အဘိဓမ္မာလင်းရောင်ဖြာမြဲ ဝါကျွတ်ပွဲ

အဘိဓမ္မာလင်းရောင်ဖြာမြဲ ဝါကျွတ်ပွဲ

သီတင်းကျွတ်လသည် မြန်မာလတစ်ဆယ့်နှစ်လတွင် သတ္တမမြောက်လဖြစ်ပြီး ဝါလကင်းလွတ်သီတင်းကျွတ်အဆိုနှင့်အညီ ရဟန်းသံဃာများ သီလကျင့်သုံးနေထိုင်ခဲ့သည့် ဝါတွင်းကာလမှ လွတ်မြောက်ခြင်းဖြစ်ရာ ရဟန်းရှင်လူပြည်သူအပေါင်း စိတ်လက် ပေါ့ပါးစွာ နေထိုင်သွားလာနိုင်ပြီဖြစ်သည့်လဟု ဆိုရပါမည်။ သီတင်းကျွတ်လအား ပုဂံခေတ်တွင် သန်တူလ (သန္တူလ) ဟုလည်း ကောင်း၊ သက္ကရာဇ် ၅၇၄ခုနှစ်တွင် ရေးထိုးခဲ့သည့် တုရင်းတောင်စောရဟန်းသိမ်ကျောက်စာတွင် သတင်းချွတ်(သီတင်းစောင့်သူတို့မှ ချွတ်လွတ်ကုန်ဆုံးစေသည်) ဟုလည်းကောင်း၊ အင်းဝခေတ် သက္ကရာဇ် ၈၀၀ ခန့်မှစ၍သတင်းကျွတ်ဟုသုံးစွဲရာမှ နှောင်းပိုင်းတွင် သီတင်းဝါလကင်းလွတ်သည်ကိုအမှီပြု၍ သီတင်းကျွတ်လ/ဝါကျွတ်လဟူသည့် ဝေါဟာရ ဖြစ်လာခဲ့ပါသည်။

သီတင်းကျွတ်လတွင် (ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး) ဆိုစကားအရ လက်ကျန်မိုးသည် သဲကြီးမဲကြီး ရွာသွန်းနှုတ်ဆက်တတ်ပြီး ထိုမိုးရွာသွန်းသဖြင့် ဘုရားကျောင်းကန်ရှိ ဆွမ်းတင်ပလ္လင်များ ဆေးကြောသကဲ့သို့ဖြစ်ကြောင်းနှင့် မြတ်ဗုဒ္ဓသည် တာဝတိံသာ နတ်ပြည်တွင် အဘိဓမ္မာတရားဟောကြား၍ လူ့ပြည်သို့ ပြန်လည်ဆင်းသက်သည်ကို အကြောင်းပြုကာ(ပလ္လင်ဆင်းမိုး၊ ရွာသွန်းဖြိုး) ဟုလည်းခေါ်ဆိုကြပါသည်။ သီတင်းကျွတ်လသည် တူရာသီဖြစ်ပြီး ရာသီနက္ခတ်မှာ အသဝနီနက္ခတ်ဖြစ်၍ စန်းယှဉ်တာရာမှာ ကျီးတာရာဖြစ်ကာ ရာသီရုပ်သည် ချိန်ခွင်ကိုင်သည့်လူရုပ်ဖြစ်ပါသည်။ ရက်ရာဇာမှာ အင်္ဂါတစ်ရက်သာဖြစ်ပြီး ပြဿဒါးသည် တနင်္ဂနွေ၊ တနင်္လာရက်များ ဖြစ်သည်။ ရာသီပန်းသည် ကြာပန်းဖြစ်သည်။

မီးထွန်းပူဇော်ခြင်းဓလေ့

မီးမြင်းမိုရ်ပွဲ၊ တာဝတိံသာပွဲဟုခေါ်ဆိုသည့် သီတင်းကျွတ်မီးထွန်းပွဲသည် အထင်ကရဖြစ်သလို တစ်နိုင်ငံလုံးပါဝင်ဆင်နွှဲကြပါသည်။ မြတ်ဗုဒ္ဓသည် ခုနစ်ဝါမြောက်ဖြစ်သည့်  မဟာသက္ကရာဇ်  ၁၀၉ ခုနှစ်တွင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို နေ့ညမပြတ် ဟောကြားတော်မူပါသည်။ ဝါတွင်းသုံးလ ကုန်ဆုံးသည့် သီတင်းကျွတ်လပြည့်နေ့တွင် နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်လူ့ပြည်သို့ ဆင်းသက်ခဲ့ရာ တောင်ဘက်တံခါးဝသို့ ရောက်ရှိချိန်သည် နေလုံးကွယ်ပျောက်၊ ညချမ်းအချိန်ရောက်ပြီဖြစ်၍ ဘုရင်ကြီးနှင့်တကွ တိုင်းသူပြည်သားတို့မှ ဆီမီးတန်ဆောင်ထွန်းညှိပူဇော်ခဲ့ကြပါသည်။

မြတ်ဗုဒ္ဓသည် သိကြားမင်းဖန်ဆင်းသည့် စောင်းတန်းသုံးသွယ်အနက် အလယ်ဖြစ်သည့် ပတ္တမြားစောင်းတန်းမှ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးလျက်ဆင်းသက်ပြီး ရွှေစောင်းတန်းမှ နတ်ဒေဝါများသည်လည်းကောင်း၊ ငွေစောင်းတန်းမှ ဗြဟ္မာကြီးတို့သည် လည်းကောင်းခြံရံလိုက်ပါကြပါသည်။ ထို့အတူ ပဉ္စသိင်္ခနတ်သားသည် သုံးဂါဝုတ်ပမာဏရှိသော ဗေဠုဝနတ်စောင်း တီးခတ်၍ လည်းကောင်း၊ မာတလိနတ်သားသည် ပန်းနံ့သာအမွှေးအကြိုင်များဖြင့်လည်းကောင်း၊ သုယာမနတ်မင်းသည် စာမရီသားမြီးယပ် ခတ်၍လည်းကောင်း၊ သန္တုသိတနတ်မင်းသည် ပတ္တမြားရပ်ဝန်းခတ်၍လည်းကောင်း၊ သိကြားမင်းသည် ဝိဇယုတ္တရခရုသင်းမှုတ်၍ လည်းကောင်း လိုက်ပါပူဇော်ပါသည်။

အဘိဓမ္မာတရားတော်

မြတ်ဗုဒ္ဓသည်ခြောက်ဝါလွန်မြောက်၍ ခုနစ်ဝါဖြစ်သည့် မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် တာဝတိံသာရှိမယ်တော် သန္တုသိတနတ်သား အား ကျေးဇူးဆပ်ခြင်းငှာ နတ်ဗြဟ္မာအပေါင်းသို့ ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာဒေသနာကို နေ့ညမပြတ် ဟောကြား တော်မူပါသည်။ ဟောကြားသည့်နေရာသည် တာဝတိံသာနတ်ပြည် သုဒဿနမြို့တော်၏ အရှေ့မြောက်ထောင့် ဧကပုဏ္ဏရိကာ ဥယျာဉ်တော်ရှိ ပင်လယ်ကသစ်ပင်ရင်း၏ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာထက်မှ ဖြစ်ပါသည်။ ထိုသို့ ဟောကြားရာတွင် လူသားဘုရား အနေဖြင့် နတ်အာဟာရကိုမမှီဝဲဘဲ လူ့ပြည်လူ့ရွာမြောက်ကျွန်းသို့ ဆင်းသက်ဆွမ်းခံကြွပြီး လူတို့လောင်းလှူသည့် အာဟာရကိုသာ ဘုဉ်းပေးတော်မူပါသည်။ ဆွမ်းခံကြွနေစဉ် ဟောကြားမှုမပြတ်စေရန် ကိုယ်စားဖန်ဆင်းထားသည့် နိမ္မိတဘုရားရှင်မှ ဆက်လက် ဟောကြားခဲ့ကြောင်း သိရပါသည်။ ဘုရားရှင်အဆက်ဆက် အဘိဓမ္မာတရားတော်အား လူ့ပြည်၌မဟောဘဲ နတ်ပြည်၌သာ ဟောကြားခြင်းမှာ အဘိဓမ္မာ၏ ရှည်လျားသည့် ဒေသနာစဉ်အား လူသားတို့ ဣရိယာပုဒ်တစ်မျိုးတည်းဖြင့် ပြီးဆုံးအောင် နာယူနိုင်စွမ်းမရှိ၍ ဖြစ်ကြောင်း သိရပါသည်။

အဘိဓမ္မာ(၇) ကျမ်းတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းတို့ပါဝင်ပြီး ဓမ္မသင်္ဂဏီသည် ကုသိုလ်၊ အကုသိုလ်အကျဉ်းကို ဟောကြားခြင်းဖြစ်ကာ  ခန္ဓာအစရှိသည့်တရားအား သုတ္တန်နည်း၊ အဘိဓမ္မာနည်းဖြင့် အမေးအဖြေ ပြုဟောကြားခြင်းသည် ဝိဘင်းကျမ်းဖြစ်ပါသည်။ ဓာတုကထာသည် ဓာတ်အမျိုးမျိုးအကြောင်း ဟောကြားခြင်းဖြစ်၍ ပုဂ္ဂိုလ် အမျိုးမျိုးခွဲခြား သတ်မှတ်သည့်တရားသည် ပုဂ္ဂလပညတ်ဖြစ်ပါသည်။ အယူဝါဒနှင့်ဆိုင်ပြီး အဘိဓမ္မာ အနှစ်သာရ ပြည့်စုံသည့် ကျမ်းအားကထာဝတ္ထုဟုခေါ်ဆို၍ အနုလုံပဋိလုံဟောကြားသည့် ကျမ်းသည် ယမိုက်ဖြစ်ပါသည်။ အဘိဓမ္မာ(၇)ကျမ်း တွင်နောက်ဆုံး ဖြစ်သလို (၂၄) ပစ္စည်းဖြင့် ဝေဖန်အပ်သောကျမ်း၊ သဗ္ဗညုတဉာဏ်တော်ကျက်စားရာကျမ်းသည် ပဋ္ဌာန်းကျမ်းတော်ကြီးဖြစ်သည်။

မြတ်ဗုဒ္ဓသည် အဘိဓမ္မာ (၇) ကျမ်းအား နတ်ဗြဟ္မာပရိသတ်သို့ အကျယ်နည်းဖြင့်ဟောကြား၍ ရှင်သာရိပုတ္တရာအား အကျဉ်းနည်း ဖြင့် ပြန်လည်ဟောကြားကာ ရှင်သာရိပုတ္တရာမှ လင်းနို့သားဖြစ်ခဲ့ဖူးသည့် ရဟန်းငါးရာသို့ မကျဉ်းမကျယ်၊ အလယ်အလတ် ပြန်လည် ဟောကြားခဲ့ပါသည်။ နတ်ဗြဟ္မာပရိသတ်အား အဘိဓမ္မာတရားဟောကြားပြီးဆုံးသည့်နေ့၊ ရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားပြီးဆုံးသည့် နေ့နှင့်ရှင်သာရိပုတ္တရာမှ မဇ္ဈိမဒေသရှိရဟန်းငါးရာအား မကျဉ်းမကျယ်၊ အလယ်အလတ် ဟောကြားပြီး ဆုံးသည့်နေ့များသည်  သီတင်းကျွတ်လပြည့်နေ့ဖြစ်ရာ သီတင်းကျွတ်လပြည့်နေ့အား အဘိဓမ္မာအခါတော်နေ့အဖြစ်လည်း သတ်မှတ် ပါသည်။ အဘိဓမ္မာတရားတော်သည် မြတ်ဗုဒ္ဓဟောကြားခဲ့သည့် ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်၏ တစ်ဝက်မျှသာ ဖြစ် ကြောင်း သိရပါသည်။

မီးပုံးပျံလွှတ်တင်ခြင်း

သီတင်းကျွတ်ကာလတွင် မီးထွန်းပူဇော်ခြင်းသာမက တာဝတိံသာရှိစူဠာမဏိ စေတီတော်အား ရည်စူး၍မီးပုံးပျံ လွှတ်တင် ပူဇော်မှုလည်းရှိပါသည်။ ဘုရားအလောင်းသည်အနော်မာသောင်ကမ်းတွင် ဆံတော်ပယ်၍ ထက်ကောင်းကင်သို့မြှောက်တင်ခဲ့ရာ သိကြားမင်းမှ ရွှေပန်းတောင်းဖြင့်ခံယူပြီး စူဠာမဏိစေတီတော် တည်ထားဌာပနာခဲ့ပါသည်။ စူဠာမဏိစေတီကို ရည်မျှော်၍ သီတင်းကျွတ်လတွင် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းများ ပြုလုပ်ခြင်းဖြစ်ပါသည်။

ဝါလည်းကျွတ်၊ မိုးလည်းလွတ်စကားနှင့်အညီ သီတင်းကျွတ်လမှစ၍ ရာသီဥတုပွင့်လင်းခဲ့ပြီဖြစ်ရာ ဗုဒ္ဓဘာသာဝင်တို့၏ သီတင်းကျွတ်ပွဲ (ဝါ) ဝါကျွတ်ပွဲသည် အလှူအတန်း၊ စတုဒိသာ၊ နိဗ္ဗာန်ဈေးများဖြင့် စည်ကားသိုက်မြိုက်မည်ဖြစ်ပါသည်။ ထို့အတူ လူငယ်၊ လူလတ်ပိုင်းမှလည်း သက်ကြီး/ဝါကြီးတို့အား အဝတ်အထည်၊ စားကောင်းသောက်ဖွယ်တို့ဖြင့် ရှိခိုးဦးခိုက်၊ တိုးလျှို တောင်းပန်သည့် မြင်ကွင်းများသည် မျက်မှောက်ကာလတိုင် ရှင်သန်ဆဲဖြစ်ပါကြောင်း အဘိဓမ္မာလင်းရောင်ဖြာမြဲ ဝါကျွတ်ပွဲအဖြစ် ရေးသားအပ်ပါသည်။   ။

မောင်နေ(မြကျွန်း)