ယခုနှစ်တွင် သရက်ခြံများ၌ သဘာဝမြေဆီကိုသာ အသုံးပြု၍ စိုက်ပျိုးမည်
ယခုနှစ်တွင် သရက်ခြံများ၌ သဘာဝ မြေဆီကိုသာ အသုံးပြု၍ စိုက်ပျိုးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်၏ ပြောဆိုချက်အရ သိရသည်။
သရက်စိုက်ပျိုးရာတွင် အသုံးပြုသည့် မြေဆီနှင့် မြေသြဇာများ ဈေးကောင်းနေသဖြင့် အသုံးမပြုတော့ဘဲ သဘာဝ မြေဆီကိုသာ အသုံးပြု၍ စိုက်ပျိုးမည်ဖြစ် သည်။
''အခု မြေဆီတစ်အိတ်ကို ငွေကျပ် ၆ဝဝဝဝ ဝန်းကျင်ရှိတယ်။ ဈေးကွက်အခြေအနေက ဘယ်လိုမှန်း မသိသေးတော့ စိုက် ပျိုးမှုကုန်ကျစရိတ်ကို လျှော့ချတဲ့ အနေနဲ့ သဘာဝမြေဆီကိုပဲ အသုံးပြုစိုက်ပျိုးမှာပါ''ဟု ဦးကျော်စိုးနိုင်ကပြောသည်။
လာမည့် သရက်ရာသီတွင် ပြည်ပတင်ပို့ နိုင်မှု လမ်းကြောင်းများပေါ် မူတည်၍ တင်ပို့မည်ဖြစ်ပြီး အကယ်၍ ပြည်ပတင်ပို့ မှုမရှိပါက ပြည်တွင်းဈေးကွက်ကိုသာ အားထား ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သရက်စိုက်တောင်သူများ၊ ကုန်သည်များ အနေဖြင့် အရည်အသွေးမြင့် သရက်သီးများ ရရှိရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ သရက်ပင်များ ပိုးမကျစေရန် သဘာဝနည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ သရက်သီးကို ပြည်ပသို့ မူဆယ်နယ်စပ်မှ အများဆုံး တင်ပို့နေကာ ပြီးခဲ့သည့်နှစ်က လေကြောင်းလိုင်းများ ခေတ္တရပ်နားထားချိန်တွင် ပြည်ပနိုင်ငံများ သို့ ပင်လယ်ရေကြောင်းမှ စတင်စမ်းသပ်တင်ပို့ခဲ့ရာ အဆင်ပြေသဖြင့် လာမည့် သရက်ရာသီတွင် တန်ချိန်တိုးမြှင့်တင်ပို့ နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။