ကျွန်တော်လွမ်းမိသော ငြိမ်းချမ်းရေးပုံရိပ်များ (ကရင်ပြည်နယ်)
ဒေါနတောင်တန်းအနောက်ခြမ်းခရီးစဉ်
DKBA (ကလိုထူးဘော)အဖွဲ့မှ စစ်ဦးစီးချုပ် ဦးစောမိုရှေး ကွယ်လွန်သွားသည့် သတင်းကြား လိုက်ရသောအခါ များစွာ စိတ်မကောင်း ဖြစ်မိသည်။ လွန်ခဲ့သည့်(၅)နှစ်က တိတိကျကျပြောရလျှင် ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းမှာ သူနှင့်ကျွန်တော် ရေစက်ဆုံခဲ့ သည်။ ဒေါနတောင်အရှေ့ခြမ်းနှင့် အနောက်ခြမ်းဒေသများတွင် အခြေချနေထိုင်လျက်ရှိကြသော DKBA တပ်ဖွဲ့ဝင် မိသားစုများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျွန်တော့်အား တာဝန်ပေးအပ်လာပါသည်။ ကက(ကြည်း)၏ လမ်းညွှန်ချက်အရဟူ၍လည်းသိရ၏။ ထိုခရီးစဉ်အတွက် ဦးစောမိုရှေးနှင့် သူ့တပည့်များက ဘားအံမှစောင့်ကြိုခေါ်ယူပါသည်။ ကျွန်တော်တို့အဖွဲ့မှာ ဖဖရ(ဘားအံ)ရုံးမှ ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးသက်နောင်၊(ညွှန်မှူး-ငြိမ်း)၊ လက်ထောက်ညွှန်မှူးဦးတင်ဝင်း (ယခု ဒုညွှန်မှူး-မောင်တော ခရိုင်ရုံး)၊ ဒေသခံများ ဖြစ်ကြသော ဦးအောင်ကျော်ထွဋ်၊ ဦးခင်မောင်ဝင်း၊ ကိုထိခေါင်တို့ ပါဝင်ပါသည်။
ရှေးဦးစွာ ကော့ကရိတ်မြို့နယ်၊ ဟောင်သရောမြစ်ကမ်းဘေးက ကြာအင်းဆိုသောရွာလေးသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာ လာကြသည်။ ထိုရွာလေးအနီးမှာ ကြာအင်းတံတားသစ်ကြီးက ဆောက်လုပ်ပြီးစ အနေအထားဖြင့်တွေ့ရ၏။ နောက်ခရီးစဉ် တစ်ခုသို့ ဆက်ရန်အတွက်မူ စက်လှေများပြောင်းစီးရ၏။ ကျွန်တော်တို့နှင့် ဦးစောမိုရှေးကတစ်စီး၊ အနီးကပ် လုံခြုံရေး လိုက်ပါ လာသော သူ့တပည့်များက တစ်စီး ဟောင်သရောမြစ်အတိုင်း စုန်ဆင်းလာခဲ့ကြရာ ကမ်းပေါ်အချို့နေရာများတွင်လည်း လုံခြုံရေး ယူပေးထားကြောင်း တွေ့ရသည်။ စက်လှေ စီးလာကြရင်း ကလိုထူးဘော၏အဓိပ္ပာယ်ကို မေးမြန်းကြည့်ရာ ကရင်ဘာသာအားဖြင့် ကလိုဆိုသည်မှာ ဖားစည်၊ ထူးက ရွှေ၊ ဘောဆိုတာက အဝါရောင်၊ အားလုံးပေါင်းသော် ရွှေဝါရောင်ဖားစည်ဟု အဓိပ္ပာယ်ရကြောင်း ကိုထိခေါင်က ရှင်းပြသည်။ သူကပျော်ပျော်နေတတ်သူဖြစ်၏။ ကိုထိခေါင်ရေ... စိုးလွင်လွင်ရဲ့ ဒုံးယိမ်းညသီချင်းထဲက ထိခေါင်. ထိခေါင်.ထိခေါင်လားဟေ့ ဆိုတာပါတယ်ဗျ၊ ခင်ဗျားနာမည်နဲ့ အဓိပ္ပာယ်တူလား မေးလိုက်သောအခါ၊ တူပါတယ်... တိုင်းပြည် (သို့မဟုတ်) နိုင်ငံပေါ့ဗျာ..တဲ့။
ကမ္မရိုက်ဒေသဖွံ့ဖြိုးရေး
ဒေါနတောင်တန်း၏ အနောက်ခြမ်းဒေသများမှာဟု ပြောရမည့် ကမ္မရိုက်ဒေသတွင် တောင်ကမ္မရိုက်၊ မြောက်ကမ္မရိုက်၊ လာလယ၊ ကျွဲဖြူအင်း၊ ကော့ခီး၊ ခူနီ၊ ဝင်းဒဝယ်၊ ကညင်တိုက်၊ ကညင်ကျောက်ဖျာ၊ မွန်ကုန်းအစရှိသော ကျေးရွာများပါဝင်ပြီး တောင်ကမ္မရိုက်တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် ဆေးပေးခန်းရှိသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင် ကြပြီး စိုက်ဧက ၄၀၀၀ ကျော်ရှိပါသည်။ ကျွန်တော်တို့အဖွဲ့က တောင်ကမ္မရိုက်-ကမ္မရိုက်လေးလမ်း ၄ မိုင် ၅ ဖာလုံ ဖောက်လုပ်ပေး ရေး၊ ယင်းလမ်းပေါ်၌ ၁၀၀ ပေကွန်ကရစ် တံတား (၁)စင်းတည်ဆောက်ပေးရေးအတွက် လမ်းအူကြောင်းရှာကြသည်။ လမ်းအူကြောင်းရှာရာနောက်သို့ ဝမ်းပန်းတသာ လိုက်လံပြသကြသော ရွာသူရွာသားများကား မနည်းမနောပါချေ။ လိုအပ်လျှင် လယ်တွေထဲက ဖြတ်ဖောက်ပါဟုလည်းဆိုကြ၏။ သူတို့စိတ်အား ထက်သန်မည်ဆိုလျှင်လည်း ထက်သန်စရာပင်၊ သည်လမ်းပေါက် သွားပါက သမိန်ဒွတ်-ကျွဲဖြူအင်း-ဆင်ကူး-ကညင်တိုက်လမ်းနှင့် ဆက်သွယ်မိပြီး၊ ကျိုက်မရောမြို့နယ်၊ မော်လမြိုင် မြို့နယ်များ သို့လည်းကောင်း၊ ကညင်တိုက်မှတစ်ဆင့် ကြာအင်းဆိပ်ကြီးမြို့နယ်သို့လည်းကောင်း သွားရောက်နိုင်မည်ဖြစ်၏။ လမ်းတံတားကိစ္စ၊ တောင်ကမ္မရိုက်ရွာနှင့် ထိုရွာရှိ အခြေခံပညာအထက်တန်းကျောင်း၊ ဆေးခန်းများသို့ ဆိုလာမီးများ ထောက်ပံ့ပေးရေးကိစ္စ၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း အထောက်အကူပြု စပါးခြွေလှေ့စက်များ ဝယ်ယူထောက်ပံ့ရေးကိစ္စအားလုံးကို တင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ခွင့်ပြုပေးပါသည်။ ထိုနေ့က ကမ္မရိုက်အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများ ချက်ပြုတ်ကျွေးမွေးသည့် ကရင်ရိုးရာ ထမင်းဟင်းအရသာများကို ယနေ့တိုင်မမေ့ပါ။
ပြောင်းပြန်စီးသောမြစ်
ကျွန်တော်တို့ဆီက မြစ်ကြီးမြစ်ငယ်အသွယ်သွယ်တို့သည် ရေမြေတောတောင်သဘာဝအရ မြောက်မှတောင်သို့သာ စီးဆင်းကြစမြဲ ဖြစ်သည်။ သဘာဝအတိုင်းမစီးသော မြစ်သာမြစ်ကို စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ တွေ့ခဲ့ဖူးသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်ထဲက သောင်ရင်းမြစ်သည်လည်းပဲ ထိုနည်းတူစွာ တည်ရှိနေပါသည်။ ဆုံဆည်းမြိုင်ကျေးရွာ အထက်နားမှာ ချောင်းငယ်လေး နှစ်ခုပေါင်းဆုံ၍ တောင်မှမြောက်သို့ စီးဆင်းလာရာမှ သောင်ရင်းမြစ်ဖြစ်တည်လာခြင်းပါပေ။ ကမ္မရိုက်ဒေသမှအပြန် မြဝတီမြို့မှာ ညအိပ်အခြေပြုပြီး နောက်တစ်နေ့နံနက်တွင် ဝေါလေဒေသသို့ ဆက်လက်ထွက်ခွာကြသည်။ မြဝတီမှမယ်တော်သလေး၊ ယင်းမှ သောင်ရင်းမြစ်တစ်လျှောက် ဖလူးကြီး၊ ဖလူးလေး၊ သေ့ဘောဘိုး၊ ဆုံဆည်းမြိုင်၊ ဝေါလေ (ဝေါလေမြိုင်ဟုလည်း ခေါ်ပါသည်) သို့ရောက်ပါမည်။
သောင်ရင်းမြစ်အရှေ့ဘက်ကမူ ထိုင်းနိုင်ငံဖြစ်၏။ သေ့ဘောဘိုး၏ တစ်ဖက်ကမ်းမှာ မော်လီချိုင်းရွာ၊ ဆုံဆည်းမြိုင်၏ အရှေ့ဘက် မှာက မိုကယ်ထိုင်းရွာ၊ ဝေါလေ၏ အနီးအနားမှာတော့ ဝေါလီသိုက်ရွာများ ရှိနေပါသည်။ ကျွန်တော်တို့ ရောက်ခဲ့စဉ်အချိန်တုန်းကမူ ဆုံဆည်းမြိုင်၌ မူလရွာဟောင်းအပါအဝင် အိမ်ခြေ (၁၇၀)ခန့်၊ သေ့ဘောဘိုး၌ အိမ်ခြေ (၁၃၀) ခန့်၊ ဝေါလေတွင် အိမ်ခြေ (၅၀၀) ကျော်ခန့်ရှိသည်။ ဝေါလေ အခြေခံပညာအထက်တန်းကျောင်းသို့လည်း ရောက်ခဲ့သေး၏။
ငြိမ်းချမ်းရေးအိမ်ရာများ တည်ဆောက်ပေးနယ်စပ်ရေးရာ ဝန်ကြီးဌာနသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစတင်၍ ကရင်ပြည်နယ် မြို့နယ်အချို့တွင် DKBA နှင့် KNU တပ်ဖွဲ့ဝင်မိသားစုများအတွက် နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။ ကျေးရွာများ တည်ပေးခဲ့ သည်။ ရွာအမည်၊ တံတားအမည်၊ လမ်းအမည်တော်တော်များများကလည်း မြိုင်ကြီးငူဆရာတော်ကြီး၏ သြဝါဒအတိုင်း မြိုင်ဆိုသော စာလုံးနှင့် ဆုံးထားကြသည်။ ဥပမာ- ထိုက်ဆန်းမြိုင်၊ ပွင့်ဆန်းမြိုင်၊ သစ္စာအေးမြိုင်၊ ဆုံဆည်းမြိုင်စသည်...စသည်ဖြင့်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၌ မြိုင်ကြီးငူဒေသ သစ္စာအေးမြိုင်တွင် နေအိမ်၂၇၈ လုံး၊ ပိုင်ကျုံဒေသ ပွင့်ဆန်းမြိုင်တွင် ၆၄ လုံး၊ ဖောထိခုဒေသ သဇင်အေးမြိုင်တွင် ၈၆ လုံး၊ ရွှေကုက္ကိုဒေသ ထိုက်ဆန်းမြိုင်ကျေးရွာတွင် ၉၂ လုံး စုစုပေါင်း ၅၄၄ လုံး ဆောက်လုပ်ပေးခဲ့သည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကော့ကရိတ်မြို့နယ် ကောင်းမှုတွင်၂၅ လုံး၊ မြဝတီမြို့နယ် ဆုံဆည်းမြိုင်တွင် ၅၀ လုံး၊ လှိုင်းဘွဲ့မြို့နယ် မဲသဝေါတွင် ၂၅ လုံး၊ မဲသရီတွင် ၅၀ လုံး၊ မော်ဖိုးကေတွင် ၅၀ လုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ် မြိုင်သာယာစံပြကျေးရွာတွင် ၁၀၀ လုံး၊ မက္ကသာကျေးရွာတွင် ၅၀ လုံး စုစုပေါင်း ၃၅၀ လုံး ဆောက်လုပ်ပေးခဲ့သည်။ မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်တွင် နယ်စပ် ရေးရာဝန်ကြီးဌာနက ၁၈၈ လုံး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့က ၂၅ လုံး၊ ပေါင်း၂၁၃ လုံးကို လျှပ်စစ်မီးသွယ်တန်းခြင်း၊ ရေပေးရေးလုပ်ငန်းနှင့် ခြံစည်းရိုးကာရံခြင်းတို့ အပါအဝင် ဆောင်ရွက်ပေးခဲ့သည်။
ဝေါလေဒေသဖွံ့ဖြိုးရေး
DKBA (ကလိုထူးဘော) တပ်ဖွဲ့ဝင်များ၊ မိသားစုများအခြေချနေထိုင်ရာ ဆုံဆည်းမြိုင်၊ ဝေါလေဒေသများသည် ဒေါနတောင်တန်း၏ အရှေ့ခြမ်းဒေသများဖြစ်ကြသည်။ ထိုဒေသ၏ ရာသီဥတု၊ ရေမြေသဘာဝအရ အဓိကစိုက်ပျိုးရေးသီးနှံမှာပြောင်းဖြစ်သည်။ ထိုင်းနိုင်ငံဘက်တွင်လည်း ပြောင်းကိုပဲစိုက်ကြသည်။ သို့သော် မိမိတိုင်းရင်းသား တောင်သူများက ပြောင်းစိုက်ပျိုးရန် မျိုး၊ ဓာတ်မြေသြဇာ၊ ပေါင်းသတ်ပိုးသတ်ဆေး၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ရိတ်သိမ်းခမှစ၍ ထိုင်းနိုင်ငံကို မှီခိုနေရသည်။ အားလုံးအေ<ကးယူ သီးနှံပေါ်ပေးစနစ်ဖြင့် လုပ်ကိုင်နေကြရာ အကျိုးရှိသင့်သလောက် အပြည့်အဝမရခဲ့ကြပေ။ ဤအခက်အခဲကို တစ်စိတ်တစ်ဒေသ ဖြေရှင်းနိုင်စေရန် နယ်စပ်ရေးရာဝန်ကြီးဌာနက ပြောင်းခြွေလှေ့စက်များ ဝယ်ယူထောက်ပံ့ပေးခဲ့သည်။
မြိုင်ကြီးငူ/လှိုင်းဘွဲ့ဒေသဖွံ့ဖြိုးရေး
ဦးသာထူးကျော် ခေါင်းဆောင်သော DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် KNU မှ ခွဲထွက်ကာ တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာကြသည်။ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏သြဝါဒကိုခံယူ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရကလည်း မြိုင်ကြီးငူဒေသ အတွက် ထီးဖိုးကလုံး-နောင်က မြိုင်-ရွှေဂွန်း-မြိုင်ကြီးငူလမ်းကို နတလအစီအစဉ်ဖြင့် ဖောက်လုပ်ပေးခဲ့သည်။ မြိုင်ကြီးငူ အခြေခံပညာ အထက်တန်းကျောင်း၊ ဆေးရုံ၊ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံတို့ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။ တခွက်ဖိုး သကြားစက် တည်ပေးခဲ့သော်လည်း ကုန်ကြမ်း ရရှိမှု၊ ထုတ်လုပ်မှုအဆင်မပြေ၍ ရပ်တန့်သွားခဲ့၏။
လှိုင်းဘွဲ့မြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနက မြိုင်ကြီးငူ- မဲသဝေါလမ်းကို (၃၁/ဝ) မိုင် ကတ္တရာလမ်း ဖောက်လုပ်ပေးခဲ့ သည်။ ယင်းလမ်းပေါ်တွင် ၆၀၀ ပေအရှည်ရှိ မယ်ပေါ်ထတံတား (မြတ်မျိုးဆန်းမြိုင်တံတား)ကြီးကိုလည်း တည်ဆောက်ပေးခဲ့သည်။
မြိုင်ကြီးငူသို့သွားရာလမ်းတွင် အမှတ်ရစရာ နှစ်ခု ရှိပါသည်။ တစ်ခုက ရွှေဂွန်းမှအထွက် ကမ်းနီကျေးရွာ ကားလမ်းဝဲယာ၌ ကုက္ကိုပင်ကြီးများသည် အကိုင်းအခက်များယှက်နွှယ် အုပ်ဆိုင်းလျက် နေပြောက်ပင်မထိုးနိုင်အောင် အေးမြသည့်အရိပ်အာဝါသကို ပေးနေခြင်းပင်။ ၎င်းအပင်များကို DKBA မှ အဖိုးဦးထွန်းလှိုင် စိုက်ပျိုးခဲ့ကြောင်းသိရ၏။ နောက်တစ်ခုမှာ ရွှေဂွန်းမှအထွက် လှမ်း၍ မြင်နေရသော ထော့ရွဲရွာလေးသည် ကျွန်တော်တို့ စစ်တက္ကသိုလ်တက်ရောက်စဉ်က ကျွန်တော်တို့အပတ်စဉ်၏ သင်တန်းမှူး ဗိုလ်မှူးကြီး စောခင်စိုး၏ ဇာတိရွာလေးဖြစ်နေခြင်းပင်။
မြိုင်ကြီးငူဆရာတော်ကြီးကား ဘဝနတ်ထံသို့ ပျံလွန်တော်မူခဲ့ပြီဖြစ်သည်။ ဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်က ဝိဇာတ မွေးနေ့မင်္ဂလာအထိမ်းအမှတ်နှင့် စုံနံသာမြိုင် ဆွေမြို့တော် မြိုင်ကြီးငူဒေသ ငြိမ်းချမ်းမင်္ဂလာအထိမ်းအမှတ်ပွဲကို နှစ်စဉ်ကျင်းပပြီး သံဃာတော် (၉၉၉၉)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုများ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာတော်ကြီးသည် မြိုင်ကြီးငူ၊ လှိုင်းဘွဲ့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို သြဝါဒများပေး၍ စီစဉ်ဆောင်ရွက်သကဲ့သို့ ဖာပွန်မြို့နယ် ကမမောင်းဒေသ နို့ထရွာနှင့် အုန်းတောရွာအကြား ယွန်းစလင်းချောင်းကူး နို့ထတံတားကြီး အရှည်ပေ ၆၉၀ ကို တည်ဆောက်ပေးခဲ့သည်။
ဘုရားကုန်း ငြိမ်းချမ်းရေးရွာ
KNU ဗဟိုကော်မတီဝင် ပဒိုအောင်ဆန်းခေါင်းဆောင်သောအဖွဲ့သည် KNU မှ ခွဲထွက်၍ ၁၉၉၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြသည်။ နိုင်ငံတော် အစိုးရက ၎င်းအဖွဲ့အတွက် ဘားအံမြို့အနီး ဘုရားကုန်းကျေးရွာတွင် နေအိမ်များဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမြေများဖော်ထုတ်၍ ငါးကန်များတူးဖော်ပေးခြင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ ဆေးခန်းများ တည်ဆောက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ဖထီးပဒိုအောင်ဆန်းသည် ဖာပွန် ကမမောင်း ဇာတိဖြစ်ပြီး ငယ်စဉ်က အုန်းတောသာသနာပြုကျောင်းတွင် ပညာသင်ယူခဲ့သည်။
ကျောင်းနေစဉ်က သူ့ကို နာမည်မမှည့်ရသေးကြောင်း၊ Mr. Andrew Lenny Hare က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အမည်ကိုယူ၍ သူ့အား အောင်ဆန်းဟုမှည့်ခေါ်ပေးခဲ့ကြောင်း၊ ငယ်စဉ်က ဆင်းရဲလွန်း၍ ဖိနပ်စီးရန်မရှိ၊ ကရင် သင်တိုင်းတစ်ထည်သာရှိ၍ ဒါဝတ်ဒါချွတ်လုပ်ခဲ့ရကြောင်း၊ မိမိ၏ မွေးသက္ကရာဇ်အမှန်ကိုမသိရှိခဲ့ရ၍ ညောင်နှစ်ပင် အမျိုးသား ညီလာခံသို့ တက်ရောက်ခွင့်ရသောအခါမှသာ နှစ်(၁၀၀)ပြက္ခဒိန်နှင့်တိုက်၍ အတည်ပြုခဲ့ရကြောင်း၊ ငယ်စဉ်အခါကပင် ဖခင် ဖြစ်သူနှင့် တောထဲတောင်ထဲလှည့်လည်သွားလာရင်း ဖခင်ကြီးက ဆေးဖက်ဝင်သစ်ဥ၊ သစ်ဖု၊ အရွက်အမြစ်အပင်များအား ပြသ သင်ကြားပေးသဖြင့် သိနားလည်ခဲ့ရကြောင်း၊ အမျိုးသား ညီလာခံ၌ မိမိနှင့်ရင်းနှီးသော မိတ်ဆွေများအတွက် အားဆေးတစ်မျိုး ဖော်စပ် ဝေငှပေးခဲ့ရာ ဂီတစာဆိုအလင်္ကာကျော်စွာဟင်္သာတဦးမြင့်ငွေက ယင်းဆေးအမည်ကို “ကျန်းမာပျော်ရွှင် အားဆေးဘုရင်” ဟု အမည်ပေးခဲ့ကြောင်း ရင်းရင်းနှီးနှီးပြောပြခဲ့ဖူးပါသည်။
ကြာအင်းဆိပ်ကြီး၊ အဇင်း၊ ကျိုက်ဒုံ
KNU တပ်မဟာ(၆)၊ တပ်ရင်း(၁၆)မှ ဦးစောသမူဟဲ ခေါင်းဆောင်သောအဖွဲ့သည် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့၌ တရား ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြသည်။ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့ကြသည့် အခမ်းအနားသို့ ထိုစဉ်က ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးတို့ တက်ရောက် ခဲ့ကြသည်။ ဦးစောသမူဟဲအဖွဲ့သည် အဇင်း၊ ကျိုက်ဒုံဒေသတွင် အခြေချကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကျိုက်ဒုံ-ပိုင်ကလိုင်- တောင်ကလေးလမ်း ၃၁/၀ မိုင်ကို ကွန်ကရစ် တံတားများ အပါအဝင် ငွေကျပ် သန်းပေါင်း(၄၈၆၀) သန်း သုံးစွဲဖောက်လုပ်ပေးခဲ့သည်။ ဖားပြ-ဆိပ်ဖူးကုန်း-နှုန်းခွီး-လွှတ်ရှမ်းလမ်းကိုလည်း ဖောက်လုပ်ပေးကာ အဇင်း၊ ကျိုက်ဒုံဒေသ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအား ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သံတောင်ဒေသ ငြိမ်းချမ်းရေး
သံတောင်မြို့နယ် KNU တပ်မဟာ(၂)၊ တပ်ခွဲ(၃)မှ ဦးစောဖယ်ရီမိုး ဦးစီးအဖွဲ့သည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် တရား ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့သည်။ ယင်းအဖွဲ့အခြေချနေထိုင်မည့် ပျားစခန်းကျေးရွာတွင် နေအိမ်များဆောက်လုပ်ပေးပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာနက ဗဟုံး-ကျေးက တော့-မောင်ဘလော့လမ်း ၂၃/၇ မိုင်ကို ဖောက်လုပ်ပေးခဲ့၏။
ထို့ကော်ကိုးနှင့် ရွှေကုက္ကိုဒေသ
ထို့ကော်ကိုးဆိုသည်မှာ KNU/ KNLA မှ ဖထီးဦးထိန်မောင်(ခ) ဦးဌေးမောင်နှင့်အဖွဲ့ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တရား ဥပဒေဘောင်အတွင်း ဝင်ရောက်လာသောအခါ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့က ရွာသစ်တည် ပေးထားသောနေရာဖြစ်သည်။ ထိုအမည်ကို အသုံးပြုခေါ်ဝေါ်ပြောဆိုခါစက ကျွန်တော်တို့အဖွဲ့တွေ ထို့ကော်ကိုး ပြောလိုက်၊ ထော့ကိုကိုးပြောလိုက်နှင့် ဘာကိုအမှန်ယူရမည်မသိဘဲ လုံးလည်ချာလည်လိုက်ခဲ့ကြသည်ကို အမှတ်ရမိသည်။ ကျေးရွာသစ် တည်ဆောက်ရေးအတွက် နယ်စပ်/စည်ပင် ဒုတိယဝန်ကြီး ဗိုလ်မှူးကြီးတင်ငွေ၊ နတလညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန်းဆွေ (ယခု-ရာထူးဝန်ဥက္ကဋ္ဌ) တို့ မကြာခဏ သွားရောက်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုစဉ်က နယ်စပ်/စည်ပင် ဝန်ကြီးဌာန အနေဖြင့်သာရှိပါသေးသည်။ နယ်စပ်ရေးရာမဖြစ်သေးပေ။
KNU/ KNLA အဖွဲ့တည်နေရာ ထို့ကော်ကိုးနှင့် BGF နယ်ခြားစောင့်တပ်ရင်း တည်ရှိရာ ရွှေကုက္ကိုဒေသတို့သည် နယ်မြေချင်း ကလည်း ဆက်စပ်နေသည်မို့ ထိုဒေသများသို့ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင်လည်း ဆက်စပ်မှုများရှိခဲ့သည်။ ရွှေကုက္ကိုဒေသကို ရွှေကုက္ကိုမြိုင်ဟူ၍လည်း ခေါ်ကြ၏။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေ၊ ဒေသမှ ထည့်ဝင်ငွေများဖြင့် ပူးပေါင်းဆောက်လုပ်ခဲ့သော ရွှေကုက္ကိုအခြေခံပညာအထက်တန်းကျောင်း သုံးထပ်ကျောင်းဆောင်သစ်ကြီး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်ဇွန်လ၂၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုနေ့မှာပင် ရွှေကုက္ကိုဒေသအမှတ်(၂) ရပ်ကွက် အမကနှင့် အမှတ်(၅) ရပ်ကွက် အမက ကျောင်းတို့ကို မူလတန်းလွန်ကျောင်းများအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။
မြဝတီမြို့နယ်အတွင်း ထိုဒေသများ၌ ဖောက်လုပ်ပေးခဲ့သော လမ်း/တံတားလုပ်ငန်းများမှာ ဇရပ်ဖြူ-ကျော်ခို-ကော့ကော်လမ်း ၁၀ မိုင်၊ မဲပလဲ-ထိဝါကလေးလမ်း ၁၇/၅ မိုင်၊ ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၂/၄ မိုင်၊ ထိဝါကလေး-တာလေလမ်း ၃၀/၀ မိုင်၊ တာလေ-ရှိုးထလမ်း ၃၀/၀ မိုင်၊ ရွှေကုက္ကို - ထီးခိုတော - ရေကျော် - သက္ကာရ - ဖော်ဖားသူလမ်း ၂၁/၇ မိုင်တို့ဖြစ်ကြပြီး ဘဏ္ဍာနှစ်အလိုက် ကျောက်ခင်းခြင်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ မဲပလဲတံတား ၃၆၀ ပေနှင့် ထို့ကော်ကိုးရွာအဝင်တံတား ၆၅ ပေတို့ကိုလည်း တည်ဆောက်ပေးခဲ့၏။
ရိက္ခာဆန်များထောက်ပံ့
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း၌ မြိုင်ကြီးငူ-မဲသဝေါကားလမ်းမကြီး ဖောက်လုပ်ဆဲကာလ၊ ငြိမ်းချမ်းရေးကျေးရွာများတွင် တပ်ဖွဲ့ဝင်မိသားစုများအတွက် နေအိမ်များ ဆောက်လုပ်ပေးနေသောကာလအတွင်း၌ မြိုင်ကြီးငူ၊ လှိုင်းဘွဲ့၊ နဘူး၊ ဒေါ်လန်း၊ မြဝတီ၊ မဲပလဲ၊ သင်္ကန်းညီနောင်၊ ရွှေကုက္ကိုဒေသများတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရိက္ခာဆန်များ ဖြန့်ဝေထောက်ပံ့ ပေးခဲ့သည်။
ထာဝရငြိမ်းချမ်းရေးသို့
ကျွန်တော်လွမ်းမိသော အရာများသည် ကရင်ပြည်နယ်အတွင်း နိုင်ငံတော်အစိုးရက ကြိုးပမ်းဖော်ဆောင်ပေးခဲ့ သောငြိမ်းချမ်းရေး ပုံရိပ်များကိုပဲ ဖြစ်ပါသည်။ မော်ဖိုးကေ၊ မဲသဝေါ၊ မဲလ၊ ဖလူးအစရှိသည့်ဒေသများစွာ၌ တစ်ချိန်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးများ၊ အမြောက်သံ၊ ဗုံးသံများ၊ ယမ်းခိုးယမ်းငွေ့များ၊ ဆိုးရွားလှသည့် အနိဋ္ဌာရုံမြင်ကွင်းများကို မဟုတ်ပါ။ ငြိမ်းချမ်းခြင်း၏ရလဒ်ဖြစ်သော ဒေသတည်ငြိမ်အေးချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းတို့ဖြင့် ထုံမွမ်းလှပနေသည့် ကရင်ပြည်နယ်၏ ရေမြေတောတောင် သဘာဝ များကိုလည်း လွမ်းမိပါသည်။ ကရင်ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းရေးအတွက် ဦးဆောင်ဦးရွက်ပြုခဲ့သူအချို့လည်း ကွယ်လွန်ခဲ့ ကြပေပြီ။
နိုင်ငံတော်၏ မည်သည့်ဒေသ မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း လုပ်ငန်းများ၏ အန္တိမရည်မှန်းချက် ပန်းတိုင် သည် ထာဝရငြိမ်းချမ်းရေးရရှိရန်ပဲဖြစ်၏။ ၁၉၈၉ ခုနှစ်မှ အစပြု၍ ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ကြစဉ်က နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်း ဆပ်ကော်မတီ များ၊ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများဖွဲ့စည်းကာ အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့သည့် တိုင်းရင်းသားသွေးချင်းများ၏ နယ်မြေဒေသများတွင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများမှအစ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာ အောင်ကြိုးပမ်း ဖော်ဆောင်ပေးခဲ့ကြသည်။ တစ်နည်းပြောရလျှင် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြသည်။ ယုံကြည်၍လည်း တစ်ဖွဲ့ပြီး တစ်ဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေးအပြီးတိုင်လဲလှယ်ခြင်းများ ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်ကို မငြင်းနိုင်ပေ။
နတလဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တိကျမှန်ကန်သော မူဝါဒ လုပ်ငန်းစဉ်များ ချမှတ်နိုင်မှုတို့က ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းအတွက် အဓိကမောင်းနှင်အားများ ဖြစ်ပါသည်။ ရရှိထားပြီးဖြစ်သော ငြိမ်းချမ်းရေး အခြေခံကောင်းများသည် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ လုပ်ငန်းစဉ်များကို အထောက်အကူပြုလိမ့်မည်ဟု အလေးအနက်ယုံကြည်မိပါသည်။ တိုင်းရင်းသားသွေးချင်းများအားလုံး ထာဝရငြိမ်းချမ်းရေး၏ အကျိုးရလဒ်များကို ရရှိခံစားနိုင်ကြပါစေ။ ။
မြင့်စိုး(နတလ)