မိမိတို့အစိုးရသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် တွေ့ဆုံဆွေးနွေးရေး အတွက် အမြဲတံခါး ဖွင့်လှစ်ထားရှိကြောင်း အတိအလင်း ကြေညာထားပြီးဖြစ်

မိမိတို့အစိုးရသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် တွေ့ဆုံဆွေးနွေးရေး အတွက် အမြဲတံခါး ဖွင့်လှစ်ထားရှိကြောင်း အတိအလင်း ကြေညာထားပြီးဖြစ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာ

(၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)

(၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ဝ ရက်)

    ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-

၂ဝ၂၁ ခုနှစ်၊  အောက်တိုဘာလ ၁၅ ရက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခဲ့သည့် (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ပင်ဖြစ်ပါသည်။

ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့်   တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး အေးချမ်းသာယာသော  လူမှုဘဝများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် နိုင်ငံတော်အကျိုး၊ ပြည်ထောင်စုအကျိုး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ဆတက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သနှုတ်ခွန်း ဆက်သအပ်ပါသည်။

''မပြောဘဲနေတာကြာလာတဲ့အခါ မစဉ်းစားဖြစ်ဖို့လည်း ပိုပြီးလွယ်လာတယ်'' ဆိုတဲ့စကားရပ်အတိုင်း အမိနိုင်ငံအတွက် အဓိကလိုအပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ရပ်တန့်နေ၍မဖြစ်နိုင်ပါ။ ပြောနေ၊ ဆိုနေ၊ ညှိနှိုင်းနေမှ မည်ကဲ့သို့ တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် စဉ်းစားချက်၊ တွေးခေါ်ချက်များ သက်ဆိုင်ရာ အဖွဲ့အစည်းများ၌ အစဉ်အမြဲ ကိန်းအောင်းနေမည်ဖြစ်ပါသည်။

၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မိမိတို့နိုင်ငံ၏ (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပါသည်။ ထို့အတူ ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက်နေ့သည် မိမိတို့နိုင်ငံ၏ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည်။ တိုင်းပြည်တစ်ပြည်အတွက်  အရေးကြီးသည့် သမိုင်းဖြစ်စဉ်ဖြစ်ရပ်၊ နေ့ရက်ကြီး ၂ ခုမှာ စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ သက်တမ်းစံနှုန်းဖြင့် တွက်ချက်ပါက လူတစ်ယောက်၏ သက်တမ်းတစ်ခုစာ ရှိပြီဖြစ်သည်။ ''အတိတ်ကိုမသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန်နိုင်သည်။ ထို့အတူ အတိတ်ကို အစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်း ပျောက်နိုင်သည်'' ဆိုသည့်စကားရပ်အား သတိချပ်စေလိုသည်။ နိုင်ငံတော် အစိုးရသည် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတု လွတ်လပ်ရေးနေ့ မတိုင်မီ၌ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်ထောင်စုစိတ်ဓာတ်ပိုမို ရှင်သန်ထက်မြက်ရေး အတွက် လုပ်ဆောင်မည့် လုပ်ငန်းရပ်များ ချမှတ်ခြင်း၊ တိုင်းရင်းသားများ ပါဝင်သည့် ဖော်ဆောင်ရေး အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်တွေ့လုပ်ငန်းရပ်များ ဆောင်ရွက်ခြင်းဆိုသည့် အဆင့် ၃ ဆင့်အား နိုင်ငံတော်အစိုးရသည် အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းကိစ္စများတွင် တိုင်းရင်းသား ပြည်သူလူထုနှင့် ပါဝင်ပတ်သက်ရမည့် အစုအဖွဲ့များ အားလုံးထံမှ အကြံပြုချက်များ ရယူခြင်း၊ အသိပေးခြင်းနှင့် ပညာပေးခြင်းများအား ဆောင်ရွက်မည်ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် တပ်မတော်သည် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်တန့်ပေးထားမည့် ထုတ်ပြန်ချက်များအား ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ ၃ဝ-၉-၂ဝ၂၁ ရက်နေ့အထိ ၂ဝ ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုသည့် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ငန်းများအား ပိုမိုတိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် အောက်တိုဘာလ  ၁ ရက်နေ့မှ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်ရပ်စဲကြောင်း ကြေညာထားပြီးဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရာတွင်-

(၁)     သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်ရေးဆောင်ရွက်ခြင်း။

(၂)   အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်၊ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မြှင့်တင်ရေး အဖွဲ့များနှင့် ဆွေးနွေးခြင်း။

(၃)  NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို NCA လက်မှတ်ရေးထိုး နိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက်သဘောတူညီချက်များရရှိရေး စတဲ့ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိပါသည်။

အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် လက်ရှိအစိုးရအား ရွေးကောက်ခံ အစိုးရမဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန် မလိုဟူသည့် အယူအဆများ၊ ငြိမ်းချမ်းရေးအား အပြည့်အဝ ဖော်ဆောင်ပေးနိုင်မည် မဟုတ်ဆိုသည့် အယူအဆများအပေါ်၌ စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ရန်လိုပါသည်။   ၁၉၈၈ ခုနှစ် နောက်မှစ၍ တပ်မတော်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ အောင်မြင်မှု၊ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းမှု၊ တိုင်းရင်းသားနယ်မြေများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုများသည် ပြယုဂ်ပင်ဖြစ်ပါသည်။ အဆိုပါအဖွဲ့များအနက် အများစုမှာ NCA လက်မှတ်ရေးထိုး နိုင်ခဲ့သည်မှာ လက်တွေ့ပင်ဖြစ်သည်။ အစိုးရများ မည်မျှပင်ပြောင်းပြောင်း မိမိတို့နိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံပင်ဖြစ်သည်။ အစိုးရနှင့် နိုင်ငံတော်ကို ယုတ္တိကျကျခွဲခြားမြင်နိုင်ဖို့လိုပါသည်။ အစိုးရဆိုသည်ထက် မိမိတို့အားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံ အပေါ်သစ္စာရှိရန်၊  နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် ရိုးသားစစ်မှန်သည့် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ရန်သည် အဓိကဖြစ်သည်။ အားလုံးက We are Myanmar ဆိုသည့် စိတ်ဓာတ်အပေါ် အရင်းခံစေလိုပါသည်။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် NCA စာချုပ်ပိုမိုခိုင်မာစေရေး၊ NCA စာချုပ်၌ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် လက်ရှိအခြေအနေထက် ပိုမိုသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်ရေး၊ ထို့နောက် NCA စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးအတွက် ထပ်မံ၍လေးနက်စွာ ဖိတ်ခေါ်ပါသည်။ အားလုံးက စိန်ရတုပြည်ထောင်စုနေ့ သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်ပေးကြစေလိုပါသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ''နိုင်ငံတော် တည်ဆောက်ရာမှာ အချက် ၂ ချက်ကို အဓိကထား၍ အလေးထား ဆောင်ရွက်လျက်ရှိပြီး ပထမ အချက်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို နိုင်ငံရေး ရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယအချက် အနေနဲ့ တိုင်းပြည်သာယာ ဝပြောရေးနဲ့ စားရေရိက္ခာ ပေါများရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း'' ပြောကြားခဲ့ပြီးဖြစ်သည်။ ၎င်းသည် မိမိတို့အစိုးရမှ ဆက်လက်ဆောင်ရွက်သွားမည့် ဦးစားပေး နိုင်ငံရေး မူဝါဒပင်ဖြစ်ပါသည်။ ယင်းအချက် ၂ ချက်သည် အပြန်အလှန် ဆက်စပ်လျက်ရှိသည်။ တိုင်းပြည်သာယာ ဝပြောရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။

မိမိတို့ပြည်ထောင်စု သမ္မတနိုင်ငံတော်သည် ၂ဝ၁၁ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီးနောက် ပထမအစိုးရ ကာလ၌ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာအောင် တည်ဆောက်ရေးအတွက် အရေးပါသည့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်နိုင်ရေးအတွက် ၂ဝ၁၁ ခုနှစ်၊  သြဂုတ်လ ၁၈ ရက်တွင်   တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများပြုလုပ်ခဲ့သည်။ လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ရှိပြီးဖြစ်သည်။  အဆိုပါ အဖွဲ့များနှင့်ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှု၊ စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်များအား ထပ်လောင်း အသိအမှတ်ပြုအပ်ပါသည်။

ယနေ့ကာလသည် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီ၏ မဲမသမာမှုများအပေါ် တပ်မတော်နှင့် နိုင်ငံရေးပါတီများမှ ညှိနှိုင်းဆွေးနွေး အဖြေရှာရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့သဖြင့် တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)အရ နိုင်ငံတော်တာဝန်အား ထိန်းသိမ်းကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်နေသည့် ကာလဖြစ်ပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အား တာဝန်ယူပြီးသည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ချမှတ်ဆောင်ရွက်လျက်ရှိရာ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါသဘောတူညီချက်များအတိုင်း အလေးထား လုပ်ဆောင်လျက်ရှိသည်။ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁ ရက်နေ့တွင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင် ဖွဲ့စည်းပေးပြီး ဖေဖော်ဝါရီလ  ၁၇  ရက်နေ့တွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေး ကော်မတီတို့ကို ဖွဲ့စည်းခဲ့သည်။ လက်ရှိကာလတွင် ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများတို့ကို စုစုပေါင်း ၂၁ ကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ  ရပ်တန့်မှု မရှိအောင် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား တိုးမြှင့် ဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအား မလိုလားသည့်၊ နိုင်ငံအား ဖျက်လိုဖျက်ဆီး လုပ်လိုသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ မီဒီယာများနှင့် အာဏာကို အကြမ်းဖက်နည်းဖြင့် ရယူလိုသည့် NLD ပါတီအစွန်းရောက်များ၊ NUG ၊  CRPH နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်၏ ဒေသအချို့တွင် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအား ထိခိုက်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အတိုင်းအတာတစ်ခု အထိ အဟန့်အတား ဖြစ်ပေါ်စေလျက်ရှိသည်။  နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မထိခိုက်စေရန်   သဘောထားကြီးစွာဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ငြိမ်းချမ်းရေး လမ်းကြောင်းမှ သွေဖည်မသွားစေရန် အထူးသတိပြုကြစေလိုပါသည်။

မိမိတို့အစိုးရသည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံရေး လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ယင်းအတွက် မိမိတို့အစိုးရမှ ခိုင်ခိုင်မာမာ အာမခံပြီးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် NCA ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် ယုံယုံကြည်ကြည်နှင့် ခိုင်မာစွာ ဆက်လက်လျှောက်လှမ်းခြင်းဖြင့် နိုင်ငံတော်အစိုးရမှ လက်ရှိဦးတည်သွားနေသည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများအား သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ပြီး ပြည်သူမ ှရွေးချယ်ပေးသည့် ဒီမိုကရေစီအစိုးရသစ် တစ်ရပ် ပေါ်ပေါက်လာရေးအား အားပေးကူညီရာ ရောက်မည်ဖြစ်သည်။

လက်ရှိအခြေအနေသည် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကပ်ရောဂါအား ၂ဝ၁၉ ခုနှစ် နှောင်းပိုင်းမှစတင်၍ ယခုအထိ ခံစားနေရသည့် ကာလဖြစ်သည်။  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ''ပြည်သူလူထု၏ အသက်ထက် အရေးကြီးတာ ဘာမျှမရှိ'' ဟူသောမူဝါဒနှင့် ''ပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားများသာမက လူမျိုးဘာသာမရွေး လူသားအားလုံးကို ကျန်းမာရေး စောင့်ရှောက်မှု တန်းတူညီတူ အခွင့်အရေး ရရှိစေရမည်''ဟူသည့် မူဝါဒများချမှတ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ရှိသမျှ ခွန်အား၊ စွမ်းအားများဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသာမက NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တည်ရှိရာ ဒေသများရှိ ပြည်သူများ၊ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများ အတွက်ပါမကျန် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် ရောဂါဖြစ်ပွားမှု ရာခိုင်နှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသိသာသာ ကျဆင်းလာလျက်ရှိပါသည်။    မြန်မာနိုင်ငံ တစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါသည်။

မိမိတို့အစိုးရသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါ အတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် အမြဲတံခါး ဖွင့်လှစ်ထားရှိကြောင်း အတိအလင်း ကြေညာထားပြီး ဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ တာဝန်အား ရယူထားချိန်ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအား အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသည့် အဆင့်မှအပ ကျန်သည့် အစိတ်အပိုင်းများ ဆောင်ရွက်နိုင်ပါသည်။ လက်ရှိ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ရွေးကောက်ခံအစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ မရှိသည့်အတွက်ကြောင့် ဆောင်ရွက်၍ မရနိုင်ဟု ထင်မြင်ယူဆဖွယ်ဖြစ်သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပ ပြီးစီးချိန်တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကသာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ ဖြစ်လာမှာဖြစ်သည့်အတွက် ယခုကာလ၌ မိမိတို့အနေဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား သက်ဆိုင်သူများနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းအားဖြင့် ပိုမိုခရီးရောက်စေမည်ဖြစ်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာတွင် သက်ဆိုင်သူ အားလုံးနှင့်ပြည်သူလူထု တစ်ရပ်လုံး၏ နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုက အခြေခံအကျဆုံးဖြစ်ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံရေး ရင့်ကျက်ရန် လိုအပ်မှုများကြောင့် အမိမြန်မာနိုင်ငံတော်ကြီး တိုးတက်သင့်သလောက် မတိုးတက်ခဲ့သည်ကို သင်ခန်းစာယူရပါမည်။ မိမိတို့လက်ထက်၌ ၎င်းကိစ္စကို ကျော်လွှားနိုင်အောင် ကြိုးစားကြရပါမည်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ''ပညာပြည့်ဝ၊ နှလုံးလှသော'' နိုင်ငံရေး ရင့်ကျက်မှုနှင့် စည်းလုံးမှုကို တည်ဆောက်ကြရပါမည်။ ချစ်ခင်လေးစားအပ်ပါသော ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြပါရန် သဝဏ်လွှာပေးပို့ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဥက္ကဋ္ဌ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ