ဈေးကွက်ခိုင်မာမှု ရှိသည့်အပြင် တာရှည် သိုလှောင်ထားနိုင်သော ကော်ဖီသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးရန် လိုအပ်
ပြည်တွင်းရှိ တောင်သူများအနေဖြင့် ဈေးကွက်ခိုင်မာမှုရှိသည့်အပြင် တာရှည် သိုလှောင်ထားနိုင်သော ကော်ဖီသီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်လျက် ရှိကြောင်း ကော်ဖီစိုက်ပျိုးရေး အထူးပြုပညာရှင် ဦးစောရန်နိုင်စိုး၏ ပြောဆိုချက်အရ သိရသည်။
''တောင်သူတွေအနေနဲ့ စိုက်ပျိုးဖို့ ထည့်သွင်း စဉ်းစားသင့်တဲ့ သီးနှံအမျိုးအစားထဲမှာ ကော်ဖီသီးနှံ ပါဝင်ပါတယ်။ တောင်သူတွေ အမြတ်ရရှိမှု နည်းနေတာက စိုက်ပျိုးရေးပိုင်းမှာထက် ဈေးကွက်မှာ ဈေးကောင်းမရလို့ပါ။ ဘာဖြစ်လို့ ဈေးကောင်းမရတာလဲ ဆိုရင် တောင်သူတွေအနေနဲ့ ဈေးကွက် ခိုင်မာမှုမရှိတဲ့ သီးနှံတွေနဲ့ သိုလှောင်သိမ်းဆည်း ထားလို့မရတဲ့ သီးနှံတွေကို စိုက်ပျိုးမိလို့ဖြစ်ပါတယ်။ ကော်ဖီသီးနှံက စနစ်တကျ သိုလှောင်ထားမယ်ဆိုရင် သုံးနှစ်ကနေ ငါးနှစ်အထိ သိုလှောင်ထားလို့ရတယ်။ ဒါကြောင့် ကော်ဖီသီးနှံကို တိုးချဲ့ စိုက်ပျိုးသင့်ပါတယ်'' ဟု ဦးစောရန်နိုင်စိုးကပြောသည်။
တောင်သူများစိုက်ပျိုးသည့် သီးနှံအများစုမှာ တာရှည်သိုလှောင်၍ မရသဖြင့် ဈေးကွက် မကောင်းချိန်ဖြစ်သော်လည်း ရရာဈေးနှုန်းများဖြင့် အလျဉ်းသင့်သလို ရောင်းချရကြောင်းနှင့် ပြည်တွင်းမှ ကော်ဖီကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ ရောင်းချနေသည့်အပြင် ယခုနှစ်တွင် မြန်မာ့ကော်ဖီ ဈေးကွက်ပိုမို ကောင်းမွန်လာကြောင်း သိရသည်။