ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုအကောင်းဆုံး ကမ္ဘာ့မြို့တော်ကြီးများ
ကိုဗစ်-၁၉ ကပ်ရောဂါကာလလောက် မြို့ပြများရဲ့ အပြောင်းအလဲမြန်ဆန်မှုကို ခေတ်သစ်လူ့သမိုင်းမှာ မရှိခဲ့ပါဘူး။ မြို့ပြတွေမှာ လူစည်ကားတဲ့နေရာတွေကို ကာလရှည်ပိတ်ပင်ထားရခြင်း၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ခြင်းကဲ့သို့သော အများပြည်သူ ဆိုင်ရာတားမြစ်ကန့်သတ်မှုများ ပြုလုပ်ရခြင်းစသည်တို့ဟာ ကမ္ဘာတစ်လွှား မြို့ပြများရဲ့မြင်ကွင်းများကို များစွာပြောင်းလဲ သွားစေခဲ့ပါတယ်။ ၁၉၀၀ ဝန်းကျင်ကာလများမှာ ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးဖြစ်ပွားစဉ် ကာလများမှာ တောင်မှ ကမ္ဘာ့မြို့ကြီးများရဲ့ ၁၄ ရာခိုင်နှုန်းလောက်မှာရှိတဲ့ မြို့ပြနေထိုင်သူများကိုသာ ကူးစက်ထိခိုက်စေခဲ့တာဖြစ်သော်လည်း ကိုဗစ်-၁၉ ကာလမှာတော့ ၅၇ ရာခိုင်နှုန်းသော မြို့ပြနေထိုင်သူတွေကို ကူးစက်သက်ရောက်မှုဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် မြို့ကြီးပြကြီးများဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှုကို ကာကွယ်နိုင်ရန်လိုအပ်သော အများပြည်သူဆိုင်ရာ အကာအကွယ်များ၊ တားမြစ်ပိတ်ပင်မှုများကို ပိုမိုလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အခြေခံအဆောက်အဦများ ပြည့်စုံမှု၊ ဒစ်ဂျစ်တယ် နေထိုင်မှုဘဝ၊ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တုံ့ပြန်ရေး ဆောင်ရွက်ထားရှိမှုနှင့် ဖြစ်ပွားသေဆုံးနှုန်းများကို အခြေခံတွက်ချက်ထားသည့် ညွှန်းကိန်း ၇၆ ခုကို အခြေခံကာ ကမ္ဘာ့မြို့ကြီးပေါင်း ၆၀ ၏ ကိုဗစ်-၁၉ ဆိုင်ရာလုံခြုံစိတ်ချရမှု အဆင့်အတန်းကို ခွဲခြားဖော်ပြထားသည့် ၂၀၂၁ ကိုဗစ်-၁၉ လုံခြုံစိတ်ချမြို့ပြများ၏ အညွှန်းကို ထုတ်ပြန်ခဲ့ပါသည်။ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းကတော့ စီးပွားရေးပညာရှင်များ၏ စူးစမ်းလေ့လာမှုအဖွဲ့ပဲ ဖြစ်ပါ တယ်။ ၎င်းအဖွဲ့ကြီးဟာ ၁၉၄၆ ခုနှစ်မှာ စတင်ဖွဲ့စည်းသည့် လန်ဒန်အခြေစိုက်အဖွဲ့ဖြစ်ကာ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်း၊ စီးပွားရေးတိုးတက်မှုဆိုင်ရာ ခန့်မှန်းတွက်ချက်ခြင်း၊ အစီရင်ခံစာများ ရေးသားခြင်း၊ နိုင်ငံများ၏ စီးပွားရေးဆိုင်ရာ လစဉ်ခန့်မှန်းတွက်ချက်မှုများ၊ ၅ နှစ်စာ ခန့်မှန်းတွက်ချက်မှုများ စသည့် သုတေသနလုပ်ငန်းများ၊ သတင်းအချက် အလက်မျှဝေသည့် လုပ်ဆောင်မှုများကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပါသည်။ ၎င်းအဖွဲ့ကြီးက ထုတ်ပြန်သည့် ကိုဗစ်-၁၉ ဆိုင်ရာ လုံခြုံစိတ်ချမှုအရှိဆုံး ကမ္ဘာ့မြို့ကြီး ၅ မြို့မှာ အစဉ်လိုက်အားဖြင့် ကိုပင်ဟေဂင်၊ တိုရွန်တို၊ စင်ကာပူ၊ ဆစ်ဒနီ၊ တိုကျိုမြို့တို့ ဖြစ်ပါတယ်။
ကိုပင်ဟေဂင်
ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်မြို့ဟာဆိုရင် အဆင့်သတ်မှတ်ချက်အရ ထိပ်ဆုံးမှာရှိနေပါတယ်။ အကြောင်းပြချက်များ ကတော့ အဓိကတိုင်းတာသည့် အချက်တစ်ခုဖြစ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံစိတ်ချရမှုရှိသည့် ပြည့်ဖြိုးမြဲစွမ်းအင်များ အသုံးပြုနိုင်မှု၊ လေထုသန့်စင်မှု၊ အညစ်အကြေးစွန့်စနစ်များ၊ မြို့ပြတောအုပ် ဖုံးလွှမ်းမှုဧရိယာများပြားမှု၊ မြို့နေလူထု၏ ကိုဗစ်-၁၉ ကို ရင်ဆိုင်တုံ့ပြန်မှုများ ကောင်းမွန်မှုတို့ဖြစ်ပါတယ်။ အသက်ရှူရကောင်းမွန်သည့် ပန်းခြံများ၊ တောအုပ်များ ကိုပင်ဟေဂင်မြို့ တွင်းတွင် တည်ရှိနေမှုကလည်း အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သော ကိုဗစ်-၁၉ ကပ်ကာလအတွင်း များစွာ အထောက် အကူဖြစ်စေပါတယ်။ ကိုပင်ဟေဂင်မြို့သားများဟာ စားသောက်ဆိုင်များမှာ ဆိုင်ထိုင်စားမလုပ်ဘဲ ပါဆယ်ဆွဲ စားသောက်မှုများ အပါအဝင် လူစုလူဝေးကန့်သတ်ချက်များ၊ လူအများအစုအဝေးမဖြစ်အောင်ပြုလုပ်ထားသည့် အမှတ်အသားများစသည့် ကိုဗစ်-၁၉ ကန့်သတ်တားမြစ်ချက်များကို စည်းလုံးညီညွတ်စွာ လိုက်နာကျင့်သုံးခဲ့ကြပါတယ်။ စည်းကမ်းသတ်မှတ်ချက်များအား ညီညီညွတ် ညွတ် လိုက်နာကြခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး အတူတကွ ယုံကြည်စိတ်ချစွာ အလုပ်လုပ်ကိုင်နိုင်ကြကြောင်း သိရပါတယ်။ ထို့ပြင် ဒိန်းမတ်နိုင်ငံဟာ အကျင့်ပျက်လာဘ်စားမှု ညွှန်းကိန်းအလွန်နည်းသည့် နိုင်ငံဖြစ်သောကြောင့် ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေး အောင်မြင်တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များဟာ အကျင့်ပျက်ခြစားမှုနည်းမှသာ ထိရောက်တာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အများပြည်သူနဲ့သက်ဆိုင်တဲ့ စည်းကမ်းသတ်မှတ်ချက်များဖြစ်လို့ အများက ယုံယုံကြည်ကြည် လိုက်နာ ဆောင်ရွက်မှသာ အထမြောက် အောင်မြင်တာဖြစ်လို့ပါပဲ။
အများက ယုံယုံကြည်ကြည် လိုက်နာဆောင်ရွက်နိုင်ဖို့ဆိုတာ စည်းကမ်းသတ်မှတ်ချက်များဟာ ပွင့်လင်းမြင်သာပြီး အကျင့်ပျက်မှု ကင်းဖို့လိုပါတယ်။ ထို့ပြင် ကိုပင်ဟေဂင်မြို့မှာ လူတိုင်းအတွက် ကိုဗစ်-၁၉ စစ်ဆေးဆောင်ရွက်မှုကို အခမဲ့လုပ်ဆောင်ပေးတဲ့ အစီအစဉ်ထားရှိပါတယ်။ တိုးရစ်များအပါအဝင်ပေါ့။ ရရှိလာတဲ့ ဒေတာအချက်အလက်များကို အမြဲသုံးသပ်ကာ ရောဂါပြန့်ပွားမှု မရှိစေရေး ဆောလျင်စွာ ထိန်းချုပ်နိုင်အောင် စီမံထားရှိပါတယ်။
တိုရွန်တို
ကနေဒါနိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးဖြစ်တဲ့ တိုရွန်တိုမြို့ဟာ အဆင့်သတ်မှတ်ချက်အရ ဒုတိယလိုက်ပါတယ်။ ဖော်ပြခဲ့သလိုပဲ အခြေခံ အဆောက်အဦဖွံ့ဖြိုး လုံလောက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီအမံများကောင်းမွန်မှုတွေကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ တိုရွန်တိုမြို့သူမြို့သားများရဲ့ ညီညွတ်မှု၊ သတင်းအချက်အလက်မျှဝေမှုနှင့် လိုက်နာဆောင်ရွက်မှု အားကောင်း မှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ကာကွယ်ဆေးနှင့်ပတ်သက်လို့ နိုးနိုးကြားကြားရှိကာ ထိုးနှံမှုအားကောင်းတာကလည်း တိုရွန်တိုမြို့ရဲ့ ထူးခြားချက်ဖြစ်နေပါတယ်။ မြို့ရှိ လူမှုအဖွဲ့အစည်းတိုင်းဟာ ကာကွယ်ဆေးထိုးနှံရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းပါတယ်။ ကာကွယ်ဆေးကို ရသလောက် များများနဲ့ မြန်မြန်ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ တိုရွန်တိုမြို့သူမြို့သားများဟာ ကာလ တာရှည် လူမျိုးပေါင်းစုံပြောင်းရွှေ့ရောက်ရှိအခြေပြု နေထိုင်ခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့် ယဉ်ကျေးမှုပေါင်းစုံညီညွတ်စွာ စိတ်ချ လက်ချ နေထိုင်ခဲ့ကြတဲ့အချက်ကလည်း ကိုဗစ်တိုက်ဖျက်ရေးမှာ အရေးပါပါတယ်။
စင်ကာပူ
မြို့ပြနိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူဟာ အဆင့်သတ်မှတ်ချက်အရ နံပါတ် ၂ မှာ တိုရွန်တိုမြို့နဲ့အတူရပ်တည်လျက်ရှိနေပါတယ်။ ၎င်းရဲ့ ဒစ်ဂျစ်တယ်လုံခြုံစိတ်ချရမှု၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ အခြေခံအဆောက်အဦများ ပြည့်စုံမှုတို့ကို အသုံးပြု၍ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးကို လုပ်ဆောင်ခဲ့ပါတယ်။ ဖြစ်ပွားမှုများအား ခြေရာခံလိုက်နိုင်ရေးကို နည်းပညာများအသုံးပြုကာ ဆောင်ရွက်နိုင်မှု အရှိဆုံး မြို့ကြီးလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာလည်း ၈၀ ရာနှုန်းကျော်ရှိနေပြီး ဆက်လက်၍ လည်း ကိုဗစ်-၁၉ တားမြစ်ကန့်သတ်ချက်များ လုပ်ဆောင်နေဆဲလည်းဖြစ်ပါတယ်။ စင်ကာပူမှာ လူတိုင်းဟာ အဆောက်အအုံများ ထဲသို့မဝင်ခင်မှာ မိုဘိုင်းလ်ဖုန်းတွင် အင်စတောလ်လုပ်ထားသော အက်ပလီကေးရှင်းမှတစ်ဆင့် သွားလာခဲ့တဲ့နေရာတွေကို အစစ်ဆေးခံရပါတယ်။ သံသယဖြစ်ဖွယ် သွားလာမှုရှိခဲ့ရင် စစ်ဆေးမှုများခံယူရပါတယ်။ လူအများစုဝေးအလုပ်လုပ်ရာနေရာတွေကို ဝင်ထွက်မယ်ဆိုရင် အဲ့လို ဒစ်ဂျစ်တယ်တိုကင်စနစ်ကျင့်သုံးပြီး ကူးစက်မှုကို ဆောလျင်စွာ ဖော်ထုတ်နိုင်ရေး လုပ်ဆောင်ပါတယ်။ ခရီးသွားလာသူများဟာလည်း အဆိုပါတိုကင်စနစ်ရဲ့ စစ်ဆေးမှုအောက်မှာ ခံယူနိုင်ဖို့ လိုက်နာလုပ်ဆောင်ရပါတယ်။ လူစုလူဝေးနဲ့ လုပ်ဆောင်ရတဲ့ ကိစ္စရပ်တိုင်းကို တားမြစ်ထားပါတယ်။ နေအိမ်မှ အလုပ်လုပ်စေတဲ့စနစ်ကိုကျင့်သုံးစေခြင်းဖြင့် တတ်နိုင်သမျှ လူများ စုဖွဲ့မှုကို တားမြစ်ထားပါတယ်။ ဈေးဝယ်စင်တာတွေ၊ စာတိုက်တွေ၊ စတိုးဆိုင်တွေမှာ လူများစုပြုံမှုမရှိစေရေး စနစ်ထားရှိ လုပ်ဆောင်ပါတယ်။
ဆစ်ဒနီ
သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီမြို့ဟာဆိုရင် အဆင့်သတ်မှတ်ချက် ၅ နေရာမှာရှိနေပါတယ်။ ဆစ်ဒနီမြို့ဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးစနစ်အကောင်းဆုံး ၁၀ မြို့မှာလည်း ပါဝင်နေပါတယ်။ သြစတြေးလျနိုင်ငံဟာ ကိုဗစ်စဖြစ်ဖြစ်ချင်း ကတည်းက နိုင်ငံကို ပိတ်ချလိုက်ပြီး အလွန်ပြင်းထန်တဲ့ လော့ဒေါင်းချဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပေါ့စတစ်ကေ့စ်များကိုလည်း ပြင်းပြင်းထန်ထန်ကာကွယ် ထိန်းချုပ်ခဲ့တာတွေကြောင့် ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံးမှုဖြစ်ပွားမှု အလွန်နိမ့်ပါးတဲ့ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ၇၀ ရာခိုင်နှုန်းကျော်ရှိလာပြီ ဖြစ်တဲ့အတွက် နိုဝင်ဘာလကုန်ပိုင်းမှာ နိုင်ငံကို ပြန်လည် ဖွင့်လှစ်ဖို့ လုပ်ဆောင် နေပါတယ်။ ဆစ်ဒနီမြို့သူမြို့သားများဟာဆိုရင် ကိုဗစ်နဲ့ပတ်သက်ပြီး ၎င်းင်းတို့ကို၎င်းင်းတို့ ယုံကြည်မှု အလွန်ရှိ နေကြပြီဖြစ်ပါတယ်။ ရှိမယ်ဆိုလည်း ရှိလောက်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်နဲ့ပတ်သက်လို့ အလွန်ကောင်းမွန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေရှိနေတာ ဖြစ်ပါတယ်။ ဆစ်ဒနီမြို့ဟာဆိုရင် ဒစ်ဂျစ်တယ်လုံခြုံမှုစနစ်မှာ နံပါတ် ၁ ဖြစ်ပါတယ်။ ဆိုက်ဘာလုံခြုံမှုစနစ်နဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုတွေမှာဆိုရင် ဆစ်ဒနီမြို့လောက် လုံခြုံစိတ်ချရမှု ဘယ်မှာမှ မရနိုင်ပါဘူး။ စမတ်စီးတီး မြို့တော်ဖြစ်ရေး ဆောင်ရွက်နေတဲ့ ဆစ်ဒနီမြို့မှာ တစ်မြို့လုံးဆင်ဆာများတပ်ဆင်ထားရှိပြီး အမှိုက်ပစ်တာကအစ မြို့တွင်း ခရီးသွား လာမှုများ၊ ခြေကျင်လျှောက်သူများအပါအဝင် လှုပ်ရှားမှုတိုင်းကို စမတ်ဆင်ဆာများနဲ့ လုပ်ဆောင်ပေးနေမှာဖြစ်ပါတယ်။ ကိုဗစ်ဖြစ် ပွားသူများလည်း ရှောင်ပုန်းနေလို့မရပါဘူး။ သူ့ရဲ့လှုပ်ရှားသွားလာခဲ့မှုက တစ်ဆင့်ဖော်ထုတ်ကာ ကွာရန်တင်းဝင်စေခြင်း၊ ကုသမှုခံယူ စေခြင်းများ ဆောင်ရွက်စေမှာဖြစ်ပါတယ်။
တိုကျို
ဂျပန်မြို့တော် တိုကျိုဟာ အဆင့်သတ်မှတ်ချက်အရ ဆစ်ဒနီနဲ့အတူ နံပါတ် ၅ ချိတ်ပါတယ်။ ကျန်းမာရေးအဆင့်သတ်မှတ်ချက် ထိပ်နားမှာရှိနေတဲ့ တိုကျိုဟာ ကိုဗစ်ထိန်းချုပ်ရေးအစီအမံများ၊ ကုသရေးအစီအမံများနှင့် ပျမ်းမျှလူ့သက်တမ်းကောင်းမွန်မှု စတဲ့ အချက်တွေမှာ အားသာနေပါတယ်။ အိုလံပစ် ကာလအတွင်းမှာ ကူးစက်မှုတွေ မြင့်တက်လာပေမယ့် ကာကွယ်ဆေးထိုးနှံပြီးစီးမှု ၆၀ ရာနှုန်းကျော်လာတာနဲ့အတူ ပြန်လည်ထိန်းချုပ်လာနိုင်ပြီဖြစ်ပါတယ်။ ၂၀၂၁ စက်တင်ဘာလကုန်မှာ ကိုဗစ်အရေးပေါ် သတ်မှတ် ချက်များ ဖြေလျှော့ခဲ့ပြီးလည်းဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးတဲ့ အထောက်အထားတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင် ရေးဆောင်ရွက်ကာ ကာကွယ်ဆေးထိုးနှံမှုကို ပြည်သူအားလုံးလိုက်ပါလာအောင် ဆောင်ရွက်နေပါတယ်။ ကာကွယ်ဆေးထိုးပြီး အထောက်အထားပြနိုင်သူတွေကို ဒစ်စကောင့်ပေးခြင်း၊ အထူးအခွင့်အရေးပေးခြင်း၊ လူအများဝင်ထွက်ရာနေရာများတွင် အထောက် အထားပါ၊ မပါစစ်ဆေးခြင်းစတဲ့ အချက်တွေဖြစ်ပါတယ်။ တိုကျိုဟာဆိုရင် ခရီးသွားလာမှုနှင့်ဆိုင်တဲ့ အခြေခံအဆောက်အဦများ အပါအဝင် လုံခြုံစိတ်ချရမှု၊ မြို့အတွင်းဘေးအန္တရာယ်ကင်းမှုစတဲ့အချက်တွေမှာ ကောင်းမွန်တဲ့ အထောက်အထားတွေ ရှိနေပါတယ်။ မြို့တွင်းလမ်းလျှောက်သွားလာမှုကို အားပေးတဲ့ တိုကျိုမြို့ဟာဆိုရင် ကောင်းကျိုးအနေနဲ့ ရာဇဝတ်မှုများမဖြစ်ပွားအောင် အများ ပြည်သူ ပူးပေါင်းကာကွယ်မှုရှိစေခြင်းအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်စေတဲ့ အလေ့အထကို ဖြစ်စေတာတွေ့ ရမှာဖြစ်ပါတယ်။ ကားအများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်သော်လည်း အများစုမှာ လမ်းလျှောက်ခြင်း၊ အများပြည်သူပို့ဆောင်ရေးစနစ် ဖြစ်တဲ့ ဘတ်စကားများ၊ ရထားများကိုသာ စီးနင်းခြင်းများတွေ့ရှိရမှာ ဖြစ်ပါတယ်။ ထို့ပြင် တိုကျိုမြို့မှာ ပစ္စည်းပျောက်ရှမှု၊ လုယက်မှု ဆိုတာ မရှိသလောက် ရှားပါးတယ်။ စက်ဘီးစီးသွားမယ်ဆိုရင် ဘူတာရုံတွေမှာ မိမိစီးလာတဲ့စက်ဘီးတွေကို သော့ခတ်စရာမလို ဒီအတိုင်းထားခဲ့လို့ရပါတယ်။ ပျောက်ရှမှုမရှိပါဘူး။ မေ့ကျန်ခဲ့တဲ့ ပစ္စည်းများကိုလည်း မေ့ကျန်ခဲ့တဲ့နေရာမှာ သွားရှာရင် မပျောက် မပျက်တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာလှည့်ခရီးသွားများဟာ တိုကျိုမြို့ကို အလွန်နှစ်သက်ကြပြီး ကြောင့်ကြမယ့် ခရီးသွားလာနိုင်မှာလည်း ဖြစ်ပါတယ်။
နိုင်ငံများဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန်ကို မျှော်မှန်းပြီး လူမှုစီးပွားဘဝများ ပုံမှန်အခြေအနေ အမြန်ဆုံး ပြန်လည် ရောက်ရှိရေး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ အစိုးရများက မည်သို့ပင် ဆောင်ရွက်ပေးသည်ဖြစ်စေ ပြည်သူများ၏ စည်းကမ်းသေဝပ်မှုမှာ လွန်စွာအရေးကြီးကြောင်း ဖော်ပြပါမြို့များရဲ့ ကိုဗစ်ကာလထိန်းချုပ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ အများပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ကိုဗစ်ကာလအလွန် လူမှုစီးပွားဘဝများ ပြန်လည်ဦးမော့လာနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
Source: BBC.COM, The world's safest cities post-pandemic