စည်စည်ကားကား သာသာယာယာ ပြည်ထောင်စု တို့မြန်မာ

စည်စည်ကားကား သာသာယာယာ ပြည်ထောင်စု တို့မြန်မာ

၁၃၈၃ ခုနှစ် ဝါကျွတ်ကာလကို ရုံးပိတ်ရက်သုံးရက်ဖြင့် သတ်မှတ်ပေးထားပါတယ်။ သီတင်းကျွတ်လပြည့်နေ့ရဲ့မြင်ကွင်းတွေက တကယ့်ကိုကြည်နူးဖွယ် ကောင်းလှပါတယ်။ ဗုဒ္ဓဘာသာမြန်မာတို့ရဲ့စိတ်နှလုံးမှာ ချမ်းမြေ့သာယာရှိ လှပါတယ်။ သီတင်းကျွတ် လပြည့်နေ့မှာ ဘုရားဖူး သွားလာနေကြတဲ့ ပြည်သူတွေ၊ အပန်းဖြေစခန်းတွေမှာ မိသားစုအလိုက် ရုံးပိတ်ရက်မှာခရီးသွားလာသူတွေရဲ့ မြင်ကွင်းတွေကို ရုပ်မြင်သံကြား သတင်းတွေမှာ တွေ့မြင်လိုက်ရပြီး နောက် တစ်နေ့ထုတ်  သတင်းစာတွေမှာလည်း သတင်းဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။ သတင်းအမှန်ဆိုတာ ဖုံးကွယ်ဖျောက်ဖျက်ပစ်လို့ မရပါဘူး။

မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး စေတီတော်တစ်ဆူဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဆိုရင် ဘုရားဖူးလာရောက်သူတွေ များပြားလွန်းလို့ ပိတ်ထားခဲ့ရတဲ့ မြောက်ဘက်မုခ်ကို ဖွင့်ပေးလိုက်ရပါတယ်။ သီတင်းကျွတ် လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဆီမီး ၁၁ဝဝဝ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းပွဲကို ညပိုင်းမှာ ရွှေတိဂုံစေတီတော်ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။ သီတင်းကျွတ် လပြည့်နေ့မှာတော့ အဘိဓမ္မာ အခါတော်နေ့ အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ဧည့်ခံတန်ဆောင်းမှာ ကျင်းပပါတယ်။ အလားတူ မဟာဝိဇယစေတီတော်၊ ဗိုလ်တထောင်  ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊ အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်း စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ဝရဒါဌာဓာတုစေတိယ  စွယ်တော်မြတ် စေတီတော်(ရန်ကုန်)တို့တွင်လည်း သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ကျင်းပခဲ့ပါတယ်။ ဒါတွေကတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တည်ထားကိုးကွယ်တဲ့ ဘုရားစေတီများမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေမှာလည်း  ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ဗုဒ္ဓဂယာ (နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၊ ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်း စေတီတော်၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီတော်၊ သံသရာငြိမ်းအေး စေတီတော်၊  ဘုရားကိုးဆူ၊   ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီများမှာ သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းမှစတင်ကာ ဘာသာရေး ဝတ်အသင်း အဖွဲ့များ၊ ပြည်သူများ၊ ဝန်ထမ်းမိသားစုများ များပြားစွာဖြင့် ဘုရားဖူး လာရောက်ကြသူများက တရားဘာဝနာ ပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ တရားသဘင်များကျင်းပခြင်း၊ ဆရာတော် သံဃာတော်များ အား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းစသည့် ကုသိုလ်များဖြင့် အထူးစည်ကား များပြားနေပါတယ်။

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး၊ မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရားများနှင့် အောင်တော်မူဘုရား၊ ကျောက်စိမ်းစေတီတော် အစရှိသည့် ဘုရားစေတီများတွင်လည်း ဘုရားဖူးလာသူများ၊ ကောင်းမှုကုသိုလ် ပြုသူများနဲ့ စည်ကားနေပါတယ်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ၊ မကွေး၊ ပခုက္ကူ၊ မင်းပြား၊ ကျောင်းကုန်း၊ တောင်ငူ၊ ထားဝယ်၊  ရမည်းသင်း၊ ဇလွန်၊ ကျောက်ပန်းတောင်း စတဲ့မြို့တွေမှာရှိတဲ့   ဘုရားပုထိုးစေတီ များမှာလည်း  ဘုရားဖူးသူတွေနဲ့ စည်ကားများပြားလွန်းပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မြို့ရွာဒေသ အနှံ့အပြားမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကြည်နူးဖွယ်ရာ ဘုရားဖူးပုံရိပ်တွေဟာ ရေးပြလို့မကုန်နိုင်အောင်ပါပဲ။

မြန်မာစကားပုံမှာ ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း မညစ် ဟူသော စကားရပ်ရှိပါတယ်။ ဆိုလိုတာက အရည်အသွေး၊ အရည်အချင်း၊ ဂုဏ်ရှိန်ကြီးမားတဲ့ အရာမှန်သမျှတို့ဟာ ဘယ်အချိန်ဘယ်အခါမျှ မှေးမှိန်ပျောက်ကွယ်မည် မဟုတ်ကြောင်း ညွှန်းဆိုလိုခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံဖြစ်တဲ့အတွက် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များက စောင့်ရှောက်ကြပါတယ်။ ဗုဒ္ဓဘာသာသည် ကံကံ၏ အကျိုးလက်ခံ ယုံကြည်ပါတယ်။ ဗုဒ္ဓဟောစကားမြတ် တရားများသည်  လူသားတို့ကောင်းကျိုး အတွက် လမ်းညွှန်ပြသခြင်းဖြစ်ပါတယ်။

ပတ္တမြားမှန်လျှင်နွံမှာ ဘယ်လိုပင်နစ်နေပေမယ့် အရောင်က မညစ်သွားတဲ့ အကြောင်းကို ခုဒ္ဒကနိကာယ်၊ မဏိဃံသဇာတ်မှာ ဟောကြားထားတာကို ဖော်ပြချင်ပါတယ်။  ရှေးအခါက ဟိမဝန္တာမှာရှိတဲ့ ပတ္တမြား လိုဏ်ဂူတစ်ခုမှာ ဝက်တွေနေထိုင်ကြပါတယ်။ အဲဒီဂူအနီးမှာ   ခြင်္သေ့တစ်ကောင် လှည့်လည် ကျက်စားနေပါတယ်။ ခြင်္သေ့ဖြတ်သွားတိုင်း လိုဏ်ဂူမှာ အရိပ်ထင်ပါတယ်။ ဝက်တွေက ခြင်္သေ့အရိပ်ကိုမြင်တော့ ကြောက်လန့်လာပါတယ်။ ပတ္တမြားအရောင် ကြည်လင်လွန်းတာကြောင့် အရိပ်ထင်နေတာဖြစ်ပါတယ်။  ပတ္တမြားအရောင်ကို မှိန်အောင် ဝက်တွေက လိုဏ်ဂူကို  ရွှံ့တွေနဲ့ လိမ်းကျံကြပါတယ်။ ပတ္တမြားဟာ ဝက်တွေက သူတို့ရဲ့အမွေးတွေနဲ့ ပွတ်တိုက်နေတာကြောင့် အရောင်က ပိုမိုပြီး တောက်ပြောင်လာပါတယ်။ ဒါ့ကြောင့်မို့ ဝက်တွေက ဂူအနီးမှာရှိတဲ့ ရသေ့တစ်ပါးကို သွားမေးပါတယ်။ ပတ္တမြားအရောင် မှိန်အောင် ဘယ်လို လုပ်ရမလဲမေးတော့ ရသေ့က ဒီလိုဏ်ဂူဟာ ပတ္တမြားမှန်တဲ့အတွက် အရောင်ညစ်နွမ်းအောင် ဘယ်လိုမှ လုပ်လို့မရဘူး။ အကောင်းဆုံးကတော့   မင်းတို့ဝက်တွေ ဒီနေရာကနေ ဖယ်ရှားပြီး တခြားမှာ သွားနေကြလို့ မိန့်ဆိုလိုက်ပါတယ်။

နိုင်ငံသားအများစု ကိုးကွယ်တဲ့ဗုဒ္ဓဘာသာဟာ လွန်ခဲ့တဲ့ငါးနှစ်တာကာလမှာ အမျိုးမျိုးသော ရွှံ့ညွန်များ အလူးခံခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘုရားပုထိုးစေတီတွေကို ဖူးမြော်ခွင့်ပိတ်ထားပါတယ်။ နေ့ကြီးရက်ကြီး အခါကြီးရက်တွေမှာလည်း ဖူးမြော်ခွင့် မရခဲ့ကြပါဘူး။ ဒါပေမဲ့ တခြားသော ဘာသာတွေကိုတော့ မသိမသာခွင့်ပြုတာမျိုး ရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို မှေးမှိန်အောင်၊ အခြားသော ဘာသာတွေနဲ့ တန်းညှိတာမျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကံကံ၏ အကျိုးကြောင့် သူတို့တွေ ပတ္တမြားရွှေဂူကနေ အပြောင်းခံလိုက်ရတာ ဖြစ်ပါတယ်။ မိမိပြုလုပ်တဲ့ ကောင်းမှုကံ၊ မကောင်းမှု ကံဟာ မိမိကိုတကယ် အကျိုးပေးပါတယ်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာခြင်းဟာ သာမန်မျက်စိဖြင့် ကြည့်လျှင် သာမန်မျှသာ မြင်ရပါလိမ့်မယ်။ အမျိုးဘာသာ သာသနာ မျက်စိဖြင့်ကြည့်လျှင် အမျိုးဘာသာ သာသနာကောင်းကျိုး အတွက်ပေါ်လာတာဖြစ်ကြောင်းတွေ့မြင်ရပါလိမ့်မယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်ပေါ်ပေါက်လာကတည်းက ဒီကနေ့အချိန်အထိ ကုသိုလ်ကောင်းမှုတွေ နေ့စဉ်မပြတ် လုပ်ဆောင်နေပါတယ်။  တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနဲ့ စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းတွေ၊ အခုဆိုရင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စု ၂၄ အုပ်စုသတ်မှတ်ပြီး ထိုးနှံပေးနေတာတွေ၊ ပြည်ပမှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ပေးနေတာတွေ၊ မနေ့တစ်နေ့ကဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးရှိ အကျဉ်းထောင်/ အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံရသူများနဲ့ တရားရုံးအသီးသီးမှာ တရားစွဲဆိုခြင်း ခံနေရသူတွေကို  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတာတွေဟာ  အမှန်တကယ်တော့ နိုင်ငံတော်အစိုးရရဲ့ ကောင်းမှု ကုသိုလ်တွေပဲဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် လမ်းမှား ရောက်နေတဲ့သူတွေကို ပြန်ခေါ် ပေးနေတာတွေဟာလည်း ဒီကနေ့အထိ ပြန်ခေါ်နေဆဲပါပဲ။

ဒါတွေဟာ နိုင်ငံတော်အစိုးရ တစ်ရပ်ရဲ့  နေ့စဉ်ရရှိနေတဲ့ ကုသိုလ်တွေဖြစ်လို့ ဒီကောင်းမှုကို ညစ်နွမ်းသွားအောင် ဘယ်အရာကမှ မလုပ်နိုင်ပါဘူး။ ဒီကောင်းမှု ကုသိုလ်တွေကြောင့်လည်း အကြမ်းဖက် အဖျက်သမားတွေကို အစုလိုက်အပြုံလိုက်၊ လက်နက်ခဲယမ်း များစွာနဲ့ ဖမ်းဆီးရမိတဲ့ အရေအတွက်ဟာလည်း အလွန်ပဲ များပြားလွန်းလှပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဓမ္မလုပ်ရပ်တွေကို အဓမ္မလုပ်နေတဲ့ အဖျက်သမားတွေ ဘယ်လိုမှ လွှမ်းမိုးကျော်လွန်စရာ မရှိပါဘူး။ အဓမ္မတွေရဲ့ လုပ်ရပ်တွေကြောင့် ဓမ္မလုပ်ရပ်တွေဟာ တစ်နေ့ တခြား ထင်ထင်ရှားရှား ပေါ်ထွန်းလာတာဖြစ်ပါတယ်။ ဒါ့ကြောင့် သီတင်းကျွတ်လပြည့်နေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ တန်ခိုးကြီးဘုရား ပုထိုးစေတီတွေမှာ ဘုရားဖူးလာ ပရိသတ်များနဲ့ စည်ကား များပြားနေတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်ထဲမှာ တကယ့်ကိုကြည်နူးမိသလို အံ့သြဝမ်းသာလည်းဖြစ်ကြရပါတယ်။

ဘုရားစေတီများတွင် စည်ကားများပြားနေသလို မြန်မာပြည်အနှံ့ အပန်းဖြေ လာရောက်ကြသူများကလည်း ရုံးသုံးရက်ပိတ်ခြင်းကြောင့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများက မြို့နယ်အနှံ့ အပန်းဖြေ လာရောက်ကြတာကိုလည်း သတင်းတွေမှာ ကြည့်မြင်လိုက်ရပါတယ်။  ငွေဆောင်၊ ချောင်းသာ၊ စက်စဲကမ်းခြေ၊ ပန်းခြံဥယျာဉ်များနှင့် အပန်းဖြေစခန်းများ စသည်တို့၌လည်း စည်ကားလျက် ရှိနေမှုများမှာ မြင်တွေ့ရသူတွေကို အထူးကြည်နူးစေပါတယ်။ တိုင်းပြည်တစ်ပြည်လုံး အေးအေးချမ်းချမ်း သာသာယာယာ ရှိနေခြင်းပါပဲ။

နိုင်ငံတော်အစိုးရတက်လာပြီး ရက်ပိုင်းမျှ မကြာသေးမီ  ဖေဖော်ဝါရီ ၈ ရက်နေ့မှာပဲ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ဘုရားပုထိုးစေတီများကို ဖူးမြော်ခွင့်ပြုခဲ့လို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ စိတ်ချမ်းမြေ့ခဲ့ရပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ တိုင်းပြည် သာယာဝပြောရေးနဲ့   ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့နိုင်ငံ ပြည်ထောင်စုစစ်စစ် ဖြစ်လာရေးကို ရည်မှန်းချက်ထား လုပ်ဆောင်နေပါတယ်။  အဲဒီရည်မှန်းချက်တွေကို  လက်တွေ့ကျကျ လုပ်ဆောင်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်သာယာ ဝပြောမှ လူတိုင်း စိတ်ချမ်းသာမှာဖြစ်ပါတယ်။ မိသားစုတိုင်း ပျော်ရွှင်ကြည်နူးကြမှာဖြစ်ပါတယ်။ အခုဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုသတင်းတွေဟာ သတင်းကောင်းတွေဘက်ကို ဦးတည်လာနေပါပြီ။ အောက်တိုဘာ ၂၁ ရက်နေ့သတင်းအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ မှု ရာခိုင်နှုန်းဟာ (၄ ဒသမ ၉၅)အထိ ကျဆင်းကြောင်း သိရပါတယ်။ များမကြာမီ အတောအတွင်းမှာ လေးရာခိုင်နှုန်းအောက်ကို ကျဆင်းတော့မှာဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းသူပြည်သား အားလုံးအနေနဲ့ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ ဆက်လက်နေထိုင်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါဟာ မြန်မာနိုင်ငံက လုံးဝကွယ်ပျောက်မှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း မိမိတို့ ဘာသာတရားရဲ့ ယုံကြည်ကိုးကွယ်ရာကို ယခုအတိုင်း ဆက်လက် လုပ်ဆောင် နေကြမယ်ဆိုရင်လည်း   ဒီရောဂါဆိုးဟာ ပျောက်ကွယ်မှာသေချာပါတယ်။ ဒါဆိုရင် တိုင်းပြည်သာယာ ဝပြောရေးနဲ့  ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်လာမှာ မလွဲပါဘူး။ စာရေးသူ အနေနဲ့ ကတော့ စည်စည်ကားကား သာသာယာယာ ဖြစ်လာနေပြီဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ မြင်ကွင်းဟာ ထင်ထင်လင်းလင်း ပေါ်ထွန်းလာပြီဖြစ်ပါကြောင်း သီတင်းကျွတ် ရုံးပိတ်ရက်မြင်ကွင်းကို ကြည့်ရင်း ရင်တွင်းခံစားချက်နှင့် ရေးသား တင်ပြလိုက်ပါတယ်ခင်ဗျာ။    ။