၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၃ ရက်သည် “မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့” ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို ၁၉၉၇ ခုနှစ်မှစတင်ကာ အမျိုးသားရေးတာဝန်အဖြစ် ချမှတ်ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် အခြားဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံများ နည်းတူ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်ခံရမှု၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှု စသည့် အခြေအနေအရပ်ရပ်ကြောင့် ဘဝ ရပ်တည်မှု ခက်ခဲရာမှတစ်ဆင့် အကျိုးဆက်အရ လူကုန်ကူးခံကြရသည်။
လူကုန်ကူးမှုပြဿနာသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာ ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် လူ့အခွင့်အရေး ချိုးဖောက်သောဖြစ်စဉ်ဖြစ်သည်။ လူကုန်ကူးမှုပုံသဏ္ဌာန်နှင့် နည်းလမ်းမျိုးစုံရှိပြီး အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျသောနိုင်ငံများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ အာရှပစိဖိတ် ဒေသတစ်ခုတည်းမှာပင် လူကုန်ကူးမှုပုံစံအမျိုးမျိုးရှိရာ လူကုန်ကူးခံရမှု အချိုးအစားကို ကြည့်မည်ဆိုလျှင် အမျိုးသား ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၈ ရာခိုင်နှုန်း၊ ကလေးသူငယ် ယောက်ျားလေး ၄ ရာခိုင်နှုန်းနှင့် မိန်းကလေး ၁၉ ရာခိုင် နှုန်းပါဝင်ကြောင်း သိရသည်။ ထို့အတူ လူကုန်ကူးမှု အမျိုးအစားများတွင် လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု ၆၀ ရာခိုင်နှုန်း၊ လုပ်အား ခေါင်းပုံဖြတ်မှု ၃၈ ရာခိုင်နှုန်း နှင့် အခြားအသုံးချမှု ၂ ရာခိုင်နှုန်းပါဝင်သည်။
လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် သက်ဆိုင်သောလူကုန်ကူးမှုသည် ရာဇဝတ်မှုဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်ရုံသာမက လူအချင်းချင်း ကျွန်လိုရောင်းဝယ် ဖောက်ကားသည့်ပြဿနာ၊ လူ့အခွင့်အရေးကို လျစ်လျူရှုပစ်ပယ်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာဖြစ်သည်။ ဖြစ်စဉ်တိုင်းသည် သမားရိုးကျ မဟုတ်ဘဲ ရှုပ်ထွေးသဖြင့် ထိုအချက်ကပင် လူကုန်ကူးမှု အန္တရာယ်တိုက်ဖျက်ရေးတွင် အခက်အခဲဖြစ်စေသည်။ ထို့ကြောင့် လူကုန်ကူးမှုအန္တရာယ် တိုက်ဖျက်ရာတွင် ရှုထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတို့ ချိတ်ဆက်ဖြေရှင်းနိုင်မှသာ လျော့နည်းသက်သာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ လူကုန်ကူးခံရမှု ဖြစ်စဉ်များနှင့်ကြုံတွေ့နေရသည်။ မြန်မာ နိုင်ငံတွင်ဖြစ်ပွားသည့် လူကုန်ကူးခံရမှု အမျိုးအစားများကို လေ့လာကြည့်သော် အဓမ္မထိမ်းမြား လက်ထပ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကလေးသူငယ်လူကုန်ကူးခြင်း၊ ကြွေးမြီနှင့်နှောင်ဖွဲ့ခံရခြင်းဟူ၍ တွေ့ရသည်။ ထို့ပြင် ၂၀၁၈ ခုနှစ်တွင် အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှုပုံစံသစ်ကို တွေ့ရှိရပြီး ဖော်ထုတ်အရေးယူနိုင်သော ဖြစ်စဉ်များ ပေါ်ပေါက်လာသည်။
မျက်မှောက်ကာလတွင် လူကုန်ကူးမှုဖြစ်စဉ်များသာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားသော်လည်း လျော့နည်းသွားခြင်းမရှိ၊ ဆက်လက်ဖြစ်ပွားနေကြောင်း တွေ့ရသည်။ အဓိကအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ထိုက်သင့်သော လုပ်ခလစာရရှိရေး၊ အမျိုးသမီးနှင့် ကလေး သူငယ်များအား ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ရေးနှင့် ထိရောက်သော ဥပဒေတစ်ရပ် ဖြစ်တည်ရေးတို့လိုအပ်သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ပြဋ္ဌာန်းပြီးဖြစ်ရာ အဆိုပါ ပြဋ္ဌာန်းလိုက်သည့်နေ့ကိုပင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ယခုအခါ ထိုဥပဒေကို ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင် ရေးဆွဲအတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးသည် သာမန်အားဖြင့် အစိုးရက အဓိကတာဝန်ယူ ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်သော်လည်း ပြည်သူအားလုံးက အမြော်အမြင်ရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်း၊ အသိပညာ ဗဟုသုတမြင့်မားအောင် လေ့လာခြင်းနှင့်ဖြန့်ဝေခြင်း၊ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာတွင် လုံခြုံစိတ်ချရမှုကို ဦးစားပေး တွက်ချက်ဆောင်ရွက်ခြင်း၊ နိုင်ငံသားအချင်းချင်း ရိုင်းပင်းကူညီ တတ်သော စိတ်ထားမြင့်မားခြင်းတို့လိုအပ်သည်။ လူကုန်ကူးမှုသည် ပြစ်မှုကျူးလွန်ကာမှ အရေးယူရခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ထို့အတူ လူကုန်ကူးခံရသူများကို လူသားချင်းစာနာစိတ်ဖြင့် ပြန်လည်ထူထောင်ပေးခြင်း၊ ထောက်ပံ့ကူညီ ခြင်း၊ ဘဝရပ်တည်မှု အသက်မွေးဝမ်းကျောင်းပညာများ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ထိထိ ရောက်ရောက် အကောင်အထည်ဖော်ပေးရမည်ဖြစ်သည်။
လူအချို့မှာ လူကုန်ကူးခံနေရခြင်းကိုပင်မသိရှိဘဲ ခိုင်းသမျှလုပ်၊ ကျွေးသမျှစား၊ ပြုသမျှနုနေရပြီး မခံမရပ် နိုင်ဖြစ်လာမှသာ ထွက်ပြေးကြသည်။ လွတ်မြောက်လာသူရှိသလို ပြန်လည်အဖမ်းခံ၊ အနှိပ်စက်ခံရသူများ လည်းရှိသည်။ ထားရာနေ စေရာသွား ကျွန်အမျှ လူဖြစ်ရှုံးရသူများ၏ ခါးသီးသော အတွေ့အကြုံမှာ အလွန်ကြေကွဲဖွယ်ဖြစ်သည်။ လူကုန်ကူးခံရသူများ၏ အဓိကပြဿနာ မှာ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျသွားခြင်းဖြစ်သည်။ အချို့ဆိုလျှင် လူကုန်ကူးခံရပြီး တစ်နေရာမှ တစ်နေရာသို့ကွယ်ဝှက်၍ သယ်ယူပို့ဆောင်ခံရစဉ် အသက်ရှူကျပ်၊ အစာရေစာပြတ်၍ သေဆုံးခံ ကြရသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် လူကုန်ကူးမခံရအောင် လောဘနောက်သို့မလိုက်ဘဲ၊ အယုံအကြည်မလွယ်ဘဲ သတိထားဆင်ခြင် တတ်ရမည်ဖြစ်သလို ပတ်ဝန်းကျင်၌ လူကုန်ကူးမှု မခံရအောင်လည်း ဝိုင်းဝန်းကူညီ စောင့်ရှောက်တတ်ရေးလိုအပ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းအပါအဝင် လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နောက်ဆက်တွဲစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အလားတူစွာ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ကွန်ဗင်းရှင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း၊ အဓမ္မ လုပ်အားခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတို့တွင် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနှင့်အညီ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဖွဲ့စည်းခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းအပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းများရေးဆွဲပြီး ကဏ္ဍပေါင်းစုံပါဝင်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရပ်ရွာအခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေး အဖွဲ့ငယ်များ ဖွဲ့စည်းပြီး လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း လူကုန်ကူးခံရမှုများ ပေါ်ပေါက်နေဆဲဖြစ်ကြောင်း တွေ့ရသည်။ လူကုန်ကူးခံရသူများသည် ပြစ်မှုကျူးလွန်သူအပေါ် ကျေးဇူးရှင်သဖွယ် ထင်မှတ်လွဲနေခြင်းက ပူးပေါင်းဆောင်ရွက်ရေးအတွက် အခက်အခဲ၊ အတား အဆီးတစ်ရပ်သဖွယ် ဖြစ်နေသည်။ ယခုအခါ အရေးပေါ်ခေါ်ဆိုနိုင်သည့် တယ်လီဖုန်းစနစ်များ ထားရှိလျက် ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များကိုလည်း ဆက်သွယ်ရေးလိုင်းကွန်ရက်များမှ တစ်ဆင့် ဖြန့်ဝေထားပြီးဖြစ်သဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အထောက်အကူပြုမည် ဖြစ်ရာ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်သင့်သည်။
လူကုန်ကူးမှုမခံရအောင် ကြိုတင်ကာကွယ်ရာတွင် ဖြစ်စဉ်ဖြစ်ပွားစေသည့် အခြေခံအကြောင်းရင်း များကို ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မှသာ ရနိုင်ပေသည်။ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အနယ်နယ် အရပ်ရပ်သို့ ရွှေ့ပြောင်းလုပ်ကိုင်နေရသူများမှာ လူကုန်ကူးမှုအန္တရာယ်ကို အများဆုံး ရင်ဆိုင်တွေ့ကြုံရသည်။ ထို့အတူ အကြားအမြင် ဗဟုသုတနည်းပါးခြင်း၊ ငွေမက်ပြီး အန္တရာယ်ကို မမြင်ခြင်း၊ ယုံကြည်လွယ်ခြင်း၊ အခက်အခဲကို ဖြတ်လမ်းနည်းဖြင့်ဖြေရှင်းလိုခြင်း၊ ဆုံးမနာယူမှု မလွယ်ကူခြင်း၊ သွေးဆောင်ရာသို့ အလွယ်တကူ လိုက်ပါခြင်းတို့သည် လူကုန်ကူးမှုဖြစ်စဉ်များကို အားပေးသလိုရှိသည်။
မြန်မာနိုင်ငံသည် လူကုန်ကူးမှု မူရင်းအစပြုနေရာ ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် လွယ်ကူခြင်းကလည်း လူကုန်ကူးမှုကို ဖြစ်ပွားစေသည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လူသားအချင်းချင်း စာနာတတ်ရေး များစွာလိုအပ်သည်။ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော လုပ်နေသမျှ နှစ်ဦးနှစ်ဖက် နစ်နာမှုများဖြင့်သာ နိဂုံးချုပ်ရမည်ဖြစ်သလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံးနစ်နာမှု ဖြစ်ရသည်။ ယခုအခါ တရားမျှတပြီး လုံခြုံသည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို ထူထောင် နိုင်ရန်အတွက် လူကုန်ကူးမှုဖြစ်စဉ်များ ပပျောက်ရေး လိုအပ်သည်ဖြစ်ရာ “လူကုန်ကူးမှုမှန်သမျှ ဝိုင်းဝန်း ပူးပေါင်းတိုက်ဖျက်ကြ” ပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။