ်မှတ်ပြီး ထိုးနှံပေးနေရာမှာ နိုင်ငံ့ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေကို ထိုးနှံပေးပြီးဖြစ်ပါတယ်။ အခုအခါမှာတော့ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို အပြည့်အဝထိုးနှံပေးပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။ မင်္ဂလာ သတင်းကောင်းခြင်းတွေပြည့်စုံနေတာမို့ မိဘတွေအနေနဲ့  မိမိတို့ရဲ့သားသမီးတွေ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံကြဖို့နဲ့ ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။

ဒါမှသာ တိုင်းပြည်ရဲ့ အနာဂတ်ကြယ်ပွင့်ကလေးများ လင်းလက်တောက်ပြောင် လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြယ်ပွင့်ကလေးများ လင်းလက်ဖို့ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးကြစို့..။   ။