အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်အပေါ် လေ့လာ တွေ့ရှိသမျှ
နိုင်ငံတကာတွင် ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၁ ခုနှစ်တို့သည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုဒဏ်ကို အလူးအလဲခံကြရသည့် အညံ့နှစ်များ ဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း ကိုရိုနာ ဗိုင်းရပ်ဒုတိယလှိုင်းနှင့် တတိယလှိုင်း ကူးစက်မှုဒဏ်ကို ခံစားခဲ့ရပေသည်။ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံပေါင်း (၂၂၃) နိုင်ငံ၏ လူဦးရေ (၂၃၈) သန်းကျော်တွင် ရောဂါကူးစက်ခံရသည့်အနက် (၄ ဒသမ ၈၆)သန်း သေဆုံးခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နိုင်ငံအများစု စီးပွားရေး ကျဆင်းခဲ့ပြီး ကဏ္ဍပေါင်းစုံ ထိခိုက်ခဲ့ကာ နိုင်ငံတကာကုန်သွယ်မှု လုပ်ငန်းများ ကျဆင်းခဲ့ခြင်းနှင့်အတူ မြန်မာ့ပို့ကုန်လုပ်ငန်းများမှာလည်း လိုက်ပါ၍ ကျဆင်းခဲ့ပေသည်။ နယ်စပ် ကုန်သွယ်ရေးတွင်လည်း အိမ်နီးချင်း ကုန်သွယ်ဖက်နိုင်ငံများ၌ ကပ်ရောဂါကို ခံစားရသဖြင့် သက်ဆိုင်ရာ အစိုးရများက ၎င်းတို့နိုင်ငံသားများ အကျိုးအတွက် နယ်စပ်ဂိတ်များအဖွင့်/အပိတ်ကို လိုသလိုပြုလုပ်နေခြင်းကြောင့် နယ်စပ်ကုန်သွယ်မှုပါ လျော့နည်းကျဆင်းခဲ့ပေသည်။ ကုန်သွယ်မှုလုပ်ငန်းများ ကျဆင်းခဲ့ခြင်းကြောင့် ပြည်ပပို့ကုန်ဝင်ငွေ (Export Earning) ရရှိမှုလည်း လျော့နည်းခဲ့ပေသည်။
ပြည်ပပို့ကုန်ဝင်ငွေ(Export Earning) ရရှိမှု လျော့နည်းနေသော်လည်း အများပြည်သူအတွက် မရှိမဖြစ် လိုအပ်သည့် စက်သုံးဆီ၊ စားအုန်းဆီ၊ ဓာတ်မြေသြဇာ၊ သာမန်ရောဂါကုဆေးနှင့် ဆေး ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများကိုလည်း ပြည်ပမှ တင်သွင်းနေရသေးရာ ပြည်ပပို့ကုန် ဝင်ငွေ (Export Earning) လိုအပ်ချက်ရှိခဲ့သဖြင့် နိုင်ငံတော်၏ အစီအမံဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဈေးကွက်အတွင်းသို့ Export Earning နှင့် အမေရိကန်ဒေါ်လာ(ငွေသား) ဖြည့်တင်း ရောင်းချပေးခဲ့သည့်အပြင် စည်းမျဉ်းစည်းကမ်း အချို့ကို ပြင်ဆင်ထုတ်ပြန် ပေးခဲ့ပါသည်။ Export Earning လိုအပ်ချက် လျော့ပါးစေရန် အများပြည်သူအတွက် အမှန်တကယ် မလိုအပ်သည့် ကုန်စည်များ တင်သွင်းမှုကိုလည်း ယာယီပိတ်ပင်ခဲ့ပါသည်။ ထိုသို့ ပို့ကုန်ဝင်ငွေ လိုအပ်နေစဉ် မသမာသူများ၏ ကောလာဟလ သတင်း အမျိုးမျိုး ထုတ်လွှင့်မှုနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဘဏ်များ၌ ငွေစုထားသူများမှာ စိုးရိမ်စိတ်ဖြင့် ငွေများကို ထုတ်ယူကာ ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ ငွေသားကို ဝယ်ယူစုဆောင်း လာကြသဖြင့် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ မြင့်တက်သွားပေသည်။
မိမိတို့နိုင်ငံမှာ ကုန်ထုတ်လုပ်သည့် နိုင်ငံမဟုတ်သေးသည့် ဖွံ့ဖြိုးဆဲနိုင်ငံ အဆင့်ပင်ရှိသေး၍ အခြေခံပြည်သူများ အတွက် လိုအပ်သည့် စားသုံးကုန်နှင့် လူသုံးကုန်များကို ကုန်ထုတ်လုပ်သည့် နိုင်ငံများမှ တင်သွင်းနေရပေသည်။ လိုအပ်သည့် ကုန်စည်များကို ပြည်ပပို့ကုန် ဝင်ငွေ (Export Earning)ဖြင့် ဝယ်ယူ တင်သွင်းရသည်ဖြစ်ရာ အမေရိကန်ဒေါ်လာငွေ လဲနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် Export Earning ငွေလဲနှုန်းမြင့်တက်ကာ သွင်းကုန်ပစ္စည်းများ၏ ဈေးနှုန်းများလည်း လိုက်ပါ မြင့်တက်ခဲ့ရပေသည်။ လက်လုပ်လက်စား အခြေခံလူတန်းစား ပြည်သူများအတွက် မလိုအပ်ဘဲ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံခဲ့ရပေသည်။ အမေရိကန်ဒေါ်လာ (ငွေသား)ကို ဝယ်ယူစုဆောင်းသူများမှာလည်း ၎င်းတို့ကိုယ်တိုင်ပင် အခြေခံပြည်သူများအတိုင်း ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ထပ်တူခံစားရမည်မှာ မလွဲဧကန်ဖြစ်သည်။
နိုင်ငံခြားငွေ ကိုင်ဆောင်ရောင်းဝယ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ၁၉၄၇ ခုနှစ်က နိုင်ငံခြား ငွေလဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပေသည်။ ယင်းအက်ဥပဒေအရ နိုင်ငံခြားငွေကို ခွင့်ပြုချက်မရှိဘဲ ဝယ်ယူခြင်း၊ ရောင်းဝယ်ခြင်း၊ ချေးယူခြင်း၊ ချေးငှားခြင်း၊ လဲလှယ်ခြင်းတို့နှင့် ပတ်သက်၍ တားမြစ်ချက်နှင့် စည်းမျဉ်းများ သတ်မှတ်ထားပြီး ဥပဒေပါ တားမြစ်ချက်များနှင့် စည်းမျဉ်းများကို ဖောက်ဖျက်သဖြင့် ယခင်က သက်ဆိုင်ရာမှ အရေးယူခဲ့ရမှုများလည်း ရှိခဲ့ပေသည်။ ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေကို ဖျက်သိမ်းပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့ပါသည်။ အသစ်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၄ တွင် နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၄ဝ (သို့မဟုတ်) ၄၁ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူမည့်ပြစ်ဒဏ်ကို ဖော်ပြထားပါသည်။ ပုဒ်မ ၄၁ မှာမူ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသူမည်သူမဆို ယင်းဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်များကို ဖောက်ဖျက်ခြင်း မပြုရဟု ဖော်ပြထားပါသည်။ ပုဒ်မ ၄၁ ပါ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူကိုသာ တားမြစ်ချက် ဖောက်ဖျက်ပါက အရေးယူမည့် သဘော သက်ရောက်နေခဲ့ပါသည်။
၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပြီး အဆိုပါစည်းမျဉ်းအပိုဒ် ၁၅ အရ ပြည်သူတစ်ဦးချင်းသည် တရားဝင် နည်းလမ်းဖြင့် ရရှိသည့် အမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝ အထိ (သို့မဟုတ်) ယင်းနှင့်ညီမျှသည့် ငွေထက်မပိုသော နိုင်ငံခြားငွေများကို (၆)လအတွင်း ကိုင်ဆောင်ခွင့်ရှိပြီး (၆)လ ကျော်သည်အထိ အသုံးမပြုဘဲ ရှိနေသည့် နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူထံ ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းရမည်ဖြစ်သည်၊ ဆိုလိုချက်မှာ တရားဝင်ရရှိသော အမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝ အထိနှင့် အမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝ နှင့်ညီမျှသည့် နိုင်ငံခြားငွေကိုသာ (၆)လအတွင်း ကိုင်ဆောင်ခွင့်် ရှိခြင်းဖြစ်ပါသည်။ တရားမဝင်ရရှိသည့် အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေကို ကိုင်ဆောင်ခွင့်ပြုခြင်း မဟုတ်ပေ၊ သို့ရာတွင် အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေများကို သတ်မှတ်စည်းမျဉ်းနှင့်အညီ ကိုင်ဆောင် အရောင်းအဝယ် ပြုလုပ်သူများရှိသကဲ့သို့ သတ်မှတ်စည်းမျဉ်းများကို ကျော်လွန်၍ တရားမဝင် ကိုင်ဆောင် အရောင်းအဝယ် ပြုလုပ်မှုများ၊ ဝယ်ယူစုဆောင်း ဈေးကစားမှုများလည်း ရှိလာခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့တွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ပြင်ဆင်သည့်ဥပဒေ၏ အနှစ်ချုပ်မှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၁ ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ''နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူ မည်သူမဆို''ဟူသည့် စကားရပ်အစား ''မည်သူမဆို'' ဆိုသည့် စကားရပ်ကို အစားထိုးခဲ့သဖြင့် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သူ မည်သူမဆို ဥပဒေအရ အရေးယူခံရမည့် သဘောဖြစ်ပေသည်။ အခြေခံလူတန်းစား ပြည်သူများ ထိခိုက်နစ်နာမှုကို မျက်ကွယ်ပြု၍ မိမိကိုယ်ကျိုး စီးပွားအတွက် အမေရိကန်ဒေါ်လာ (ငွေသား)ကို ဝယ်ယူစုဆောင်းသူများ၊ ရောင်းဝယ်ဈေးကစားသူများ အနေဖြင့် သတိထား၍ လုပ်ကိုင်ရတော့မည် ဖြစ်ပေသည်။ အကယ်၍ တားမြစ်ချက် ဖောက်ဖျက်ပါက မိမိတို့၏ ပိုင်ဆိုင်မှုအကျိုးစီးပွားများ ဆုံးရှုံးနိုင်သည့်အပြင် အရေးယူခြင်းကိုပါ ခံရနိုင်ကြောင်း လေ့လာတွေ့ရှိသမျှ ကို ပြန်လည်မျှဝေလိုက်ရပေသည်။ ။
သုန္ဒရ