စားနပ်ရိက္ခာဖူလုံစွာထုတ်လုပ်ခြင်းဖြင့် အာဟာရပြည့်ဝသောဘဝကို တည်ဆောက်သွားကြပါစို့

စားနပ်ရိက္ခာဖူလုံစွာထုတ်လုပ်ခြင်းဖြင့် အာဟာရပြည့်ဝသောဘဝကို တည်ဆောက်သွားကြပါစို့

စားနပ်ရိက္ခာဖူလုံစွာရရှိရေးသည် အခြေခံအကျဆုံးသော လူ့အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ မြန်မာတို့သည် “ရေအသက် တစ်နံနက်၊ ထမင်းအသက်ခုနစ်ရက် ဆိုသောစကားကိုပြောဆိုလေ့ရှိကြသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် အစာအာဟာရမရှိလျှင် ခုနစ်ရက်ထက်ပို၍ ဆက်လက်အသက်ရှင်သန်နိုင်စွမ်းမရှိကြောင်းကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ထို့ပြင် စား၊ ဝတ်၊ နေရေးသည် သက်ရှိလူသားများအတွက် အခြေခံလိုအပ်ချက်လည်းဖြစ်နေသည်။ ထိုအစာအာဟာရသည် လူတစ်ဦး ကျန်းမာသန်စွမ်းစွာ ရှင်သန်နိုင်ရေးအပြင် ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ပါ များစွာအရေးပါလျက်ရှိသည်။ အထူးသဖြင့် လူတစ်ဦးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရညီမျှနေမှသာလျှင် သက်ရှည်ကျန်းမာနေမည်ဖြစ်သည်။ အာဟာရပြည့်ဝစွာဖြင့် ရှင်သန်ကြီးထွားလာသောလူတစ်ဦးသည် စိတ်ဓာတ်လည်းကြံ့ခိုင်လေ့ရှိသည်။

ကမ္ဘာ့စားနပ်ရိက္ခာနေ့     

၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကနေဒါနိုင်ငံ Quebec မြို့၌စတင်ဖွဲ့စည်းခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (The Food and Agricure Organization-FAO)ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ထိုနေ့ရောက်ရှိချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားများ ကျင်းပကြသည်။ ၁၉၇၉ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်သည့် အကြိမ် (၂၀)မြောက် FAO ညီလာခံ၌ အဖွဲ့ဝင် နိုင်ငံများက နှစ်စဉ်ကမ္ဘာ့စားနပ်ရိက္ခာနေ့ ကျင်းပသွားရန် အကြံပြု ဆွေးနွေးခဲ့ကြသည်။ ထိုအချိန်မှစ၍ ကမ္ဘာတစ်ဝန်းတွင် ဆာလောင်မွတ်သိပ်သူလုံးဝပပျောက်ရေးအတွက် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ထိုနေ့ကို ကျင်းပလျက်ရှိကြသည်။  ၂၀၂၁  ခုနှစ်အတွက် ဆောင်ပုဒ်သည် "Our actions are our future. Better production, better nutrition, a better environment and a better life" ဖြစ်သည်။ ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များသည်  “ကျွန်ုပ်တို့၏အနာဂတ်၊ ပိုမိုကောင်းမွန်သော ထုတ်လုပ်မှု၊ အာဟာရ၊ သဘာဝပတ်ဝန်းကျင်နှင့်လူနေမှုဘဝ” ဟုတိုက်တွန်းထားခြင်းဖြစ်သည်။

ဆာလောင်မွတ်သိပ်နေသူများအား ကိုယ်ချင်းစာနာနိုင်ရေး၊ လူသားအားလုံးစားနပ်ရိက္ခာလုံခြုံရေးနှင့် အစာအာဟာရပြည့်ဝစွာ ရရှိရေးတို့အတွက် လိုအပ်ချက်များကို ကမ္ဘာတစ်ဝန်းရှိပြည်သူအားလုံးသိရှိစေရန်ဆို သောရည်ရွယ်ချက်များဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ နေ့ကိုကျင်းပခြင်းဖြစ်သည်။ လူသားအားလုံးသည် စားနပ်ရိက္ခာဖူလုံစွာရရှိရန် အခြေခံအခွင့်အရေးရှိသည်ဆိုသော သဘော တရားကို သိရှိနိုင်စေရန်အတွက်လည်း ရည်ရွယ်ကာ ထိုနေ့ကိုကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကျင်းပ လျက်ရှိ သည်။

ဆာလောင်မွတ်သိပ်မှုဒဏ်ခံစားနေရသူများ

ကမ္ဘာတစ်ဝန်းတွင် လူဦးရေ သန်း ၁၀၀၀ ခန့်သည် အလွန်အမင်း   ဆာလောင်မွတ်သိပ်မှုဒဏ်ခံစားနေကြရသည်။ ဆိုလိုသည်မှာ ကမ္ဘာ့လူဦးရေ ၇ ဘီလီယံကျော်၏ ၁၄ ရာခိုင်နှုန်းကျော်ခန့်သည် စားနပ်ရိက္ခာဖူလုံရန်လိုအပ်နေဆဲပင်ဖြစ်သည်။ ဆာလောင်မွတ် သိပ်မှုဒဏ်ခံစားနေရသူအများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြသည်။  အထူးသဖြင့်  အနောက်အာရှနှင့် အာဖရိကဒေသမှ ပြည်သူ များ ဖြစ်ကြသည်။ အများစုသည် အမျိုးသမီးများနှင့်ကလေးငယ်များဖြစ်ကြသည်။ ပဋိပက္ခနှင့်စစ်ပွဲများ၊ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များ၊ နည်းစနစ်လွဲမှားသော စိုက်ပျိုးရေးအလေ့အထများ၊ လူဦးရေအဆမတန်တိုးပွားလာမှုနှင့်  ဆင်းရဲမှုများသည် စားနပ် ရိက္ခာ ဖူလုံစွာမရရှိရသော အကြောင်းတရားများ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ဆာလောင်မွတ်သိပ်မှုကြောင့် နှစ်စဉ်ကလေးငယ် ၃ ဒသမ ၁ သန်းကျော်သေဆုံး နေရပြီး ၁၀ စက္ကန့်လျှင် ကလေးငယ် တစ်ဦးနှုန်းသေဆုံးနေသည်ဟုဆိုသည်။ ဆိုလိုသည်မှာ နေ့စဉ် တစ်မိနစ်လျှင် ကလေးငယ်ခြောက်ဦး သေဆုံး နေခြင်းဖြစ်သည်။ ထိုပြဿနာကိုကိုင်တွယ်ရန်အတွက် အားလုံး၏ပူးပေါင်းဆောင်ရွက်မှုများ များစွာလိုအပ်နေပြီဖြစ်သည်။ ထို့ပြင် အသက်ငါးနှစ်အောက်ကလေးငယ် ၉၉ သန်းကျော်မှာလည်း အာဟာရချို့တဲ့လျက်ရှိကြသည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် ဓနအင်အား ကြွယ်ဝသော နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၌ပင်လျှင် လူခုနစ်ဦးလျှင် တစ်ဦးသည် လုံလောက် သော အစာအာဟာရမရရှိသေးဟု ဆိုသည်။ ဆိုလိုသည်မှာ တိုင်းပြည်လူဦးရေ၏ ၁၄  ဒသမ  ၃  ရာခိုင်နှုန်းသည်  လုံလောက်သော အစာအာဟာရလိုအပ်လျက်ရှိသည်။

လူသားတို့သည်နေ့စဉ်အစာအာဟာရကို မူလနေရင်းနိုင်ငံတွင် ဖူလုံစွာမရရှိနိုင်သောကြောင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင် စားသောက်နေကြရသည်။ ဆိုလိုသည်မှာ သက်ရှင်ကြွင်းကျန်နိုင်ရန်အတွက် ရေကြည်ရာမြက်နုရာရှာ ကြရသည်။ ဆင်းရဲမှု၊  လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးအခက်အခဲများကြောင့် ရွှေ့ပြောင်းသွားလာနေရခြင်းဖြစ်သည်။ မည်သူမျှ ဇာတိချက်ကြွေမွေးရပ်မြေနှင့် မွေးဖွားရာနိုင်ငံကို စွန့်လွှတ်လိုစိတ်မရှိကြပေ။ မတတ်သာ၍သာသွားလာနေရခြင်းဖြစ်သည်။ စား၊ ဝတ်၊ နေရေး အဆင်ပြေနေမည်ဆိုလျှင် အထူးသဖြင့် အစာအာဟာရဖူလုံစွာရရှိနေမည်ဆိုလျှင် ရွှေ့ပြောင်းသွားလာမှုများ လျော့နည်း သွားမည်ဖြစ်သည်။ မည်သို့ကိုင်တွယ်ဖြေရှင်းသင့်ပါသလဲ။

အစာအာဟာရချို့တဲ့မှု၏အကျိုးဆက်များ

ကမ္ဘာပေါ်ရှိလူသားအားလုံးသည် စားနပ်ရိက္ခာ ဖူလုံမှုရှိသင့်ပါသည်။ အစာအာဟာရချို့တဲ့သူများသည် လေ့လာသင်ယူနိုင်စွမ်း ခက်ခဲခြင်း၊ ကုန်ထုတ်လုပ်နိုင်စွမ်းကျဆင်းခြင်း၊ မကြာခဏဖျားနာကြသည့်အပြင် သက်တမ်းလည်းတိုကြသည်။ အာဟာရချို့တဲ့ မှုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆုံးရှုံးမှုကုန်ကျစရိတ်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံအထိ ရှိသည်ဟုဆိုသည်။ ထို့ပြင် ဆာလောင်မွတ်သိပ်မှုသည် ကမ္ဘာလုံးဆိုင်ရာမလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတို့ကို လည်း ဖြစ်ပေါ်စေနိုင်သည်။ ကမ္ဘာတစ်ဝန်းတွင် အာဟာရချို့တဲ့မှုနှင့် ဆက်နွှယ်သောရောဂါများကြောင့် နှစ်စဉ် အသက်ငါး နှစ်အောက်ကလေးငယ် ငါးသန်းခန့် အသက်ဆုံးရှုံးနေကြရသည်။ဆင်းရဲသောနိုင်ငံများရှိ ကလေးငယ် ၁၀ ယောက်တွင် လေးယောက် သည် အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဓာနှင့်ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များကမောက်ကမဖြစ်နေကြရသည်။

စားနပ်ရိက္ခာလုံခြုံမှုနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု

ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းသွားလာသူများစွာသည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့  ရောက်ရှိလာလေ့ရှိကြသည်။ ထိုသို့ရောက်ရှိလာခြင်းကြောင့် မူလကတည်းက အရင်းအမြစ်ရှားပါးသော ဒေသများတွင် လူနေမှုဘဝပိုမိုနိမ့်ကျ လာရသည်။   ကမ္ဘာ့ဆင်းရဲသူ   လေးပုံသုံးပုံသည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသအသက်မွေးဝမ်းကျောင်း လုပ်ငန်းများပေါ်တွင်သာမှီတည်နေကြရသည်။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများအတွက် အခြေအနေကောင်းများဖန်တီးပေးရန်လိုအပ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ရင်းနှီးမြှုပ်နံှခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သဖြင့် ရွှေ့ပြောင်းသွားလာမှုကိုလျှော့ချနိုင်သည်။ ထို့ပြင် စားနပ်ရိက္ခာလုံခြုံမှု အတွက်လည်း များစွာ အထောက်အကူဖြစ်စေသည်။ လူသားအားလုံးသည် ကျန်းမာ၊ ချမ်းသာစွာအသက်ရှင်နေထိုင်နိုင်ရေးအတွက် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော အစာအာဟာရရရှိနေခြင်းကို စားနပ်ရိက္ခာလုံခြုံမှုရှိသည်ဟု ဆိုသည်။

ခြိုးခြံချွေတာသင့်

လတ်တလောအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိကြပေ။ အကျိုးဆက် အနေဖြင့် စားနပ်ရိက္ခာ အပါအဝင်ကုန်ပစ္စည်းအားလုံး နီးပါး သည် ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ အထူးသဖြင့် အစားအစာဈေးနှုန်းများသည် ၁၀ နှစ်အတွင်း အမြင့်ဆုံး အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် လူသားတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ခြိုးခြံချွေတာရေးမူ ကျင့်သုံးသွားသင့်ပေသည်။ အသုံးနှင့်အဖြုန်းကိုခွဲခြား သိသင့်ပေသည်။ ဓနအင်အားကြွယ်ဝသော ပြည်သူများအနေဖြင့် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာဖူလုံရေး အထူးသဖြင့် ဆာလောင်မွတ်သိပ်မှုဒဏ်ခံစားနေရသည့်ပြည်သူများအတွက် အစားအစာများကိုလိုအပ် သလောက်သာ ချက်ပြုတ် စားသောက်သွားသင့်ပေသည်။ ပိုလျှံပြီး လေလွင့်မှုများမဖြစ်ရလေအောင်ချင့်ချိန်  ချက်ပြုတ်စားသောက်သွားသင့်ပေသည်။ စည်းနှင့် ကမ်းနှင့်အသုံးပြုခြင်းသည် ဝင်ငွေချွေတာရာရောက်သည့်အပြင် လိုအပ်နေသူများကို ကူညီရာလည်းရောက်ပေသည်။

စားနပ်ရိက္ခာဖူလုံစွာထုတ်လုပ်ခြင်းဖြင့် အာဟာရပြည့်ဝသောဘဝကို တည်ဆောက်သွားကြပါစို့               

မည်သို့ပင်ဆိုစေကာမူ လူသားတိုင်းသည် ဆာလောင်မွတ်သိပ်မှုကင်းဝေးပြီး လုံလောက်သောစားနပ်ရိက္ခာဖူလုံမှုရရှိရန် အခြေခံ အခွင့်အရေးများရှိကြသည်။ လူသားအားလုံးသည် အစားအသောက်ဝယ်ယူနိုင်သည့် လုံလောက်သောဝင်ငွေရရှိနေမှသာလျှင် စားနပ် ရိက္ခာဖူလုံသည့်အခွင့်အရေးကို အပြည့်အဝရရှိနိုင်ကြမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် စားနပ်ရိက္ခာဖူလုံရေးရည်ရွယ်လျက် ကမ္ဘာ့ ခေါင်းဆောင်များသည် အလွန်အမင်း ဆင်းရဲမှုနှင့် ဆာလောင်မွတ်သိပ်မှုပပျောက်ရေးအတွက် ၂၀၀၀ ပြည့်နှစ်ကတည်းက ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။

နှစ်စဉ်အောက်တိုဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်သည်။  စားနပ်ရိက္ခာဖူလုံစွာရရှိရေးသည် အခြေခံ အကျဆုံးသော လူ့အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြည်သူများစွာ၊ အထူးသဖြင့် အမျိုးသမီးများနှင့်ကလေးငယ်များသည်  ဆာလောင်မွတ်သိပ်မှု ဒဏ်ခံစားနေကြရသည်။ ရွှေ့ပြောင်းသွားလာမှုများ၊  ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ နည်းစနစ်လွဲမှားသော စိုက်ပျိုးရေး အလေ့အထများ၊ လူဦးရေအဆမတန် တိုးပွားလာမှုနှင့် ဆင်းရဲမှုများသည် စားနပ်ရိက္ခာဖူလုံစွာ မရရှိရသော အကြောင်းတရားများဖြစ်သည်။ စားနပ်ရိက္ခာဖူလုံမှုသည် လူသားအားလုံးနှင့် ဤကမ္ဘာမြေကြီးအတွက် ကောင်းကျိုးများကိုသာ အဘက်ဘက်မှဖြစ်ပေါ်လာစေသည်။ ထို့ကြောင့် စားနပ်ရိက္ခာဖူလုံရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မဟာ ဗျူဟာနှင့် နည်းဗျူဟာများချမှတ်ကာ အလေးထားဆောင်ရွက်သွားရန်လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် ခြိုးခြံချွေတာရေး မူဝါဒကျင့်သုံးပြီး ပိုမိုကောင်းမွန်သောစားနပ်ရိက္ခာများ ဖူလုံစွာထုတ်လုပ်ခြင်းဖြင့် အာဟာရပြည့်ဝသောဘဝများကို တည်ဆောက်သွားကြပါစို့ဟုအကြံပြုတိုက်တွန်းသွားလိုပါသည်။    ။

မောင်သောင်းဝင်း

(တမန်ဟောင်း)