မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းပိတ်ထားစဉ် ကာလအတွင်း မြန်မာပြည် အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးခြင်း များပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)ထံမှ သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၅ ရက်မှစတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ရာ မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Onlineမှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလျက်ရှိရာ ဆင်စာဘူဖေးကျွေးခြင်း ၄၅ ကြိမ်ရှိပြီး နောက်ထပ်ကျွေးမွေးရန် Onlineမှ ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို ထံမှသိရသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း ၂၂ ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေး ကျွေးမွေး လှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေဗီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြပြီး ဆင်စာဘူဖေး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်အထိ လှူဒါန်းကြကာ တစ်နေ့စာ ဆင်ခုနစ်ကောင်အတွက် တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အရပ်ရပ်မှ အလှူရှင်များအနေဖြင့် ပလင်းကမ်းသာယာ ဆင်စခန်းသို့ ဆက်သွယ် လှူဒါန်းလိုပါက ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုန်း-ဝ၉-၄၂၉၂၉၃၂၄၈ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။