ဝါလကင်းလွတ် သီတင်းကျွတ်

ဝါလကင်းလွတ် သီတင်းကျွတ်

မြန်မာတို့သည် ပစ္စုပ္ပန်နှင့်အနာဂတ်ကို အကောင်းမြင်တတ်သူများ၊ အကောင်းမျှော်လင့်တတ်သူများဖြစ်ကြသည်။ ဤသည်မှာ မြန်မာ့စိတ်ရင်းဖြစ်သည်။ မြန်မာ့စိတ်ရင်းဆိုရာ၌ မိမိတို့ဘဝများတွင် အေးချမ်းစွာနေထိုင်ကြသည်။ အေးချမ်းစွာရင်ဆိုင်ကြသည်။ မြန်မာတို့၏ အေးဆေးတည်ငြိမ်မှုများဖြင့် ဘဝအခက်အခဲများကိုကျော်လွှားနိုင်ကြသည်။ ဤသည်ကို မြန်မာတို့၏ ဆယ့်နှစ်လရာသီ ကာလနှင့်ဆယ့်နှစ်လရာသီ ပွဲတော်များကိုကြည့်လျှင် သိမြင်နိုင်သည်။ ထိုမျှမက မြန်မာ့ထုံးတမ်းစဉ်လာတွင် လပြည့်နေ့တိုင်း ပွဲတော်ရှိသည်။

ကျေးရွာတိုင်းတွင် ဘုရားတစ်ဆူရှိသည်။ ရပ်ကွက်တိုင်းတွင် ဓမ္မာရုံရှိသည်။ ထိုနေရာထိုနေ့သို့ ရောက်တိုင်းပွဲတော် ကျင်းပလေ့ရှိ သည်။ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်ပြုလုပ်လေ့ရှိသည်။ ဆယ့်နှစ်လရာသီပွဲတော်များတွင် အပျော်ဆုံးပွဲတော်မှာ သင်္ကြန် ရေသဘင်ပွဲတော်ဖြစ်သည်။ အစည်ကားဆုံးနှင့် ကြည်နူးဖွယ်အကောင်းဆုံးပွဲတော်မှာ သီတင်းကျွတ် မီးထွန်းပွဲတော်ဖြစ်သည်။ ဝါလကင်းလွတ် သီတင်းကျွတ်ကာလ လပြည့်နေ့တွင်ကျင်းပသည့် ပွဲဖြစ်သည်။ မတိုင်မီ အကြိုနှစ်ရက်ဖြင့် သုံးရက်ကျင်းပ လေ့ရှိသည်။ ဆီမီးရောင်စုံထွန်းကြသည့် ညပွဲသဘင်ဖြစ်သည်။

သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမမြောက်လဖြစ်သည်။ ဤလ အခါသမယသည်ကား၊ မိုးရာသီကုန်ဆုံးတော့မည်ဖြစ်၍ မိုးအားနည်းလာကာမိုးဒေဝါနှင့် နေစကြာတို့ သူတစ်ပြန်ငါတစ်ပြန် အနိုင်ယူနေကြသော အချိန်ဖြစ်သည်။ အချိန်အတန်ကြာ တစ်ဦးတည်း မင်းမူလာခဲ့သော မိုးနတ်သားသည် အရှုံးပေး၍ ပြေးရတော့မည်ဖြစ်ရာ သီတင်းကျွတ်လတွင်ရွာသွန်းသောမိုးကို “သီတင်းကျွတ်လတွင် ပလ္လင်ဆေးမိုးရွာသွန်းဖြိုး”  ဟူသော ရှေးတောင်သူလယ်သမားများ၏ မိုးလင်္ကာအရ ဘုရားဆွမ်းတော်တင် သည့် သံပုတ်ပလ္လင်တော်ကို နောက်ဆုံးဆေးကြောသည့် အနေဖြင့် နှုတ်ဆက်ရွာသွန်းသော မိုးဟု ဆိုကြပေသည်။

ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ သီတင်းသုံးကြရာမှ ကျွတ်လွတ်သော လဖြစ်၍ “ဝါလကင်းလွတ် သီတင်းကျွတ်” ဟုခေါ် ဝေါ်ကြသည်။ တောင်သူလယ်သမားဦးကြီးတို့အဖို့ကား စပါးနှံတို့သည်မိုးယံသို့ တူရူထိုးတက်ချိန်ဖြစ်သောကြောင့် မြကမ္ဗလာ ရောင်အဆင်းရှိသော စပါးခင်းတို့ကိုကြည့်ကာ ပီတိဖြာနေသော အချိန်အခါဖြစ်ပေသည်။

သီတင်းကျွတ်လကို ဗေဒင်အခေါ်အဝေါ်အားဖြင့်တူရာသီဟုခေါ်သည်။ ထိုရာသီတွင် အသဝနီနက္ခတ်သည် စန်းဟုခေါ်သော လမင်းနှင့်အတူ ယှဉ်ပြိုင်ထွန်းပသည်။ ရာသီရုပ်မှာ ချိန်ခွင်ကိုကိုင်စွဲသော ယောက်ျားရုပ်သဏ္ဌာန်ဖြစ်၍ ထိုလ၌ ငုံအာစွင့်စွင့် ရေထက်မြင့်ကာ ဖူးပွင့်နေကြသော ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ်၊ကြာခေါင်းလောင်း(ပဒုမ္မာ) ဟူသောကြာမျိုးငါးပါးတို့သည် ထိုလ၏ ရာသီပန်းများဖြစ်ကြသည်။

သီတင်းကျွတ်လတွင် ဆီမီးမြင်းမိုရ်ပွဲ ခေါ် တာဝတိံသာပွဲကို ရာသီပွဲအဖြစ်ကျင်းပလေ့ရှိကြသည်။ ဗုဒ္ဓမြတ်စွာသည် တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာဒေသနာကို ဝါတွင်းသုံးလပတ်လုံးဟောပြီး၍ သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ပြန်ကြွလာသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့တွင် “အဘိဓမ္မာအခါတော်နေ့” ကို ကျင်းပကြသည်။ ဤနေ့ဤအခါသမယတွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် အဘိဓမ္မာဒေသနာတော်ကြီးကို ရွတ်ဖတ်ပူဇော်ကြသည်။ ဆီမီးရောင်စုံထွန်းညှိပူဇော်ကြသည်။ မိဘ၊ ဆရာနှင့်သီလ၊ သမာဓိပညာမြင့်မားသူများ၊ အသက်အရွယ်ကြီးရင့်သူများအား ပူဇော်ကန်တော့သည့်ပွဲများကို နိုင်ငံတစ်ဝန်းခြိမ့်ခြိမ့် သဲသဲဆင်ယင်ကျင်းပကြသည်။ ရဟန်းတော်တို့ကလည်း ဝါကျွတ်ပဝါရဏာပွဲတော်ကျင်းပကြသည်။

“လှိုင်လှိုင်သာ သင်းတော့တယ်။ ကန်မင်းငယ်နန္ဒာ၊ လျှံမင်းငယ်ဖြာသည်။ ပွင့်ရွှေကြာမြိုင်မြိုင်နှင့် ကြိုင်ကြိုင်သင်းတဲ့ လကိုလေး။ တူရာသီဝယ်၊ အသဝနီကြယ်မြတ်၊ ကျီးမင်းသိန်လဲ၊ ရောင်ရှိန်လျှပ်လို့၊ သုဒဿကယ်နန်းလို၊ မီးမြင်းမိုရ်နှင့်၊ ဝါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့၊ ဘုံထွတ်ကယ်ဥကင်းပွင့်စမ္ပယ်ရွှင်သောအခါ၊ တိုင်းခွင်ကြီးအောင်ချာမှာ၊ ဆီမီးဝါထိန်ထိန်လင်းလို့ လင်းလှတယ် လေး” ဟု မဟာအတုလမင်းကြီးက  သီတင်းကျွတ်လဖွဲ့လွမ်းချင်းကို စပ်ဆိုခဲ့ပေသည်။

မြတ်စွာဘုရားရှင်သည် ဗုဒ္ဓအဖြစ်သို့ရောက်တော်မူပြီး ခုနစ်ဝါမြောက်တွင် တာဝတိ ံသာနတ်ပြည်၌ ဝါကပ်တော်မူသည်။ ဝါဆို လပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းသုံးလပတ်လုံး မိမိ၏မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား အား အဘိဓမ္မာဒေသနာတော်မြတ်ကို ဟောကြားခြင်းဖြင့် ကျေးဇူးဆပ်လိုသောကြောင့်ဖြစ်သည်။ မယ်တော်မာယာဒေဝီသည် ဘုရားအလောင်းသိဒ္ဓတ္ထအားဖွားမြင်တော်မူပြီး နတ်ရွာစံခဲ့ရာ တာဝတိံသာနတ်ပြည်၌ သန္တုဿိတအမည်ဖြင့် နတ်သားဖြစ်နေသည်။ မြတ်စွာဘုရားရှင်သည် ထိုနတ်သားအား အဘိဓမ္မာဒေသနာတော်ကိုဟောကြားခြင်းဖြင့် မယ်တော်အား ကျေးဇူးဆပ်ခြင်းဖြစ်သည်။   တာဝတိံသာနတ်ပြည်၌ သန္တုဿိတနတ်သားနှင့်တကွ ဗြဟ္မာတို့အား အဘိဓမ္မာဒေသနာမြတ်ကို ဝါဆိုလပြည့်နေ့မှ စတင်ဟော ကြားခဲ့ရာ သီတင်းကျွတ်လပြည့်နေ့တွင် တရားတော်ပြီးဆုံးခဲ့သည်။

အဘိဓမ္မာဒေသနာတော်သည် ဘုရားရှင်၏ ရွှေနှုတ်တော်ဖြင့် ထုတ်ဖော်ဟောကြားအပ်သော တရားတော်ဖြစ်သည်။ “အဘိဓမ္မ” ဟူသည် ပါဠိဘာသာဖြစ်၍ “အလွန်ထူးကဲသောတရား” ဟု အနက်အဓိပ္ပာယ်ရသည်။ အဘိဓမ္မာဒေသနာတော်ကြီးတွင် ဓမ္မသင်္ဂဏီ ကျမ်း၊ ဝိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်းနှင့် ပဋ္ဌာန်းကျမ်းဟူသော ကျမ်းခုနစ် ကျမ်းရှိရာ အထူးထူးအပြားပြားသော အကြောင်းတရားတို့ကြောင့်ဖြစ်ပေါ်ရသော အကျိုးတရားတို့ကို ရှင်းလင်းဟောကြားသည့် ပဋ္ဌာန်းဒေသနာတော်သည် ရဟန်းရှင်လူပြည်သူအများစုနှင့်ရင်းနှီးကျွမ်းဝင်သော ဒေသနာတော်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် အဘိဓမ္မာ တရားဟောကြားပြီးသည့်အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သတ်မှတ်ကျင်းပခဲ့ ကြသည်။ ဗုဒ္ဓဘာသာဝင်များသည် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် အဘိဓမ္မာတရားတော်များကို ရွတ်ပွား ပူဇော်ကြသည်။ ဆင်းရဲခြင်းဒုက္ခအပေါင်းတို့မှ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ရောက်ကြောင်းတရားများကို ဆည်းပူးအားထုတ် ပွားများကြသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ဥပုသ်သီလဆောက်တည်ကြခြင်း၊ တရားဓမ္မနာယူခြင်း စသည့်ကောင်းမှု ကုသိုလ်များ ပြုလုပ်ကြသည်။

မြတ်ဗုဒ္ဓသည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားနှင့် နတ်ဗြဟ္မာအပေါင်းတို့ကို တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလ ပတ်လုံး အဘိဓမ္မာဒေသနာတော်ကိုဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ကြွတော်မူလာရာ သင်္ကဿနဂိုရ်ပြည်၏ တောင်ဘက်တံခါးဝအရောက်တွင် နေလုံးကွယ်ပျောက်၍ ညချမ်းအချိန်ပြန်လည်ဆင်းသက်လာခဲ့သည်။ ဘုရားရှင်သက်ဆင်းကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင် အား ပူဇော်သည့်အနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်သူတော်စင် ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ် အပေါင်းတို့က မိမိတို့၏ ကျောင်းကန်ဘုရား ဓမ္မာရုံတို့၌လည်းကောင်း၊ မိမိတို့၏ အိမ်ဝင်းခြံမြေတိုက်တာများ၌လည်းကောင်း၊ ရောင်စုံဆီမီးများ ထွန်းညှိပူဇော်၍ မြတ်စွာဘုရားအားကြိုဆိုဖူးမြော်ကြသည်။ သီတင်းကျွတ်လ၏ ရာသီပွဲတော်သည်  “ဆီမီးထွန်း ညှိပွဲတော်” ဖြစ်သည်။

ဤကဲ့သို့ မီးထွန်းပွဲတော်နှင့်အတူ ဘုရားအလောင်းတောထွက်စဉ် ရိတ်ပယ်သောဆံတော်များတည်ရှိနေသည့် တာဝတိံသာမှ  စူဠာမဏိစေတီတော်အား ပူဇော်သည့်အနေဖြင့် မီးပုံးပျံများလွှတ်တင်ကြသည်။ သီတင်းကျွတ်လတွင် ရှေးက ဆီမီးတိုင်များနှင့် ထွန်းညှိပူဇော်ရာမှ တိုးတက်လာသော မျက်မှောက်ကာလတွင် ရောင်စုံအလှမီးများဖြင့် ထွန်းညှိပူဇော်ကြသည်။ ဝတ်ကောင်းစား လှဝတ်ဆင်ကြ၍ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် လည်ပတ်ကြသည်။ ပွဲလမ်းသဘင်များဆင်နွှဲကြသည်။ ပွဲဈေးတန်းများနှင့် ရောင်းပန်းဝယ်ပန်းလှကြသည်။ မိသားစုအလိုက် ပျော်မဆုံးမော်မဆုံးရှိကြသည်။ ဘုရား၊ ကျောင်းကန်၊ နေအိမ်နှင့်လမ်းများတွင် ဆီမီးထွန်းညှိပူဇော်ကြသကဲ့သို့ ကောင်းကင်တွင်မီးပုံပျံလွှတ်တင်ပူဇော်ခြင်းကို ကျေးလက်မှအစပြုခဲ့သည်။ လူငယ်လူရွယ်၊ သား သမီးများက မိဘဆရာသမားများအား ပူဇော်ကန်တော့ကြသည်။

သီတင်းကျွတ်ပွဲတော်တွင် ဆီမီးထွန်းညှိပူဇော်ခြင်းသာမက နောက်ပိုင်းကာလများတွင် အိမ်နီးချင်းဓလေ့ပန်းရနံ့များအစား ယမ်းငွေ့ နံ့များလွှမ်းသည့် မီးရှူးမီးပန်းများနှင့် ထွန်းညှိလာကြပြန်သည်။ ယင်းမှာ မဆိုသာသော်လည်း ပြင်းထန်သော ဆူညံပေါက်ကွဲသံ ပါသည့်ဗြောက်အိုးဖောက်ခြင်းဓလေ့မှာ မြန်မာ့ရိုးရာအစဉ်အလာ ဓလေ့မဟုတ်ဘဲ အန္တရာယ်ကိုသာ ဖြစ်စေနိုင်သဖြင့် ဆင်ခြင်ကြ ရမည်ဖြစ်ပါသည်။

နိဂုံးချုပ်ဆိုရပါလျှင် ဝါလကင်းလွတ် သီတင်းကျွတ်မီးထွန်းပွဲတော်ဓလေ့မှာ တစ်မြို့တစ်ရွာဓလေ့မတူကွဲပြားစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ သီတင်းကျွတ်မီးထွန်းပွဲတော်၏ ရည်ရွယ်ရင်းကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြရမည်မှာ ချစ်စရာ မြန်မာတို့၏ ဓလေ့စရိုက်ပင်ဖြစ်ပါကြောင်း ဖော်ညွှန်းရေးသားလိုက်ရပါသည်။   ။

အောင်ခန့်ဖြိုးဝေ(တောင်ငူ)