နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုနှင့်အတူ ရှစ်လတာခရီးဖြတ်သန်းခဲ့ပြီ
ယမန်နေ့မှအဆက်
ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်း စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံ ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ (15th AMMTC) အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ AMMTC ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
(၁၁)ကြိမ်မြောက် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကို စက်တင်ဘာ ၈ ရက်က ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံနှင့် ဆက်စပ်ကျင်းပသည့် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ် CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအားတိုက်တွန်းခဲ့ပြီး၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများတွင် ယင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၏ ကိုယ်စားပြုလုပ်ဆောင် ချက်များသည် တရားဝင်မှုမရှိကြောင်းနှင့် လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် စက်တင်ဘာ ၈ ရက်က (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသ ကောင်စီအစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီ အစည်းအဝေးနှင့် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွား ရေးအကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲများ၊ စက်တင်ဘာ ၁၀ ရက်တွင် (၁၃)ကြိမ် မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ စက်တင်ဘာ ၁၃ ရက်က အာဆီယံစီးပွားရေးဝန်ကြီးများနှင့် တရုတ်၊ ကိုရီးယား၊ ဆွစ်ဇာလန်အပေါင်းသုံး စီးပွားရေးဝန်ကြီး များအစည်းအဝေးနှင့် မဲခေါင်-ဂျပန်စီးပွား ရေးဝန်ကြီးများ အစည်းအဝေး၊ စက်တင်ဘာ ၁၄ ရက်က အာဆီယံစီးပွားရေးဝန်ကြီး များနှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စား လှယ်တို့အစည်းအဝေး၊(၅)ကြိမ်မြောက် အာဆီယံ - ဟောင်ကောင်(တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၈)ကြိမ် မြောက် အာဆီယံ-အိန္ဒိယစီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ (၁၇)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာတို့ အစည်း အဝေး၊ (၁၀)ကြိမ်မြောက် အာဆီယံ-ရုရှားစီးပွားရေးဝန်ကြီးများအစည်းအဝေး၊ စက်တင်ဘာ ၁၅ ရက်က အာဆီယံ- သြစတြေးလျ၊ နယူးဇီလန်စီးပွားရေး ဝန်ကြီးများ ဆွေးနွေးပွဲ၊ (၂၇)ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ ပထမ အကြိမ် အာဆီယံ-ဗြိတိန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ (၉) ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီး များအစည်းအဝေးတို့ကို တက်ရောက်ခဲ့ပြီး ဒေသတွင်း နိုင်ငံများနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်နိုင်ခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၆) ကြိမ်မြောက်အရှေ့ဖျားစီးပွားရေး ဖိုရမ်ကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စိုက်ပျိုးရေးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု အပါအဝင် စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍ၊ စက်မှုကုန်ထုတ် လုပ်ငန်းကဏ္ဍ စသည့် ပူးပေါင်းဆောင်ရွက် သင့်သည့်ကိစ္စရပ်များအား သက်ဆိုင်ရာနိုင်ငံ၏ တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် စက်တင်ဘာ ၂၀ ရက်က ကျင်းပသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များပြည့်မီစေရန် အရှိန်မြှင့်တင်ဆောင်ရွက်ရေး အာဆီယံဝန်ကြီးများဆွေးနွေးပွဲသို့ တက်ရောက်၍ မိမိတို့နိုင်ငံအနေဖြင့် SDGs ရရှိ အောင် အထူးအလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်များကို ရေးဆွဲပြီးအကောင်အထည်ဖော် လျက်ရှိ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏(၅၄)ကြိမ်မြောက် အရှေ့အာရှနှင့်ပစိဖိတ် ကော်မရှင် အစည်းအဝေး၊ (၃၃)ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင် အာရှ ဒေသများအတွက် ပူးတွဲကော်မရှင် အစည်းအဝေးများကို စက်တင်ဘာ ၁၄ ရက်က အွန်လိုင်းမှကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက် ဆွေးနွေးခဲ့ပြီး (၄၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအစည်း အဝေးနှင့် မဲခေါင်ခရီးသွား လုပ်ငန်း ညှိနှိုင်း ရေးမှူးရုံး ဘုတ်အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ်တိုးတက်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့် အလမ်းများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌသည် စက်တင်ဘာ ၈ ရက်တွင် ကျင်းပသည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့၏ မြန်မာနိုင်ငံ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့်စပ်လျဉ်းသည့် မြန်မာနိုင်ငံဆောင်ရွက်ချက်များ ဆွေးနွေးခြင်းအစည်းအဝေးနှင့် စက်တင်ဘာ ၁၆ ရက်က (၂၃) ကြိမ်မြောက် အာဆီယံ ငွေပေးချေမှုစနစ်ဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးတို့ကို တက်ရောက်ဆွေးနွေး ခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် စက်တင်ဘာ ၃၀ ရက်က ကျင်းပ သည့် (၁၁) ကြိမ်မြောက် အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဥပဒေ ဖိုရမ်သို့ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့သည်။
အလားတူ စက်တင်ဘာ ၁၅ ရက်က (၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင် ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ စက်တင်ဘာ ၁၆ ရက်က (၁၈) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၊ အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး၊ စက်တင်ဘာ ၂၇ ရက်က တရုတ် - အာဆီယံ အသက်မွေး ဝမ်းကျောင်း ပညာရေးပြပွဲနှင့် ဖိုရမ်၊ စက်တင်ဘာ ၂၉ ရက်က အာဆီယံလူမှု ရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဝန်ကြီးများအစည်းအဝေးများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ ကြသည်။
တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များကို ထိတွေ့ ဆောင်ရွက်ခြင်းနှင့် အားပေးအား မြှောက်ပြုခြင်းမှရှောင်ကြဉ်ရန် နိုင်ငံတကာ အသိုက် အဝန်းကို တောင်းဆိုသည့်သတင်း ထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီး ဌာနက စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့အတူ စက်တင်ဘာ ၂၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့် အရေး ကောင်စီ၏ (၄၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း မြန်မာနိုင်ငံ အပေါ်ဆန့်ကျင်သည့် ဆွေးနွေးမှုသုံးခုကို မြန်မာနိုင်ငံ မပါဝင်ဘဲကျင်းပခဲ့ခြင်း၊ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ချမှတ်ထားသည့် ဆုံးဖြတ်ချက်များနှင့် မမျှတသောလုပ်ပိုင်ခွင့်များ၊ ယင်းယန္တရားများသည် နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှုများနှင့် အထင်အမြင်လွဲမှား မှုများကိုသာ ဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံကရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အထောက်အကူ မပြုကြောင်းနှင့် အဟန့်အတားပင်ဖြစ်စေကြောင်း၊ ယင်းသို့ နိုင်ငံတစ်နိုင်ငံတည်း အပေါ်ပစ်မှတ်ထားသော ယန္တရားများ၏ အစီရင်ခံစာများနှင့် ပြောကြားချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ် ပါသည်။
ပြည်သူ့အတွက်မြန်မာ့တပ်မတော် International Army Games-2021 ပြိုင်ပွဲကြီးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သြဂုတ် ၂၂ ရက်က ကျင်းပရာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းကာ မြန်မာ့တပ်မတော်မှ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေး တပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ စွမ်းရည်ပြိုင်ပွဲတို့အပြင် ဆက်စပ် ပြိုင်ပွဲဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုအသီးသီးဆွတ်ခူးနိုင်ခဲ့သည်။
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့သည် တင့်ကားမောင်းခြင်းနှင့် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုပွဲစဉ်များကို အဆင့်ဆင့် ကျော်ဖြတ်ကာ စက်တင်ဘာ ၃ ရက်က ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်ရှစ်သင်း အနက် တတိယဆုရရှိခဲ့သည်။ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Creative Competition ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များပါ ဝင်ယှဉ် ပြိုင်ရာ ရိုးရာဝတ်စုံ ဖြင့်ဖျော်ဖြေတင်ဆက်မှုတွင် ပထမဆု၊ ရုရှားသီချင်းဖြင့် တစ်ဦးချင်းသီဆိုဖျော်ဖြေ တင်ဆက်ရာတွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာယဉ်ကျေးမှု ကိုပေါ်လွင်ထင်ဟပ်အောင် ဖျော်ဖြေတင်ဆက်မှုတွင် ဒုတိယဆုတို့ကို ရရှိခဲ့ပြီး အွန်လိုင်းမှတစ်ဆင့်ပရိသတ်များ မဲပေးရွေးချယ်ဆုတွင်လည်း တတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။ မြန်မာ့တပ်မတော် ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များသည် မြန်မာ့ရိုးရာ တူရိယာများဖြင့် သီချင်းသီဆိုခြင်း၊ ကပြတင်ဆက်ခြင်းတို့ဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် မြန်မာ့အလှ၊ မြန်မာ့ဂီတတို့ကို ကမ္ဘာကသိအောင် စွမ်းဆောင် လိုက်ခြင်းပင်ဖြစ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၇ ရက်ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။ ယင်းတွင် မကြာမီကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို ထိထိရောက်ရောက်ဆောင်ရွက် နိုင်ရေးအတွက်လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင် နိုင်ရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေး နှင့်အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက် ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ငါးလကြာ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ဖော်ပြထားသည်။
နိုင်ငံရေးပါတီများအားဥပဒေနှင့်အညီ စစ်ဆေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်း များစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်း များကို စနစ် တကျဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေး ခြင်းတို့ကို သြဂုတ်လ ၂၃ ရက်မှ စက်တင် ဘာလ ၂၄ ရက်အထိ စစ်ဆေးဆောင် ရွက်ပေးလျက်ရှိသည်။
လူမှုဘဝများမြှင့်တင်ပေး ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့် ဆေးပစ္စည်းများ၊ သားငါးများကို ဈေးနှုန်း ချိုသာစွာ လက်လီလက်ကားရွေ့လျားဈေး ကားများဖြင့် ရောင်းချပေးလျက်ရှိရာ ပြည်သူများ လွယ်လင့်တကူဝယ်ယူခွင့်ရရှိခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးအစီအစဉ်အရ ဆန်အမျိုးအစားစုံကို စက်တင်ဘာ လ ၁၄ ရက်မှစတင်၍ ရောင်းချ ပေးခဲ့ပြီး လူတစ်ဦးလျှင် ဆန် ငါးအိတ်အထိ ဝယ်ယူ နိုင်ခဲ့သည်။ ထို့အတူ စားအုန်းဆီ လက်ကားဈေးတစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ ဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို စက်တင်ဘာ ၂၀ ရက်တွင် စတင်ခဲ့ပြီး လက်လီ အရောင်းဆိုင်များကို ၂ ရာခိုင်နှုန်း ထက်မပိုဘဲရောင်းချပေးနိုင်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်အထိ စားအုန်းဆီတန်ချိန် ၅၈၂၉ တန်ခန့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁ ရက်က အလုပ်သမားများ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်နှင့် အလုပ်အကိုင်ကျွမ်းကျင်မှု စံသတ်မှတ်မှု ညှိနှိုင်းဆွေးနွေးမှုများကို စက်မှုဝန်ကြီး ဌာနတွင် ပြုလုပ်ခဲ့ပြီး ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးရေးဆိုင်ရာ အစီအမံများ ချမှတ်ရေးဆွဲနိုင်ခဲ့သည်။ လူမှုဖူလုံရေးအဖွဲ့ နှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းကို လှိုင်သာယာမြို့နယ်၌ စက်တင်ဘာ ၁၀ ရက် တွင်ဖွင့်လှစ်ခဲ့သည်။ ထို့အတူ အလုပ်သမား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းလျက် အလုပ်ဌာန ၂၇၃၇ ခုမှ အာမခံအလုပ်သမား ၂၃၁၂၉၈ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်အလုပ်သမား များကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း စက်တင်ဘာ ၁၀ ရက်ကသိရှိရသည်။
အခြေခံပညာနှင့် အဆင့်မြင့်ပညာ တက္ကသိုလ်များ၊ ကောလိပ်များနှင့် သင်တန်း ကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီး ဌာနမှ ကြိုးပမ်းလျက်ရှိသည်ကိုလည်း စက်တင်ဘာ ၆ ရက်က မြင်တွေ့ရသည်။
ထို့အတူ အခြေခံပညာစာသင်ကျောင်းများ ရှိ လက်တွေ့ခန်းများတွင် စနစ်တကျ သင်ယူမှုပြုနိုင်ရေး၊ စာကြည့်တိုက်နှင့် ကျောင်းသုံးပရိဘောဂများ ဖြည့်ဆည်း ပေးရေး၊ ကျောင်းအားကစားရုံအပါအဝင် ကျန်းမာကြံ့ခိုင်ရေးအတွက် စီစဉ်ထားရှိ ရန်များ ကိုလည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြား ပေးသည်ကိုလည်း မြင်တွေ့ရသည်။ မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများ အရေးဖြေရှင်းပေးရန်အတွက် နိုင်ငံတော် အကြီး အကဲ၏ လမ်းညွှန်ချက်အရ မလေးရှားနိုင်ငံတွင် ငွေကြေးလိမ်လည်ခံရပြီး နေရပ် ပြန်ရန်အခက်တွေ့နေသူ မြန်မာ နိုင်ငံသား ၁၇ ဦးအား နိုင်ငံတော်မှကုန်ကျ စရိတ် ကျခံ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့ သဖြင့် စက်တင်ဘာ ၆ ရက်နှင့် ၂၀ ရက် တို့တွင် ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ကနဦးနှင့် နှစ်လဲသက်တမ်းတိုးမှတ်ပုံတင် လုပ်ငန်းများကို စက်တင်ဘာ ၁၃ ရက်တွင် စတင်ဆောင်ရွက်ပေးခဲ့သည့်အပြင် ယာဉ် ထုတ်ရက်လွန် ဒဏ်ကြေးဝန်ဆောင်မှု ရပ်ဆိုင်း ထားသည့်ကာလများကို လျှော့ပေါ့ပေးခြင်း၊ ယာဉ်စစ်ဆေးကင်းလွတ်ဖြင့် သက်တမ်း တိုးပေးခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်သည်။ ထို့အတူ မြန်မာ့ မီးရထားမှ ပြည်သူများသွားလာမှုလွယ်ကူ စေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေ ရေးအတွက် စက်တင်ဘာ ၂၃ ရက်မှစတင်၍ ရန်ကုန်-နေပြည်တော် လူစီး အမြန်ရထား၊ ရန်ကုန်-ပဲခူး RBE ရထား နှစ်စင်း၊ အင်းစိန်-ဥက္ကံလမ်းပိုင်း RBE ရထားနှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း လူစီးကုန်တင်ရထားသုံးစင်းတို့ကို မူလနှင့်ပေါင်းစပ်တိုးချဲ့ ပြေးဆွဲပေးခဲ့သည်။
နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၏ ဘဝ နောင်ရေးအာမခံချက်ရရှိစေရေး အတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ရရှိထားသည့်ဆုတံဆိပ်ပေါ်အခြေခံ၍ ပင်စင်အဖြစ်ပေး အပ်နိုင်ရေး၊ လူဦးရေ စာရင်းပြုစုနိုင်ရေး၊ မသန်စွမ်းအားကစား သမားများကို ဖြည့်စွက် ထောက်ပံ့နိုင်ရေး စသည်တို့ကို စက်တင်ဘာ ၁ ရက်က ဆွေးနွေးခဲ့ကြသည်။
အကြမ်းဖက်လုပ်ရပ်များတွင်ပါဝင်ခြင်းမရှိသော ဆူပူဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၅၃၁၅ ဦးအား လွှတ်ပေးခဲ့ပြီး သတင်းပို့ဆက်သွယ်လာသူ ၇၀၂ တို့၏ အမှုများကို ပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ကြောင်း သိရှိရပါသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများက ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အတူ ရေဝင်ရောက် သည့်နေရာများတွင် အမှိုက်ပိတ်ဆို့ခြင်း၊ မြေကမ်းပါးပြိုကျခြင်းများ ကြုံရသည့် ဒေသခံ များကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းခြင်း၊ ပြန်လည်တည်ဆောက် ရှင်းလင်းခြင်း များကို အချိန်မဆိုင်း ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အတူ မသန်စွမ်းသူများ၊ ထိခိုက် လွယ်အုပ်စုဝင်များနှင့်သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်များ ဆက်လက် ထောက်ပံ့ပေးနေ သည်ကိုလည်း မြင်တွေ့ရသည်။
ဆက်လက်ဖော်ပြပါမည်။