ထူးမြတ်ပူဇော်ဖွယ် အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လသို့ တစ်ဖန်တစ်ကျော့ ရောက်ပြန်လေပြီ။ သီတင်းကျွတ်လသည် မြန်မာတို့ တန်ဖိုးထားသော ပျော်ရွှင်ဖွယ်လဖြစ်သည်။ အင်္ကြန်ခါတော်ပြီးလျှင် မြန်မာလူမျိုးတို့၏ ဒုတိယအကြည်နူးဆုံး လလည်းဖြစ်သည်။ ဤလတွင် ''ရှင်စောမုနိန်ဝတိံ ရပ်က၊ ဘူမိန်သင်္ကသ်ဆင်းတဲ့ခါတစ်ခို'' ဟု စာရေးကြီး ဦးမောင်ကလေးရေးဖွဲ့သော ရှစ်ဆယ်ပေါ်တေးထပ်အတိုင်း မြတ်စွာဘုရား လူ့ပြည်သို့သက်ဆင်းသော လထူးလမြတ်လည်းဖြစ်သည်။
သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော် နေ့အဖြစ် အစဉ်အဆက် အထိမ်းအမှတ်ထား ကျင်းပကြပါသည်။ နတ်ပြည်တွင် နတ်ပရိသတ်များကို အကျယ်ဟောကြားပြီးဆုံးခြင်းသည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းဟောကြား ပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သကဲ့သို့ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား မကျဉ်းမကျယ်အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချ ပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါသည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် အထိမ်းအမှတ်ထား ကျင်းပခြင်းပါပေ။
အဘိဓမ္မာတရားတော်သည် ဘုရားရှင်ဟောကြားတော်မူသည့် သုတ္တန် တရားတော်တို့ထက် သာလွန်ထူးခြားသော တရားဖြစ်၍ ''အဘိဓမ္မာတရားတော်''ဟုခေါ်ခြင်းဖြစ်၏။ သုံးလောကထွတ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားသည် အဘိဓမ္မာတရားတော်ကို သက်တော် ၄၂ နှစ်အရွယ် ၆ ဝါအလွန် ၇ ဝါအရောက် မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ်တွင် တာဝတိံသာနတ်ပြည် ပင်လယ်က သစ်ပင်ရင် ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်၌ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် နတ်ဗြဟ္မာ အပေါင်းတို့အား ဟောကြားတော်မူခဲ့၏။ အဘိဓမ္မာတရားတော်သည် သုတ္တန်ဒေသနာ၊ ဝိနည်းဒေသနာတော်များ ကဲ့သို့ လူတို့၏အချိန်တစ်ရက်အတွင်း အစ၊ အလယ်၊ အဆုံး ပြီးပြည့်စုံအောင် ဟောကြား၍မဖြစ်နိုင်။ အဘိဓမ္မာ တရားတော်၏ ရှည်လျားသော ဒေသနာအစဉ်ကိုလူသားများ၏ ဣရိယာပုတ် တစ်ခုတည်းဖြင့် ပြီးဆုံးအောင် နာယူနိုင်စွမ်းမရှိ၊ လူတို့၏ အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏ အချိန်ကာလ တစ်ခဏမျှသာဖြစ်၏။ ထို့ကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာတရား ဒေသနာကို လူ့ပြည်တွင် မဟောကြားဘဲ နတ်ပြည်၌သာဟောရခြင်းဖြစ်၏။
အဘိဓမ္မာတရားဟောကြားနည်း သုံးမျိုးရှိသည်။
သဗ္ဗညုဘုရားက တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူသောဒေသနာတော်သည် ''အတိဝိတ္တာရဒေသနာတော်မြတ်'' ပါပေ။ ဟိမဝန္တာစန္ဒကူးတော၌ ဘုရားရှင်သည် အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့်ဟောကြားတော်မူသော ဒေသနာတော်သည် ''အဘိသင်္ခေပဒေသနာတော်မြတ်''ဖြစ်သည်။ ဘုရားရှင် ဟောကြားတော်မူသည့် အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာက မဇ္ဈိမဒေသတွင် လင်းနို့သားဖြစ်ခဲ့ဖူးသော မိမိ၏ တပည့်ရဟန်း ၅ဝဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူသော ဒေသနာတော်သည် ''နာတိဝိတ္တာရ နာတိသင်္ခေပ ဒေသနာတော်မြတ်'' ဖြစ်၏။ ယခုအခါ ထေရဝါဒဗုဒ္ဓဘာသာ၌ ထင်ရှားနေသော အဘိဓမ္မာတရားတော်ကား ရှင်သာရိပုတ္တရာက တပည့်ရဟန်း ၅ဝဝ အား တစ်ဆင့်ပြန်၍ဟောကြားသော ''နာတိ ဝိတ္တာရ နာတိ သင်္ခေပ''အဘိဓမ္မာတရားတော်ပါပေ။
ဘုရားရှင်သည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ကာလပတ်လုံး ဟောကြားတော်မူသည်။ ယင်းနောက်''တူသာတကွ၊ ကာကတာရာ၊ နေ့မှာစိတြ၊ နေနှင့်မျှ၍၊ထွန်းပရဲရဲ၊ ပုလဲရွှေစင်၊ မျက်ရှင်နဝရတ်၊ လှည့်ပတ်လျင်လျား၊ သုံးဖဝါးဟု၊ ပန်းများဖူးစီ၊ ကြာနီကြာညို၊ပင်တိုင်းစို'' သော သီတင်းကျွတ်လ၏ လပြည့်နေ့တွင် ပြီးဆုံး၍ လူတို့နေရာ သင်္ကဿနဂိုပြည်သို့ပြန်လည်ဆင်းသက်ပါသည်။ နတ်ပြည်မှ လူ့ပြည်သို့ဆင်းသက်ရာတွင် နတ်ပရိသတ်များက လက်ယာဘက်ရွှေစောင်းတန်း၊ ဗြဟ္မာပရိသတ်များက လက်ဝဲဘက်ငွေစောင်းတန်းနှင့် မြတ်စွာဘုရားက အလယ်ပတ္တမြားစောင်းတန်းမှဆင်းသက်တော်မူ၏။
မာတလိနတ်သားသည် မြတ်စွာဘုရားအနီး ဝဲဘက်တော်မှခစားလိုက်ပါ၍ ပဉ္စသိခနတ်သားကစောင်းတီးကာ ပူဇော်လိုက်ပါလာသည်။ လူနတ်ဗြဟ္မာကုဋေ ပေါင်းများစွာတို့ ကျွတ်တန်းဝင်ကြ၏။ ကင်းဝန်မင်းကြီး၏ သီတင်းကျွတ်လဘွဲ့တွင် ''တူသီတင်းကျွတ်၊ ကြာဝတ်ကယ်လှိုင်ညီ၊ အဿဝဏီ၊ နာရီချိန်စွဲ၊ ဆီမီးမြင်းမိုရ်၊မင်္ဂဖိုလ်ရှုသည့်ပွဲ'' ဟု စပ်ဆိုထားသည်နှင့်အညီမြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင်အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်သည့်ထုံးကို နှလုံးမူ၍နှောင်းကာလ ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မီးမြင်းမိုရ်ပွဲများ ထွန်းညှိပူဇော်ကြပါသည်။
ဤသည်မှာ အဘိဓမ္မာတရားကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ်အခါ မြင်းမိုရ်မီးပွဲဆင်နွှဲကြသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာဖြစ်ပါသည်။
ဘုရားရှင်သည် ဘုရားဖြစ်ပြီး ၂၂ ရက်မြောက်နေ့တွင် ဥရုဝေလတော ဗောဓိပင်၏ အနောက်မြောက်အရပ် နတ်တို့ဖန်ဆင်းအပ်သော ရတနာဃရစံကျောင်းတော်၌ စတုတ္ထသတ္တာဟအဖြစ် ခုနစ်ရက်သီတင်းသုံးတော်မူ၏။ ထိုစဉ်အဘိဓမ္မာ ခုနစ်ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူ၏။ ကျမ်းခုနစ်ကျမ်းတွင် ဓမ္မသင်္ဂဏီ၊ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ယမိုက်ကျမ်းများကို အစဉ်အတိုင်း သုံးသပ်ဆင်ခြင်တော်မူရာ၌ ဘုရားရှင်အတွက် မည်သို့သော ထူးခြားမှုမျှ ဖြစ်တော်မမူပါ။ နောက်ဆုံးပဋ္ဌာန်းဒေသနာတော်ကို သုံးသပ်ဆင်ခြင်တော် မူရာတွင်မှသာ အလွန်ကျယ်ပြန့်နက်ရှိုင်းခြင်း၊ အလွန်တရား သိမ်မွေ့နက်နဲခက်ခဲ၊ ကြီးကျယ်ခမ်းနား၍ ထက်ဝန်းကျင်အဆုံးအပိုင်းအခြား မရှိသောနည်းတို့ဖြင့် ပြည့်စုံခြင်းတို့ကြောင့် နယသာဂရ၊ မဟာပကရဏ၊ အနန္တယသမန္တအမည်ရသော ခုနစ်ကျမ်းမြောက် မဟာပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်တော်မူမှသာ ဘုရားရှင်၏ ကိုယ်တော်မှ ''နီလ၊ ပီတ၊ လောဟီတ၊ သြဒါတ၊ မဉ္စိဋ္ဌ၊ ပဘဿရ''ဟူသော ရောင်ခြည်တော်ခြောက်သွယ်တို့ကွန့်မြူးထွက်ပေါ်လာ၏။ ဤပဋ္ဌာန်းဒေသနာတော်ကို ဂေါတမဘုရားရှင်သည် နှုတ်ဖြင့် ဟောမြွက်တော်မူခြင်း မပြုသေးပါ။ စိတ်တော်ဖြင့် သုံးသပ်ဆင်ခြင်တော် မူခဲ့ခြင်းသာဖြစ်သည်။ နှုတ်ဖြင့်ဟောကြားခြင်းကား တာဝတိံသာနတ်ပြည်၌သာ ဟောကြားတော်မူခြင်းဖြစ်၏။
အဘိဓမ္မာတရားတော်သည် ပါဠိ၏နက်နဲခြင်း၊သဘောအဓိပ္ပာယ်နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊ ဉာဏ်တော်၏ နက်နဲခြင်းဟူသော ဂမ္ဘီရလေးမျိုးနှင့်ပြည့်စုံ၏။ သဘောတရား အနေဖြင့်လည်း ခက်ခဲလှသည်။ အဋ္ဌကထာကျမ်းပြု ရှင်မဟာဗုဒ္ဓသောမမထေရ်သည်ပင် ဝိဘင်းပါဠိတော်လာပဋိစ္စ သမုပ္ပါဒ်ဒေသနာ၏ အဖွင့်ကို ရေးသားဖွင့်ဆိုရာတွင် ''ဆောက်တည်ရာမရ အလွန်ခက်ခဲလှပေစွတကား'' ဟု ညည်းတွားတော်မူရ၏။ အတိဂမ္ဘီနက်နဲသည်ဟု ဂုဏ်ရည်လျှမ်းဖြာ ကျမ်းတော်မြတ် အဘိဓမ္မာဟူ၍လည်း အဆိုရှိပါသည်။
အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ သင်ကြားနာယူခြင်းကြောင့် လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ နာမရူပပရိစ္ဆေဒ ဉာဏ်ရင့်သန်စေနိုင်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းကို ရစေနိုင်ပါသည်။ ဘေးဥပါဒ်အန္တရာယ်မှကင်းဝေးပြီး ကျက်သရေမင်္ဂလာ အပေါင်းခညောင်းစေနိုင်ပါသည်။ ဤကား အဘိဓမ္မာတရား၏ အကျိုးတရားများဖြစ်သည်။ သဗ္ဗညုဘုရားရှင်သည် အဘိဓမ္မာတရားတော်ကို ဝါတွင်သုံးလ ရက်ပေါင်း ၉ဝ ကြာဟောရာတွင် လူ့ပြည်လူ့ရွာဖြစ်သည့် မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်၏။ ဘုရားရှင် ဆွမ်းခံကြွချိန်တွင်လည်း အဘိဓမ္မာ တရားဟောကြားခြင်းကို ရပ်နားမထားဘဲ ပကတိဘုရားရှင်ကိုယ်စား တန်ခိုးတော်ဖြင့် ဖန်ဆင်းသော နိမ္မိတဘုရားရှင်က ဆက်လက်ဟောကြားတော်မူသဖြင့် အဘိဓမ္မာတရား၏ နက်နဲသောအာနိသင်ကို တွေးဆနိုင်ပါသည်။
သို့ဖြစ်ရာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့အား အရိုအသေ တောင်းပန်ဝပ်တွားရှိခိုး ဦးချလေ့ရှိသော သီတင်းကျွတ် အခါသမယ၏ ဗုဒ္ဓယဉ်ကျေးမှု အနှစ်သာရမှာ အမိကျေးဇူးဆပ်သော အဘိဓမ္မာတရားဟု နှလုံးသွင်းနိုင်ပါသည်။ ''အို သူတော်ကောင်းတို့၊သီတင်းကျွတ်လပြည့် ဤယနေ့သည်ကား အဘိဓမ္မာဒေသနာကို သေချာပြီးဆုံး နိဂုံးကမ္ဗတ် အပြီးသတ်အောင် စောမြတ်စိန္တေ ဟောမိန့်ချွေသည့် ကြုံလေထူးခြား အဘိဓမ္မာနေကြီးပါတကား'' ဟူသော အဘိဓမ္မာအမွှန်းဂါထာအတိုင်း သီတင်းကျွတ်လပြည့်နေ့ကား ထူးမြတ်ပူဇော်ဖွယ် အဘိဓမ္မာအခါတော်နေ့အဖြစ် ဦးခိုက်ပူဇော် အပ်ပါသတည်း။ ။