ဥပဒေပြုရေးဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲများ အပေါ် လေ့လာခြင်း
(မွန်ဂိုလီးယားနိုင်ငံ)
တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အဝန်း မွန်ဂိုလီးယားနိုင်ငံကို ၁၃ ရာစုတွင် Genghis Khan က တည်ထောင်ခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံသည် ဘဲဥပုံမြေမျက်နှာသွင်ပြင် ရှိသောနိုင်ငံဖြစ်ပြီး အနောက်မှအရှေ့သို့ ၁၄၈၆ မိုင် (၂၃၉၂ ကီလိုမီတာ)၊ မြောက်မှတောင်သို့ ၇၈၂ မိုင် (၁၂၅၉ ကီလိုမီတာ) ကျယ်ဝန်းသည်။ မွန်ဂိုလီးယားသည် ကုန်းပြင်မြင့် တစ်ခုဖြစ်ပြီး ပျမ်းမျှပင်လယ်ရေ မျက်နှာပြင်အထက် ၅၁၈ဝ ပေ (၁၅၈ဝ မီတာ)ခန့်ရှိသည်။ လူဦးရေနည်းပါး၍ နယ်မြေကျယ်ပြန့်ပြီး ပြင်သစ်နိုင်ငံ၏ ၃ ဆ၊ တက္ကဆက်ဒေသ၏ ၂ ဆရှိသည်။ ရုရှားနှင့်တရုတ်အကြား ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ သမိုင်းတွင် မွန်ဂိုအင်ပါယာကို တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် တရုတ်လက်အောက်သို့ ကျရောက်ခဲ့ပြီး ၁၉၂၁ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ မွန်ဂိုလီးယား ပြည်သူ့သမ္မတနိုင်ငံကို ထိုအချိန်က ဆိုဗီယက်နိုင်ငံ၏ လွှမ်းမိုးမှုအောက်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် UN အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ ပါဝင်သော အင်ပါယာကို တည်ထောင်ခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံတွင် ဗုဒ္ဓဘာသာ ၉ဝ% ရှိသည်။ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား မွန်ဂိုလီးယား နိုင်ငံသားတိုင်းသည် စစ်တပ်တွင် ၁၂ လကြာ စစ်မှုထမ်းရသည်။ မွန်ဂိုလီးယားနိုင်ငံတွင် သတင်းထုတ်ဖော်ခွင့်နှင့် စပ်လျဉ်း၍ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့် သတင်းအချက်အလက် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တားမြစ်ထားသည်။
အစိုးရနှင့် ပါလီမန်ဆိုင်ရာ ဆုံးဖြတ်ချက်များကို လူထုသို့ ထုတ်ဖော်ပြောကြားမှု နည်းပါးသည်။ မွန်ဂိုလီးယားနိုင်ငံတွင် ပြည်နယ် ၂၁ ခု၊ ခရိုင်ခွဲ ၃၃၁ ခု ရှိသည်။ ခရိုင်များတွင် သက်ဆိုင်ရာဒေသ အာဏာပိုင်များရှိကြသည်။့ Ulaanbaatar ( Ulan Bator ) သည် မြို့တော်ဖြစ်ပြီး မြို့ပြခရိုင်ကိုးခု ပါဝင်သော မြူနီစီပယ် ဝိသေသရှိသည်။ မြို့တော်မှာ ၄၇ဝ၄ ကီလိုမီတာ ကျယ်ဝန်းသည်။
မြို့တော်တွင် မွန်ဂိုလီးယားနိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော် နေထိုင်သည်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများတွင် ဗဟိုချုပ်ကိုင်မှုမြင့်မားသည်။ မျက်မှောက်ခေတ် နိုင်ငံရေး သုံးသပ်သူများက မွန်ဂိုလီးယားနိုင်ငံသည် ဒီမိုကရေစီ တိုင်းပြည်ထက် ''ဒီမိုကရေစီမြို့တော်'' အသွင်ဆောင်ကြောင်း သုံးသပ်ကြသည်။ သမ္မတ၊ ၂၁ ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့တော်အုပ်ချုပ်ရေးမှူးကို ဝန်ကြီးချုပ်မှ အတည်ပြုခန့်အပ်သည်။ ပြည်နယ်များကို ခရိုင်နှင့်ခရိုင်ခွဲများအဖြစ် ထပ်ခွဲသည်။ ခရိုင်နှင့်ခရိုင်ခွဲများကို ဒေသအာဏာပိုင်များဖြင့် အုပ်ချုပ်သည်။
ရွေးကောက်ပွဲသမိုင်း
မွန်ဂိုလီးယားနိုင်ငံသည် ၁၉၇၃ ခုနှစ်မှစတင်၍ ရွေးကောက်ပွဲစတင် ကျင်းပခဲ့သည်။ ၁၉၇၇၊ ၁၉၈၁၊ ၁၉၈၆၊ ၁၉၉ဝ ရွေးကောက်ပွဲများကို လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ရေးဆွဲခဲ့ပြီး လွှတ်တော်တစ်ရပ် စနစ်ကိုစတင် ကျင့်သုံးခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ပထမဆုံး သမ္မတကို တိုက်ရိုက်ရွေးကောက် တင်မြှောက်သည့်စနစ်အား ကျင့်သုံးခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံတွင် လေးနှစ်တစ်ကြိမ် ပါလီမန်ရွေးကောက်ပွဲ၊ သမ္မတရွေးကောက်ပွဲများကို အောက်ပါခုနှစ်များ အလိုက် ကျင်းပသည်-
ပါလီမန်ရွေးကောက်ပွဲများ- ၁၉၉၂၊ ၁၉၉၆၊ ၂ဝဝဝ၊ ၂ဝဝ၄၊ ၂ဝဝ၈၊ ၂ဝ၁၂၊ ၂ဝ၁၆
သမ္မတရွေးကောက်ပွဲများ- ၁၉၉၃၊ ၁၉၉၇၊ ၂ဝဝ၁၊ ၂ဝဝ၅၊ ၂ဝဝ၉၊ ၂ဝ၁၃ နှင့် ၂ဝ၁၇ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်(First Round/ Second Round) နှစ်ကြိမ်ရွေးချယ်ခဲ့သည်။ ယခုနောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ ၂ဝ၂ဝ ပါလီမန်ရွေးကောက်ပွဲ၊ ၂ဝ၂၁ သမ္မတ ရွေးကောက်ပွဲဖြစ်ပါသည်။
ရွေးကောက်ပွဲတစ်ခုစီတိုင်းကို မတူညီသော ရွေးကောက်ပွဲ စည်းမျဉ်းများဖြင့် ကျင်းပခဲ့ကြသည်။
၁၉၉၂ ခုနှစ်တွင်- Block Vote System
၁၉၉၆ ခုနှစ်တွင်- Party List and Candidate System
၂ဝဝဝ ပြည့်နှစ်တွင်- First Past the Post System
၂ဝ၁၂ ခုနှစ်ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု (Party List-PR) စနစ်နှင့် အနိုင်ရသူ အကုန်ယူ (FPTP)စနစ်နှစ်ခုကို ပေါင်းစပ်ကျင့်သုံးခဲ့သည်။ ၂၁-၄-၂ဝ၁၆ တွင် မွန်ဂိုလီးယား ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ (Party List-PR) စနစ်ကျင့်သုံးမှုကို ပယ်ချခဲ့သည်။ (Party List-PR) စနစ်သည် နိုင်ငံသားများမှ မိမိတို့ကိုယ်စားလှယ်ကို တိုက်ရိုက်ရွေးကောက်ခွင့်မရှိဟု ငြင်းချက်ထုတ်ခဲ့ကြသည်။ ရွေးကောက်ပွဲ မတိုင်မီ နှစ်လ
အလို ၅-၅-၂ဝ၁၆ တွင် ပါလီမန်သည် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ခဲ့ပြီး (Party List-PR) စနစ်ကို ပယ်ဖျက်ကာ Full Majority စနစ်ကိုကျင့်သုံးရန် ချမှတ်ခဲ့ကြသည်။
ဤအပြောင်းအလဲသည် မဲဆွယ်စည်းရုံးရေး ပြုလုပ်ရမည့် ကာလနှင့်အလွန် နီးကပ်နေပြီး လက်ရှိနိုင်ငံရေးပါတီများကို အခွင့်ပိုသာစေကာ မဲဆန္ဒရှင်များကို အသိပညာပေးချိန် နည်းသည်ဟု ဝေဖန်ခဲ့သည်။ ရွေးကောက်ပွဲကို တာဝန်ယူသော အထွေထ ွေရွေးကောက်ပွဲကော်မရှင်(GEC) အနေဖြင့်လည်း ယခုလို အနီးကပ် ပြောင်းလဲခြင်းအားဖြင့် စီစဉ်လျာထားသော ရွေးကောက်ပွဲ အသုံးစရိတ် ပမာဏထက် ပိုမိုကုန်ကျခဲ့သည်။ ရွေးကောက်ပွဲဥပဒေကို ၂၂-၁၂-၂ဝ၁၉ ရက်နေ့တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
နိုင်ငံရေးပါတီများ
မွန်ဂိုလီးယားနိုင်ငံတွင် ပါတီများစွာရှိသည်။ မွန်ဂိုလီးယားနိုင်ငံသည် ပါတီစုံ ယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေး စနစ်ကို တည်ထောင်ခဲ့သည်။ မွန်ဂိုလီးယား နိုင်ငံတွင် ယခင်က အဓိကအားဖြင့် ပါတီကြီး နှစ်ခုရှိခဲ့သည်။ The Mongolian People's Revolutionary Party (MPRP) နှင့် The Democratic Party(DP) တို့ဖြစ်ပါသည်။ The Mongolian People's Revolutionary Party (MPRP) သည် ၁၉၉၂ ခုနှစ်၊ ၂ဝဝဝ ပြည့်နှစ် ပါလီမန်ရွေးကောက်ပွဲ၊ ၁၉၉၇၊ ၂ဝဝ၁၊ ၂ဝဝ၅ သမ္မတ ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ The Mongolian People's Revolutionary Party (MPRP) ပါတီသည် ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးရေအများဆုံးဖြင့် ပါလီမန်ကို အုပ်ချုပ်ခဲ့ပြီး ဆန့်ကျင်ဘက်ပါတီက သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၇- ၂ဝဝဝ ပြည့်နှစ်တွင် The Mongolian People's Revolutionary Party (MPRP) ပါတီသည် သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး ဆန့်ကျင်ဘက်ပါတီက ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးရေအများဆုံးဖြင့် ပါလီမန်ကို တာဝန်ယူခဲ့သည်။ ထိုစနစ်ကို Semi-Presidential System အတူတကွ ပေါင်းစပ်အုပ်ချုပ်သော ကာလဟုခေါ်သည်။ The Mongolian People's Revolutionary Party (MPRP) ပါတီသည် ခုနစ်နှစ်နီးပါး နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ဆိုဗီယက်နှင့် တရုတ်နိုင်ငံအကြား အခြေအနေကို ထိန်းညှိအုပ်ချုပ်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်တွင် ပြည်သူများမှ The Mongolian People's Revolutionary Party (MPRP) အစိုးရကိုနုတ်ထွက်ရန် တောင်းဆိုခဲ့ပြီးနောက် One Party Communist State စနစ် အဆုံးသတ်ကြောင်း ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးစနစ်သည် ၁၉၉၂ ခုနှစ်တွင် ချမှတ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာစည်းမျဉ်းအသစ်များအရ ပါလီမန်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းခဲ့သည်။ ဆိုဗီယက်ယူနီယံ အကူအညီမပါသော ဆယ်စုနှစ် လွန်ခဲ့ပြီးနောက် မွန်ဂိုလီးယားနိုင်ငံသည် နိုင်ငံခြား ပဋိညာဉ်ဖြင့် ကုန်သွယ်မှုများကိုချဲ့ထွင်ခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံ့အမြင့်ဆုံး ဥပဒေဖြစ်သည်။ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ အာရှတွင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ အာဏာကို သမ္မတနှင့် ပါလီမန် (The State Great Hural-Uisyn Ikh Khural ) အကြား ခွဲဝေထားသည်။ The Mongolian People's Revolutionary Party (MPRP) သည် ၁၉၉၂၊ ၂ဝဝဝ ပြည့်နှစ် ပါလီမန်ရွေးကောက်ပွဲ၊ ၁၉၉၇၊ ၂ဝဝ၁၊ ၂ဝဝ၅ သမ္မတ ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်တွင် ကိုယ်စားလှယ်လောင်း ဦးရေ ၅ဝ နေရာသာရှိခဲ့သည်။
ရွေးကောက်တင်မြှောက်ခြင်း
၁၉၉ဝ ပြည့်နှစ်တွင် ပထမဆုံး လွတ်လပ်ပြီး ပါတီစုံ ပါဝင်သောရွေးကောက်ပွဲ(လွှတ်တော်နှစ်ရပ်ပါဝင်သော) ရွေးကောက်ပွဲကို ၂၉-၇-၁၉၉ဝ ပြည့်နှစ်တွင် ကျင်းပခဲ့သည်။ ရွေးကောက်ပွဲ ကိုယ်စားလှယ် အရေအတွက်ကို ခရိုင်လူဦးရေအပေါ် မူတည်ပြီး ရွေးချယ်သည်။ ဆန္ဒမဲ လက်မှတ်ပေါ်တွင်ရှိသော ပါတီအရေအတွက်၊ ကိုယ်စားလှယ် အရေအတွက်သည် ခရိုင်အတွင်း မှတ်ပုံတင်ထားသောပါတီအရေအတွက်၊ ကိုယ်စားလှယ် အရေအတွက် အတိုင်းသာဖြစ်သည်။ လူတစ်ဦးသည် ခရိုင်တစ်ခုတည်း၌သာ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။ ကိုယ်စားလှယ်လောင်း တစ်ဦးသည် မိမိဝင်ရောက် ယှဉ်ပြိုင်သော ခရိုင်အတွင်း အနည်းဆုံးထောက်ခံမဲ ၂၅% ရရှိရမည်။ မဲပေးသည့်အခါ အမှတ်ခြစ်၍ ဆန္ဒပြုခြင်းစနစ်ကို ကျင့်သုံးသည်။ မဲပေးသူ ၅ဝ% ရှိမှသာ မဲပေးခြင်း အထမြောက်မည် ဖြစ်သည်။ မွန်ဂိုလီးယားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို နှစ်ကျော့ပြန် ရွေးကောက်တင်မြှောက်ခြင်း စနစ်(Two Round System) ကျင့်သုံးပြီး လေးနှစ်တစ်ကြိမ် သမ္မတကို ရွေးကောက်တင်မြှောက်သည်။ နှစ်ကျော့ပြန် ရွေးကောက်တင်မြှောက်ခြင်း စနစ် (Two Round System) ဆိုသည်မှာ အနိုင်ရသော ကိုယ်စားလှယ်လောင်းသည် ဆန္ဒမဲအများစုကို အပြတ်အသတ် ရရှိမှသာ(တစ်နည်းအားဖြင့် ထောက်ခံမဲပေးသူ ၅ဝ% ကျော်မှသာ) အရွေးခံရမည်ဖြစ်သည်။ ယင်းရွေးကောက်ပွဲ စနစ်များတွင် ပထမအကြိမ် မဲပေးရုံဖြင့်
လွှတ်တော်ကိုယ်စားလှယ် မပေါ်ထွက်လာပါက မဲအများစု အနိုင်ရသူကို တင်မြှောက်နိုင်ရန် မဲဆန္ဒရှင်တို့၏ ဒုတိယဦးစားပေး ရွေးချယ်မှုကို အသုံးပြုကြသည်။ ဝန်ကြီးချုပ်ကို ပါလီမန်မ ှရွေးချယ်သည်။ လက်ရှိကျင့်သုံးနေသော အစိုးရစနစ်သည့် Unitary Semi-Presidential Republicဖြစ်သည်။ ပါလီမန်တစ်ရပ်သာရှိပြီး ပါလီမန်ကို ၇၆ နေရာဖြင့် ဖွဲ့စည်းထားသည်။ ပါလီမန်ကို (State Great Hural-Uisyn Ikh Khural ) ဟု လည်းခေါ်သည်။ ၇၆ နေရာရှိသည့်အနက် ၄၈ နေရာ ကို ကိုယ်စားလှယ် အများစုပါသော မဲဆန္ဒနယ်များတွင် မဲဆန္ဒရှင်အများစု၏ ဆန္ဒမဲဖြင့် ရွေးချယ်သော စနစ် (Plurality Vote in Multi-Member Constituencies)ဖြင့် ရွေးချယ်သည်။ ၂၈ နေရာကို စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် (Closed-List Proportional Representation System)ဖြင့် ရွေးချယ်သည်။
မဲဆန္ဒနယ်တစ်ခုစီ၌ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် အနည်းဆုံး ၅ဝ ရာခိုင်နှုန်းမဲလာပေးလျှင် အထမြောက်သည်။ ပါလီမန် (The State Great Hural-Uisyn Ikh Khural ) ၏ ကိုယ်စားလှယ်များ သေဆုံးခြင်း၊ နုတ်ထွက်ခြင်း၊ ပြစ်ဒဏ်ကျခံခြင်းများ ရှိပါက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည်။ မဖြစ်မနေ မဲပေးရသော စနစ်ဖြစ်ပြီး လျှို့ဝှက်မဲပေးသော စနစ်ကိုကျင့်သုံးသည်။ ပါလီမန် (The State Great Hural-Uisyn Ikh Khural ) )ကို လေးနှစ်တစ်ကြိမ် ရွေးချယ်သည်။ မဲဆန္ဒရှင် ၃ ပုံ ၂ ပုံ မဲပေးရန် လိုအပ်သည်။ ပါလီမန် (The State Great Hural-Uisyn Ikh Khural)၏တာဝန်မှာ အစည်းအဝေးကျင်းပခြင်း၊ ဆွေးနွေးပွဲများ၊ ဥပဒေမူကြမ်း စိစစ်ခြင်း၊ နှစ်စဉ်ဘတ်ဂျက် ရေးဆွဲခြင်း၊ ပြည်တွင်းရေး၊ နိုင်ငံခြားရေး မူဝါဒချမှတ်ခြင်း၊ အရေးပေါ် ခြေအနေကြေညာခြင်း၊ စစ်ကြေညာခြင်း၊ နိုင်ငံတကာနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်သည်။ သမ္မတသည် ပါလီမန်နှင့်အတူတာဝန်ရှိသည်။ သမ္မတသည်ကာကွယ်ရေးစစ်ဦးစီးချုပ်ဖြစ်ပြီး အမျိုးသား လုံခြုံရေးကောင်စီ၏ အကြီးအကဲလည်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် သမ္မတကို ဥပဒေပြုရေးဆွဲနိုင်ခွင့် ပေးအပ်ထားသည်။ ပါလီမန်မှထုတ်ပြန်သော ဥပဒေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဗီတိုဖြင့်ပယ်ခွင့်ရှိသည်။
၂ဝ၁၉ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့သည်။ ဝန်ကြီးချုပ် ရွေးချယ်ရန် လုပ်ထုံးလုပ်နည်း ပြင်ဆင်ခြင်းနှင့် ပါလီမန်အစည်းအဝေးကာလလျှော့ချခြင်း တို့ကိုပြင်ဆင်ခဲ့သည်။ သမ္မတရာထူး အပ်နှင်းပွဲအခမ်းအနားသည် အကြီးဆုံးအခမ်းအနားဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။