ရက်သတ္တနှစ်ပတ်ကြာ အနားယူနေရသည့် ချယ်လ်ဆီးအသင်းမှ ကန်တီနှင့် ရီစီဂျိမ်းစ်တို့ ဘရန့်ဖို့ဒ် အသင်းနှင့်ပွဲစဉ်၌ ပြန်လည် ပါဝင်မည်
ရက်သတ္တနှစ်ပတ်ကြာ အနားယူနေရသည့် ချယ်လ်ဆီးအသင်းမှ ကန်တီနှင့် ရီစီဂျီမ်းစ်တို့အနေဖြင့် ဒဏ်ရာပြန်လည် သက်သာလာပြီးနောက် ဘရန့်ဖို့ဒ် အသင်းနှင့် ကစားမည့်ပွဲစဉ်၌ ပြန်လည်ပါဝင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်း အဓိက ကွင်းလယ်ကစားသမား ကန်တီသည် ကိုဗစ်-၁၉ ရောဂါကူးစက် ခံခဲ့ရသည့် အတွက် စက်တင်ဘာ ၂၈ ရက်က သီးသန့်နေထိုင်ကာ ဆေးဝါးကုသမှု ခံယူခဲ့ရပြီး ရီစီဂျိမ်းစ်သည်လည်း စက်တင်ဘာ ၂၅ ရက်က မန်စီးတီးအသင်းနှင့် ကစားခဲ့သောပွဲစဉ်၌ ခြေသလုံး ဒဏ်ရာရရှိပြီး အနား ယူခဲ့ရသည်။
ကန်တီနှင့် ရီစီဂျိမ်းတို့နှစ်ဦးသည် ယခုလဆန်းပိုင်း နိုင်ငံတကာ ပွဲစဉ်ကာလအတွင်း သက်ဆိုင်ရာလက်ရွေးစင် အသင်းများတွင် ပါဝင်ခြင်းမရှိဘဲ ရက်သတ္တနှစ် ပတ်ကြာ အနားယူခဲ့ပြီးနောက် လက်ရှိတွင် ပြန်လည် ကြံ့ခိုင်လာပြီဖြစ်သည့် အတွက် အသင်းလိုက်စခန်းသွင်း လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ကာ လာမည့် ဘရန့်ဖို့စ်အသင်းနှင့် ပွဲစဉ်မှစ၍ ပြန်လည်ပါဝင်နိုင် မည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၈) အဖြစ် အောက်တိုဘာ ၁၆ ရက်တွင် ဘရန့်ဖို့ဒ်အသင်း အိမ်ကွင်း၌ သွားရောက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။