ရန်ကုန်၊ စီးပွားရေး
COVID-19 ရောဂါထိန်းချုပ်ရေး ကာလအတွင်း ရန်ကုန်မြို့၌ စက်ဘီးစီးနင်း သူများပြားလာပြီး စက်ဘီးဝယ် လိုအား လည်း မြင့်တက်လာကြောင်း ရန်ကုန်မြို့အတွင်းရှိ စက်ဘီးနှင့်အပိုပစ္စည်းအရောင်း ဆိုင်များမှ သိရသည်။
''လက်ရှိမှာ ဘက်ထရီစက်ဘီးထက် ရိုးရိုး စက်ဘီးတွေကို ဝယ်တဲ့သူ ပိုများတယ်။ တချို့ကလည်း ကျန်းမာရေး အရစီးဖို့ဝယ် တာရှိသလို တချို့ကျတော့လည်း အလုပ် သွားအလုပ်ပြန် စီးဖို့ဝယ်ကြတာ။ ငွေကျပ် တစ်သိန်းခွဲ ဝန်းကျင်စက်ဘီးတွေကို အဝယ်များတယ်။ လက်ရှိမှာ ဆိုင်သေးသေးလေး တွေတောင် တစ်နေ့ သုံးလေး စီးလောက် တော့ ရောင်းရတယ်'' ဟု စော်ဘွားကြီးကုန်းရှိ စက်ဘီးအရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ထိုသို့ရောင်းချရသော်လည်း COVID-19 ရောဂါမဖြစ်မီ ကာလရောင်းချ ရမှုနှင့် နှိုင်းယှဉ်ပါက ရောင်းအား နည်းနေ သေးကြောင်း သိရသည်။
''ငွေကျပ် တစ်သိန်းနဲ့ တစ်သိန်းခွဲ ဝန်းကျင် တရုတ်တိုင်ပေဘီးတွေ ပိုပြီး ရောင်းရတယ်။ သူက တရုတ်ဘီး တွေထက် ပိုပြီးအကြမ်းခံတယ်၊ ဒီဇိုင်းလည်း လှတယ်။ ဂျပန်ဘီးကြိုက်တဲ့ သူတွေကျ တော့လည်း တစ်ပတ်ရစ် စက်ဘီးတွေကို ရှာပြီး ဝယ်ကြတယ်။ အခုဆိုရင် COVID-19 ရောဂါကာကွယ်တဲ့ အနေနဲ့ တော်ရုံ ခရီးမဝေးတဲ့ နေရာဆိုရင် စက်ဘီးပဲ အသုံးပြု လာကြတယ်။ စက်ဘီးအသုံးပြုတဲ့ အတွက် ယာဉ်ကြောပိတ် ဆို့တာလည်း သက် သာ တာပေါ့'' ဟု ရန်ကုန်မြို့ရှိ စက်ဘီးအရောင်း ဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
ဈေးကွက်အတွင်း ကလေးစီး စက်ဘီး မှအစ အမျိုးအစား အစုံ အလင်ရှိပြီး ရိုးရိုး ခြေနင်းစက်ဘီးများသည် ငွေကျပ် ၆ဝဝဝဝ မှ ငါးသိန်းကျော် အထိရှိသည်။ Brand ကောင်းသည့် အလှစီး၊ အပျော်စီး စက်ဘီး များမှာ ငွေကျပ် ၁၅ သိန်း အထက်ရှိပြီး ဘက်ထရီစ က်ဘီးများမှာ ဘက်ထရီအိုးကို တပ်ဆင်ပြု လုပ်ထားသည့် ပုံစံမျိုးဖြင့် လုပ် ဆောင်ထားသော စက်ဘီးများ ရှိသကဲ့သို့ မော်တော်ဆိုင်ကယ်ကဲ့သို့ စက်ဘီးများ လည်းရှိသည်။ ယင်းဘက်ထရီ စက်ဘီး များမှာ အနည်းဆုံး ငွေကျပ် ၁၂ဝဝဝဝ ခန့်မှ ခြောက်သိန်းခန့် အထိရှိကြောင်း သိရသည်။
ထက်ခိုင်(စမ်းချောင်း)