မြန်မာ့လက်ရွေးစင်အသင်း အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲမတိုင်မီ ဥရောပနိုင်ငံ တစ်နိုင်ငံသို့ တစ်လကြာ သွားရောက် လေ့ကျင့်ရန် ပြင်ဆင်နေ
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းသည် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ပြိုင်ပွဲမတိုင်မီ ဥရောပနိုင်ငံတစ်နိုင်ငံ သို့သွားရောက်ကာ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲ၌ အုပ်စု (A) တွင် ချန်ပီယံဆုအကြိမ်ရေ အများဆုံးရရှိထားသည့် ထိုင်းအသင်း၊ ဖိလစ်ပိုင်အသင်း၊ အိမ်ရှင်အဖြစ်ကျင်းပမည့် စင်ကာပူအသင်း၊ ဘရူနိုင်းအသင်းနှင့် တီမောလက်စ်တေ အသင်းတို့မှ အနိုင်ရရှိမည့် တစ်သင်းပါဝင် မည်ဖြစ်သည်။
ယခုနှစ် မေလနှင့်ဇွန်လတို့တွင် မြန်မာ့လက်ရွေးစင် အသင်းသည် ၂ဝ၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲ ခြေစစ်ပွဲနှင့် ၂ဝ၂၂ အာရှ ဖလားပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲတို့ ယှဉ်ပြိုင် ကစားပြီးနောက်ပိုင်း စခန်းသွင်း လေ့ကျင့်မှုများ ရပ်နားထားပြီး အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ တစ်လခန့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည့် အပြင် ဥရောပနိုင်ငံ တစ်နိုင်ငံ၌ တစ်လခန့် လေ့ကျင့်မှုများ ပြုလုပ်ရန် ချိတ်ဆက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းကို နည်းပြချုပ်အဖြစ် အန်တွမ်နီဟေးက ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး လက်ရှိတွင် ကစားသမားစုဖွဲ့မှု မရှိသေးဘဲ ပြိုင်ပွဲကျင်းပရန် တစ်လခန့်မတိုင်မီ ပဏာမ ကစားသမား ရွေးချယ်ကာ လေ့ကျင့်မှုများ စတင်ပြုလုပ်မည်ဖြစ်သည်။
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပြိုင်ပွဲ တိုင်းတွင် အိမ်ရှင်အဖြစ် မကျင်းပဘဲ အုပ်စု ပွဲစဉ်များမှစတင်ပြီး ဗိုလ်လုပွဲအထိ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစား သည့်စနစ်ဖြင့် ကျင်းပခဲ့သော်လည်း လာမည့် ပြိုင်ပွဲတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီး သွားလာမှုများ ကန့်သတ်လိုသည့် အတွက် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ ကို ယခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ် သည်။
အဆိုပါပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အုပ်စုပွဲစဉ်များအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် အိမ်ရှင်စင်ကာပူ အသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်တွင် ဘရူနိုင်းအသင်းနှင့် တီမောလက်စ်တေ အသင်းတို့မှ အနိုင်ရရှိ မည့် တစ်သင်းဖြင့် လည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစား မည် ဖြစ်ကြောင်း သိရသည်။