ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက် ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ် အား တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ - ၁၃
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူဝယ်ယူနိုင်ရေးနှင့် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိ စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာ နိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၆ ခုမှ အိမ်သုံးဆေးဝါး ၈၉ မျိုးကို ရောင်းချ ပေးခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့ နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ယနေ့တွင် ၄၃ ရက်မြောက်နေ့အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။