တရုတ်က နှာခေါင်းထဲဖျန်းရသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစမ်းသပ်မှုစတင်

တရုတ်နိုင်ငံ၌ နှာခေါင်းထဲဖျန်းရသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမဆုံးအကြိမ် လက်တွေ့စမ်းသပ်မှု စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ထိုကာကွယ်ဆေးကို ဝမ်တိုင်းဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီအပါအဝင် ရှားမန်းတက္ကသိုလ်နှင့် ဟောင်ကောင် တက္ကသိုလ်တို့မှ သုတေသနပညာရှင်များက ပူးပေါင်း ထုတ်လုပ်ခြင်း ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးကို လူသားများတွင် ပထမအဆင့် လက်တွေ့စမ်းသပ်မှု လုပ်ဆောင်ရန်   တရုတ်အစိုးရက စက်တင်ဘာ ၉ ရက်တွင်အတည်ပြုသည်။

ဆေးထိုးရန် ဆန္ဒမရှိသော ကလေးငယ်များနှင့် အရွယ်ရောက်သူများအတွက် ရည်ရွယ်၍ နှာခေါင်းထဲ ဖျန်းရသော တုပ်ကွေးရောဂါကာကွယ်ဆေးကိုလည်း အစောပိုင်းတွင်ထုတ်လုပ် ထားပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် နှာခေါင်းထဲဖျန်းရသည့် ကာကွယ်ဆေးနည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးမပြုသေးသော်လည်း ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်များက  ကာကွယ်ဆေးအမျိုးမျိုးအတွက် ကြွက်သားများထဲ ထိုးသွင်းရသည့် ဆေးများအစား ဖျန်းရ သည့်ဆေးများကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည်။ ထိုကာကွယ်ဆေးသည် လူသားများ၌ အရေးပါသောစမ်းသပ်မှု လုပ်ဆောင်နေသည့် တရုတ်နိုင်ငံ၏ အလားအလာရှိသော ဒသမ မြောက် ကာကွယ်ဆေးဖြစ်ကြောင်းသိရသည်။

အဆိုပါနှာခေါင်းထဲ ဖျန်းရသည့် ကာကွယ်ဆေးတွင် မဖြစ်စလောက်သော တုပ်ကွေးဗိုင်းရပ် ပါဝင်ပြီး ထိုဗိုင်းရပ်က ကိုရိုနာဗိုင်းရပ်၏ စပိုက်ပရိုတိန်းမျိုးရိုး ဗီဇအပိုင်းအစကို သယ်ဆောင် သွားသည်။ ထို့နောက် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် သဘာဝအတိုင်း ဗိုင်းရပ်ကူးစက်မှု ပုံစံကို တုပကာ ခန္ဓာကိုယ်ထဲမှ ကိုယ်ခံအားစနစ်တုံ့ပြန်မှု ရှိစေရန် လှုံ့ဆော်ခြင်းဖြင့် ကိုရိုနာ ဗိုင်းရပ်ကို တိုက်ထုတ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု တရုတ်သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနထုတ် သတင်းစာတွင်ဖော်ပြထားသည်။

Ref: Bloomberg