ကိုဗစ်နှင့် ရောနှောသွားနိုင်တဲ့ ဗိုင်းရပ် ရောဂါနှစ်မျိုး
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ယှဉ်တွဲဖြစ်ပွားနေတာက လူ့တုပ်ကွေး(A/H¹N¹)ဗိုင်းရပ်ရောဂါနဲ့ သွေးလွန်တုပ်ကွေး(Dengue)တို့ပဲဖြစ်တယ်။ ရာသီတုပ်ကွေးကို ကပ်ရောဂါအသွင် ၂ဝ၁၇ ခုနှစ်က ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံမှာ ၃၇ ဦးသေဆုံးခဲ့ဖူးတယ်။ ဖြစ်ပွားသူ ရာကျော်ခဲ့တယ်။ ၂ဝ၁၈ ခုနှစ်မှာ ရာကျော်ဖြစ်ပွားခဲ့ပြီး လူနာ ၁ဝဝ ခန့် သေဆုံးခဲ့ရတယ်။ ၂ဝ၁၉ ခုနှစ် မိုးကာလကလည်း ထောင်နဲ့ချီဖြစ်ပွားခဲ့ပြီး လူ ၂ဝဝ ကျော်သေဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံနဲ့တစ်ပြိုင်နက် ဖြစ်ခဲ့တဲ့ သြစတြေးလျနိုင်ငံမှာ တုပ်ကွေးကာကွယ်ဆေး ထိုးနှံပြီးသူ ၁၆ သန်းထိရှိခဲ့ပြီး မြန်မာနိုင်ငံမှာ အစိုးရအစီအစဉ်နဲ့ တုပ်ကွေးကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းနဲ့ အသက် ၆၅ နှစ်အထက် ဘိုးဘွားများ ဦးစားပေး ထိုးနှံပေးခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ မိုးကာလဖြစ်တဲ့ ဇွန်လမှ အောက်တိုဘာလထိ စိုစွတ်ပူနွေးတဲ့ ကာလမှာတုပ်ကွေးဖြစ်နိုင်ခြေ များပါတယ်။ လူ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေက (၁)ချောင်းဆိုးခြင်း၊
(၂)အပြင်းအထန်ဖျားနာခြင်း၊
(၃)နှာရည်ယို၊ နှာစေးခြင်း၊
(၄)ခေါင်းကိုက်ခြင်း၊
(၅)ကိုယ်လက်များနာကျင်ကိုက်ခဲခြင်း၊
(၆)မောပန်းလွယ်ခြင်း၊
(၇)အသက်ရှူကျပ်ခြင်း၊
(၈)ခြေဖျားလက်ဖျားအေးစက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း
(၉)ပြင်းထန်ပါက သတိလစ်မေ့မြောခြင်း
(၁ဝ)သေဆုံးခြင်းတို့ဖြစ်တယ်။
လူ့တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နည်းတွေက
(၁)နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်၊ နှာခေါင်းတို့ကို လက်ကိုင်ပဝါ၊ တစ်ရှူးနဲ့ တံတောင်ဆစ်တွေကာရံကာဆိုးသင့်တယ်။
(၂)လက်ကို ဆပ်ပြာ၊ ရေတို့နဲ့စက္ကန့် ၂ဝ ကျော်ကြာ ပွတ်တိုက်ဆေးကြောရမယ်။
(၃)တုပ်ကွေးဖြစ်သူနဲ့ အနည်းဆုံး ၆ ပေအကွာမှာနေသင့်တယ်။
(၄)ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်းမပြုသင့်ပါဘူး။
(၅)နှာခေါင်းစည်း(N95)စည်းထားသင့်တယ်။သုံးပြီးတစ်ရှူး၊ နှာခေါင်းစည်းများကို သေချာစွန့်ပစ်သင့်တယ်။
(၆)တုပ်ကွေးဖြစ်ပါက စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။
(၇)တုပ်ကွေးကာကွယ်ဆေး(Vaxigrip Tetra)ကို ထိုးနှံထားသင့်ပါတယ်။
တုပ်ကွေးရဲ့ပစ်မှတ်က လူစုလူဝေးဖြစ်စေတဲ့ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ အားကစားကွင်း၊ ရုံးများဖြစ်တယ်။ တုပ်ကွေး သံသယရှိရင် ကျောင်း(သို့) အလုပ်မှခွင့်ယူစေကာ စနစ်တကျ သီးခြားကုသခံယူ အနားယူစေခြင်းက အခြားသူထံ ကူးစက်မှုလျော့နည်းစေပါတယ်။ ရောဂါရှိသူရဲ့ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားကျယ်ကျယ်ပြောခြင်း၊ လိင်ဆက်ဆံခြင်း၊ ရောဂါရှိသူရဲ့သွေးသွင်း ကုသခြင်းစတာတွေကနေ ထပ်ဆင့်ရောဂါ ကူးစက်နိုင်လို့ စနစ်တကျ ကုသမှုခံယူကာ နေကောင်းသွားမှသာ ရုံး၊ ကျောင်းစတာ ပြန်လည်တက်ရောက်စေသင့်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အနေနဲ့ လူ့တုပ်ကွေးနဲ့ လူသေဆုံးမှုတွေ ရှိခဲ့စဉ်က လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ဆားစ်(SARs) ရောဂါလူနာတို့လို ရာသီတုပ်ကွေး အဖြစ်များတဲ့ကာလမှာ ရောဂါပိုးစစ်ဆေးပေးရေး၊ ကာကွယ်ဆေး ထိုးနှံပေးရေးတို့ ဓာတ်ခွဲအတည်ပြု စစ်ဆေးခြင်း(Surveillance)တို့ ဆောင်ရွက်ခြင်း၊ အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနတို့အနေနဲ့ နည်းပညာ ပူးပေါင်းမှု(Teleconference)များ ပုံမှန်ပြုလုပ်ဆောင်ရွက်ခြင်း၊ ဆေးရုံတွေမှာ ရောဂါထိန်းချုပ်ကုသခြင်း၊ ဘဏ္ဍာငွေ ရရှိမှုနဲ့အညီ ရောဂါကူးစက်မှု၊ ရောဂါကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ်မှု လုပ်ငန်းစဉ်တွေ ဦးစားပေး သတ်မှတ်ခြင်း၊ ပဋိဇီဝတိုက်ကျွေး အစီအစဉ် ထွက်ပေါ်လာစေခြင်း၊ ရောဂါကူးစက်မှု ကာကွယ် တားဆီးရေးနဲ့ ထိန်းချုပ်ရေးဆေးရုံများ ထွက်ပေါ်လာအောင် ဆောင်ရွက်ခြင်း၊ ဆေးရုံကူးစက်ရောဂါများ၊ စောင့်ကြပ်ကြည့်ရှုဆောင်ရွက်ခြင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရဲ့ စွမ်းဆောင်နိုင်မှုမြှင့်တင်ရေး၊ ပဋိဇီဝဆေး ယဉ်ပါးမှုမဖြစ်စေရေး၊ သုတေသန အားဖြည့်ဆောင်ရွက်ရေး အကြံပြုထားသလို ကာကွယ်ဆေး ထိုးနှံခိုင်းဖူးတယ်။
ပြီးခဲ့တဲ့ ဇွန်လမှသြဂုတ်လအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုနဲ့အတူ တုပ်ကွေး(A/H¹N¹)ရောဂါလည်း ဖြစ်ပွားနေခဲ့တယ်။ ဆိုရရင် တုပ်ကွေးရဲ့ လက္ခဏာနဲ့ ကိုဗစ်ရဲ့လက္ခဏာနဲ့ ဆင်တူနေပြီး ရောဂါပြင်းထန်ပါက အောက်ဆီဂျင် ကျဆင်းသွားလို့အောက်ဆီဂျင်ရှူဖို့ အရေးပေါ် လိုအပ်တာပဲ ကွာသွားတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမို့ တုပ်ကွေး(A/H¹N¹)နေရာမပေးခဲ့တာလည်း ပါဝင်နေတယ်။
အချို့တစ်အိမ်လုံး လူ့တုပ်ကွေးကူးစက်ခံရလို့ ကိုဗစ်-၁၉ အကြောက်လွန် ရောဂါမျိုးခံစားရတဲ့ထိ လူ့တုပ်ကွေး ဖြစ်ပွားမှုများခဲ့ပါတယ်။
ကိုဗစ်ကာလ အခြား ဗိုင်းရပ်ကူးစက်မှုတစ်ရပ်မှာ ခြင်ကြောင့် ခြင်ကျား (Ades Aggipti) ကိုက်လို့ ဖြစ်ပွားရတဲ့သွေးလွန်တုပ်ကွေး (DHF- Dengue Haemarrhague Fever) ပဲဖြစ်တယ်။ သွေးလွန်တုပ်ကွေးမှာလည်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက် ၁၅ နှစ်အထက် လူငယ်များ၊ အသက် ၄ဝ-၈ဝ ကြား လူကြီးတွေပါ ဖြစ်ပွားလာကြကာကလေးငယ်တွေဖြစ်ပွားရင် နောက်ဆက်တွဲ ဆိုးကျိုးရှော့(DHS- Dengue Haemarrhague Shock)ဖြစ်ပွားတတ်လို့ ခြင်၊ လောက်လမ်းနှိမ်နင်းရေး စီမံချက်နဲ့အတူ ရှေ့ဆုံး ရောက်လာပြန်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေက ရုတ်တရက်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အနီစက်များ ထွက်ခြင်းတို့ဖြစ်တတ်ပြီး နှစ်ရက်မှလေးရက်အတွင်းမှာ အဖျားကြီးငြီးတတ်ခြင်း၊ အလွန်အမင်း ဆက်တိုက်အန်ခြင်း၊ အန်ပါကသွေးရောင် အညိုပါလာခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မှိန်းနေခြင်း၊ ခြေဖျားလက်ဖျား အေးစက်နေခြင်း စတဲ့လက္ခဏာတွေဖြစ်လာရင် မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ ဆေးရုံဆေးခန်းတို့သွားရောက် ကုသမှုခံယူသင့်ပါတယ်။
သွေးလွန်တုပ်ကွေးကာကွယ်ဆေး၊ ကုသဆေးမပေါ်သေးဘဲ ရောဂါလက္ခဏာအရ သက်သာစေဖို့သာ ကုသပေးနိုင်ပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်သူကို ဂရုစိုက်ပြီး ဓာတ်ဆားရည်များများ တိုက်ဖို့ လိုအပ်ပါတယ်။ နို့၊ ဟောလစ်၊ စွပ်ပြုတ်ရည်တိုက်နိုင်ပါတယ်။ ကော်ဖီစတဲ့အညိုရောင်အရည် မတိုက်သင့်ပါဘူး။ အေပီစီ၊ ဘက်စပရို၊ အင်နယ်ဂျက်ဆင် စတဲ့ အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေးတွေ မတိုက်သင့်ဘဲ အဖျားကြီးပါက ရေပတ်တိုက်ခြင်း၊ အဲယားကွန်း(Aircon)အခန်းမှာနားစေခြင်း၊ စအိုမှ ပါရာစီတမောတောင့်(Paracetamol Support Sitory)ထည့်နိုင်တယ်။ အဖျားကြီးလွန်းရင် ကလေးမတက်သွားအောင် တစ်ကိုယ်လုံးရေချိုးပေးတာ၊ တဘက်ပွကြီးနဲ့ သုတ်သင်ပေးပြီး အင်္ကျီပွ၊ ဘောင်းဘီပွပွ ဝတ်ပေးသင့်တယ်။ရေပတ် တိုက်ပေးသင့်ပါတယ်။ အဝတ်ထူထူ၊ စောင်ထူထူ အုပ်မပေးသင့်ပါဘူး။
ကလေးငယ်များ အဖျားကြီးလွန်းခြင်း၊ တက်ခြင်း၊ မှိန်းလွန်းခြင်းရှိရင် အစားအသောက်၊ အရည်၊ ဓာတ်ဆားရည်မဝင်ရင် မိသားစုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကော်ဖီရောင်(အညိုရောင်) ပါနေရင် ဆေးရုံတင်သင့်တယ်။ အဖျားကျပြီး လက်မောင်းနှင့် ခြေသလုံး အလွန်အမင်းအေးစက်နေရင် ဆေးရုံ အမြန်တက်သင့်ပါတယ်။ ကလေးငယ်ဟာရေဓာတ် သတ္တုဓာတ်လျော့ကျနေပြီး သွေးလန့်ခြင်း (Shock)ဖြစ်နိုင်ပါတယ်။ ကျောင်းနေအရွယ်တွေဖြစ်ရင်၊ အတန်းဖော် တွေသွေးလွန်တုပ်ကွေးကြောင့် ဆေးရုံ၊ဆေးခန်း တက်ရောက်ကုသခြင်းမျိုး ရှိနေရင် မပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့ပြရပါမယ်။
ဆေးရုံဆေးခန်းရောက်ရင် ပထမအဆင့် ကုသမှုက အရည်များများ၊ ဓာတ်ဆားရည်တိုက်ခြင်း၊ ဖျော်ရည်၊နို့၊ ဟောလစ်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ထမင်းရည်များများ တိုက်ပေးသင့်တယ်။ အန်ရင်နားနားပြီး တိုက်သင့်တယ်။ အဖျားကြီးရင် ရေချိုးချကာ ရေပတ်ဝတ် တိုက်ပေးသင့်ပါတယ်။ လည်ပင်း၊ ချိုင်း၊ ပေါင်တို့မှာ ရေအေးဝတ်၊ ရေခဲဝတ် တင်ပေးသင့်ပါတယ်။ ပါရာစီတမောဆေးပြား၊ ဆေးရည်တိုက်နိုင်တယ်။ ဒုတိယအဆင့်မှာ အဖျားကြီးလွန်းရင်၊ ကော်ဖီရောင်အန်ရင်၊ ဝမ်းမည်းမည်းသွားရင် ဆေးရုံအမြန်တက်သင့်ပါတယ်။ သွေးလိုရင်သွေးသွင်း၊ သွေးရည်ကြည်လိုရင် သွေးရည်ကြည်သွင်း ဒရစ်သွင်းပေးနိုင်တယ်။တတိယအဆင့်က ရုတ်တရက် အဖျားကျကာ ခြေဖျားလက်ဖျားအေးပြီး ကယောင်ကတန်းဖြစ်ခြင်း၊ မှိန်းလွန်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ရင် ဆေးရုံအမြန်တင်ကာ သွေးသွင်း (သို့) သွေးရည်သွင်း ကုသခြင်း၊ ဒရစ်ချိတ်ဆက် ကုသခြင်းမျိုးထိ လိုအပ်ပါတယ်။
သွေးလွန်တုပ်ကွေး မဖြစ်ဖို့ ကြိုတင်ကာကွယ်ခြင်းမှာ နေ့၊ ညခြင်မကိုက်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်။
ရေသိုလှောင်တဲ့ ရေကြည်အိုးတွေ၊ ရေလှောင်ကန်တွေ လုံခြုံအောင် အုပ်ထားသင့်တယ်။ ဘုရားစင်၊ ပန်းအိုး၊ ကြောင်အိမ်အောက်၊ ရေခွက်တွေ နေ့စဉ်ရေလဲပေးသင့်ပါတယ်။ မိုးရေတင်နိုင်တဲ့ ဘူးခွံ၊ ပုံးခွံ၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ ပလတ်စတစ်အိတ်၊ အုန်းမှုတ်ခွက်တို့ကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။ အိမ်တွင်းအိမ်ပြင် သန့်ရှင်းစွာ ထားသင့်တယ်။ လေဝင်လေထွက်၊ လေကောင်းလေသန့် ရရှိဖို့၊ အလင်းရဖို့ ပြတင်းပေါက်တွေ ဖွင့်ထားရမယ်။ ကလေးငယ်တွေ အိပ်တဲ့အခါ နေ့၊ ည ဆေးစိမ်ခြင်ထောင် (သို့) ခြင်ထောင်နဲ့အိပ်သင့်တယ်။ ကလေးငယ်ကို ခြင်မကိုက်အောင် ခြင်ဆေး (Repoto) လိမ်းခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်စေကာ ခြင်နှိမ်နင်းရေး ပြုလုပ်သင့်ပါတယ်။ဒီဒီတီ(DDT) မာလီသီယွန်(Malathion)ဆေးမှုတ်ခြင်း ပြုသင့်ပါတယ်။ ကျန်းမာရေး ပညာပေးခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ လုပ်ပေးသင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်