အာရှဒေသအတွက်ထွက်ပေါ်လာသည့် အကြမ်းဖက်မှုအကြောင်းတစေ့တစောင်း
အာဖဂန်နစ္စတန်အား တာလီဘန်များက ပြန်လည်သိမ်းပိုက်လိုက်ပြီး နောက်ပိုင်းနိုင်ငံအတွင်း မြင့်တက်ဖြစ်ပွားလာသည့် အကြမ်းဖက် တိုက်ခိုက်မှုများသည် လက်ရှိတာလီဘန်အဖွဲ့အတွက် စိုးရိမ်မကင်း ဖြစ်စေလျက်ရှိသည့်အပြင် အာရှဒေသများအတွက် လည်း ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပြီဖြစ်သည်။
တာလီဘန်စစ်သွေးကြွအဖွဲ့သည် နိုင်ငံအတွင်းမှ အမေရိကန်ဦးဆောင်သည့် ပြည်ပတပ်ဖွဲ့များပြန်လည်ထွက်ခွာချိန်တွင် အစိုးရ တပ်များ အားအပြီး သတ်တိုက်ခိုက်ပြီး တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်သော်လည်း ဆက်လက်မြင့်တက်လာဆဲ ဖြစ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကိုထိန်းချုပ်ရာတွင် အခက်အခဲနှင့်ရင်ဆိုင်နေရသည်။
လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများမှာတာလီဘန်တို့နှင့် ရင်ပေါင်တန်းလာသည့် IS စစ်သွေးကြွအဖွဲ့၏ လက်ချက် ဖြစ်သည်။
ယခင်က အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌ ပြည်ပတပ်များဖြန့်ကြက်ထားချိန်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအများစုမှာ တာလီဘန်တို့၏လက်ချက်ဖြစ်သည်။ သို့သော် တာလီဘန်တို့အနေဖြင့်နိုင်ငံအား ပြန်လည်ထိန်းချုပ်ထားပြီးချိန်မှစ၍ IS စစ်သွေးကြွ များက နိုင်ငံအတွင်းဖောက်ခွဲတိုက်ခိုက်မှု၊ အသေခံဗုံးခွဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။
IS စစ်သွေးကြွများသည် မကြာမီကာလအတွင်းမှာပင် လူသေပျောက်မှုများစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင် ခဲ့သည်။ ၎င်းတို့အနက် ထင်ရှားသည့် အကြမ်းဖက်မှုများမှာ နိုင်ငံမြောက်ပိုင်း ခွန်ဒက်မြို့ရှိ ဗလီတစ်ခုအား အကြမ်းဖက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း လူ ၈၀ ခန့်သေဆုံးခဲ့ရသည်။ ထို့ပြင် နောက်တစ်ခုမှာ ကန်ဒါဟာပြည်နယ်တွင် ဖြစ်ပွားခဲ့ သည့် ဗလီတိုက်ခိုက်မှုဖြစ်သည်။
တိုက်ခိုက်ခံရသည့် ဗလီများတွင် ရှီးယိုက်မျိုးနွယ်ဝင်များ ဝတ်ပြုဆုတောင်းနေချိန်တွင် ၎င်းတို့အား အယူအဆတင်းမာပြင်းထန် သော ဆွန်နီမျိုးနွယ်ဝင်များဖြစ် သည့် IS စစ်သွေးကြွအဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများမြင့်တက်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရှီးယိုက်မျိုးနွယ်ဝင်များအား ကာကွယ်ပေးရန်တပ်ဖွဲ့များကိုဖွဲ့စည်း၍ တာဝန်ပေးခဲ့ရသည့်အပြင် ဒေသတွင်းရှိ အပျော်တမ်း လုံခြုံရေးတပ်ဖွဲ့များကိုပါ လက်နက်တပ်ဆင်ပေးခဲ့ရသည်အထိ လုံခြုံရေးအခြေအနေမှာ ဆိုးရွားလာ ခဲ့သည်။
သို့ရာတွင် လာမည့်အနာဂတ်ကာလတွင် အဆိုပါရဲတပ်ဖွဲ့ဝင်များနှင့် အပျော်တမ်းလုံခြုံရေးတပ်ဖွဲ့များအနေဖြင့်IS စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်မည့် အလားအလာမရှိသောကြောင့် အထူးလေ့ကျင့်ပေးထားသည့် အစောင့်တပ်ဖွဲ့များကို တာဝန်ပေး အပ်မည်ဟုတာလီဘန်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ကြောင့် IS စစ်သွေးကြွအဖွဲ့၏ အကြမ်းဖက်မှုများသည် လက်ရှိတာလီဘန် အစိုးရအတွက် ခေါင်းကိုက်စရာကိစ္စရပ်တစ်ခုအဖြစ်သို့ ရောက်မှန်းမသိ ရောက်လာပြီဖြစ်ရုံသာမက ၎င်းတို့အား ပံ့ပိုးပေးနေသည့် နိုင်ငံများ၏အကူအညီကိုရယူ၍ ဒေသတွင်းရှိ နိုင်ငံများ ကိုပါ ဆက်လက်ခြိမ်းခြောက်လာနိုင်သည်။
တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းယူပြီးနောက်ပိုင်းတွင် စစ်ပွဲဒဏ်ကိုနှစ်ပေါင်းများစွာ ကြာခံခဲ့ရသည့် နိုင်ငံအားငြိမ်းချမ်းရေးပြန်လည်ထူထောင်နိုင်ရန် လုပ်ဆောင်မည်ဟုရည်ရွယ်ထားသည်။ သို့သော် လုံခြုံရေးလျှော့ရဲ သည့် အခြေအနေကိုအခွင့်ယူ၍ လှုပ်ရှားလာသည့် IS စစ်သွေးကြွအဖွဲ့သည် ၎င်းတို့၏ အကြမ်းဖက်မှုများကို တိုးမြှင့်လာခြင်းကြောင့် တာလီဘန်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံပြန်လည်ထူထောင်ရေး စသည့်အစီအစဉ်မှာ နှောင့်နှေး နေရသည်။
အကြောင်းမှာ IS စစ်သွေးကြွအဖွဲ့သည် ယခင်က အသေးစားတိုက်ခိုက်မှုများ လုပ်ဆောင်နေခဲ့ရာမှ ယခုအခါလူအသေအပျောက် များပြားသည့် အကြမ်းဖက်တိုက်ခိုက်မှုကြီးများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာပြီဖြစ်သည်။
ထို့ပြင် အဆိုပါစစ်သွေးကြွအဖွဲ့သည် ၎င်းတို့အင်အားကြီးမားလာပါက နယ်မြေသစ်ချဲ့ထွင်လေ့ရှိသောကြောင့် တာလီဘန်တို့ အနေဖြင့် နိုင်ငံပြန်လည်ထူထောင်ရေးနှင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးမဖော်ဆောင်မီ IS စစ်သွေးကြွတို့၏ အကြမ်းဖက်မှုများကို ဦးစားပေးချေမှုန်းရမည့် အလားအလာရှိနေသည့်အပြင် အခြားအာရှဒေသတွင်း နိုင်ငံများကိုလည်း ဆက်လက်ခြိမ်းခြောက်လာနိုင်ရာ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ထိရောက်စွာကြိုတင်ပြင်ဆင်သင့်သည်။
Ref: TST
မောင်ယုယ