ဖိတ်ခေါ်ပါသည် ... .တောင်လှေကားမြို့တော်က နိုင်ငံတကာအဆင့် စာတမ်းဖတ်ပွဲဆီ
(သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂ဝ၂၁) ဂုဏ်ပြုဆောင်းပါး)
ဝသန်ရယ်ညောင်း ဟေမန်ပြောင်းလို့
တောင်လေကရူး မြောက်လေမြူးစ
တောတောင်တခို စွတ်စွတ်မြူတို့
ဝန်းကာဝိုင်းပတ် သမယဝယ်...
ဆိုသည့်အတိုင်း ပြင်ဦးလွင်ကတော့ တောင်ပေါ်မြို့ ဆိုသည့် ဝိသေသနဲ့အညီ မြူခိုးတိမ်တောင်တွေနဲ့ ဆောင်းအကူးဆိုတော့ နေ့ပူညချမ်းဖြစ်ပြီး စပ်ကူးမပ်ကူးကာလပေါ့။ မိုးပန်းတို့အစွမ်းကုန်ဖူးပွင့်ပြီးလို့ ဝသုန်မြေပြင်ထက် ပွင့်လွှာတို့နဲ့ဖြန့်ခင်းနေသလို ဆောင်းကြိုပန်းတို့ကလည်း သူ့ထက်ငါအပြိုင်ပွင့်ကာ လောကကိုအလှဆင်ဖို့ တာစူနေကြလေရဲ့။ သဘာဝ ပန်းပေါင်းစုံတို့ အလှတစ်မျိုးစီဝေနေချိန်မှာ ပြင်ဦးလွင် တပ်နယ်မှာလည်း သုတေသနပန်းလေးတွေ ပွင့်လန်းနိုင်ဖို့ အဖူးအငုံလေးတွေကစီစီရီရီ။ ဘာလို့လဲဆိုတော့ စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေ ပညာဗဟိုဌာနမှာ ပဉ္စမအကြိမ် နိုင်ငံတကာအဆင့် စာတမ်းဖတ်ပွဲလို့ ဆိုရမယ့် (Conference on Science and Technology Development - 2021) ကို အောက်တိုဘာလ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ကျင်းပနိုင်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။
သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် အစပြုရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတကာနှင့် ပြည်တွင်းတက္ကသိုလ် အသီးသီးမှ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ရရှိပြီးသူများ၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် အရပ်ဘက် တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်း တက်ရောက်နေသော မဟာဘွဲ့နှင့်ပါရဂူဘွဲ့ သင်တန်းသားများ၏ သုတေသနဆိုင်ရာ ဖော်ထုတ်တွေ့ရှိချက်များကို နိုင်ငံတကာအဆင့် စာတမ်းဖတ်ပွဲများနှင့် ကွန်ဖရင့်များတွင် တင်သွင်း ဖတ်ကြားစေခြင်းဖြင့် အရည်အချင်းများ မြှင့်တင်ပေးနိုင်ရေး တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်အား လမ်းညွှန်မှုပေးခဲ့ခြင်းက သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ပေါ်ပေါက်လာရခြင်း နိဒါန်းပင်ဖြစ်ပေသည်။
ဂုဏ်ယူဖွယ်ရာ
၂ဝ၁၆ ခုနှစ်၌ စစ်တက္ကသိုလ်၊ စာပေဌာန(ဘွဲ့လွန်) (ယခု-အဆင့်မြင့်စာပေ ပညာဗဟိုဌာန) တွင် ပထမဆုံး အကြိမ်အဖြစ် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲ (၂ဝ၁၆)( Seminar on Science and Technology Development-2016) ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂ဝ၁၇ ခုနှစ်မှ နိုင်ငံတကာမှ ပညာရှင်များ၊ ပြည်တွင်းရှိ နည်းပညာ တက္ကသိုလ်များ၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များမှ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ပညာရှင်များကိုပါ ဖိတ်ကြားကာ နိုင်ငံတကာ ကွန်ဖရင့်အဆင့်သို့ အောင်မြင်စွာတက်လှမ်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂ဝ၁၈ နှင့် ၂ဝ၁၉ ခုနှစ်တို့တွင်လည်း သက်ဆိုင်ရာနယ်ပယ် အသီးသီးရှိ နိုင်ငံတကာနှင့် ပြည်တွင်းရှိ စစ်ဘက်/အရပ်ဘက် တက္ကသိုလ်များမှ အတတ်ပညာရှင်၊ အသိပညာရှင်များ၊ သုတေသနပညာရှင်များအား တိုးတက်ဖိတ်ကြားကာ နိုင်ငံတကာ ကွန်ဖရင့်အဆင့် စာတမ်းဖတ်ပွဲအဖြစ် အောင်မြင်စွာ ပုံဖော်ကာ ဆက်လက် ဆောင်ရွက်နိုင်ခဲ့သည်မှာ တပ်မတော်နှင့် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာ အရာတစ်ခုပင်ဖြစ်ပါသည်။
၂ဝ၂ဝ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေကြောင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်း ယခု ၂ဝ၂၁ ခုနှစ်တွင်မူ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ခဲ့ပါသည်။
ကွန်ဖရင့်ကျင်းပရခြင်းရည်ရွယ်ချက်
မိမိတို့တပ်မတော်တွင် နိုင်ငံတကာ အဆင့် စာတမ်းဖတ်ပွဲများ လက်ခံကျင်းပခြင်းဖြင့် တပ်မတော်၌ တာဝန်ထမ်းဆောင်နေသော ပြည်တွင်း/ပြည်ပရှိ ဘွဲ့လွန် သင်တန်းသားများ၏ သုတေသန စာတမ်းများကို အထောက်အကူ ပြုနိုင်စေရန်နှင့် နိုင်ငံတကာမှ ပညာရှင်များ၏ ပညာရပ်ဆိုင်ရာ အတွေ့အကြုံများကို တစ်နေရာတည်းတွင် စုစည်းရရှိနိုင်သည့်အပြင် အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခကြီးများ၊ ဌာနမှူးများ၊ ပညာရပ်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များနှင့်လည်း Knowledge Sharing များ ပြုလုပ်နိုင်စေရန်။
ကွန်ဖရင့်အစ ၂ဝ၁၆ စာတမ်းဖတ်ပွဲက၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နှင့် ၁၁ ရက်များတွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး စာတမ်းဖတ်ပွဲ (Seminar on Science and Technology Development-2016) ၌ Science and Information Technology နယ်ပယ်တွင် စာတမ်း အရေအတွက် ၁၁ စောင်နှင့် ပိုစတာခုနစ်စောင်၊ Engineering and Manufacturing Technology နယ်ပယ်တွင် စာတမ်း အရေအတွက် ၁၁ စောင်နှင့် ပိုစတာခုနစ်စောင်၊ စုစုပေါင်း စာတမ်းအရေအတွက် ၂၂ စောင်နှင့် ပိုစတာ ၁၄ စောင် တင်သွင်း ဖတ်ကြားနိုင်ခဲ့ပါသည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် အကောင်းဆုံး စာတမ်းဆုရှင် တစ်ဦးစီနှင့် ဒုတိယအကောင်းဆုံး စာတမ်းဆုရှင် တစ်ဦးစီရွေးချယ်ကာ ဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံတကာအဆင့် ကွန်ဖရင့်ဆီသို့
၂ဝ၁၇ ခုနှစ်တွင်မူ နိုင်ငံတကာ ကွန်ဖရင့်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အရပ်ဘက် တက္ကသိုလ်များမှ စာတမ်းတင်သွင်း ဖတ်ကြားလိုသူများကိုပါ ဖိတ်ကြားခဲ့ပြီး နယ်ပယ်ကြီး ၆ ခု (Technological Science ၊ Environmental Science ၊ Information Technology ၊Manufacturing and Automation ၊ Energy and Environment ၊ Communication and Transportation) ကို အခန်း ၆ ခန်းခွဲကာ စာတမ်း စုစုပေါင်း ၁ဝ၈ စောင်နှင့် ပိုစတာ ၂၈ စောင် တင်သွင်း ဖတ်ကြားခဲ့ပါသည်။ တပ်မတော်တက္ကသိုလ်များ၊ ဌာနများနှင့် အရပ်ဘက် နည်းပညာ တက္ကသိုလ်များ၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ တင်သွင်းလာသော စာတမ်းများကို စာတမ်းများဆိုင်ရာ ဆပ်ကော်မတီ၏ ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ပါရဂူဘွဲ့ရရှိပြီးသော ဝါရင့်ဆရာများက ရွေးချယ်စိစစ်ကာ စာတမ်းဖတ်ပွဲတွင် ဝင်ရောက်ဖတ်ကြား ခွင့်ပြုပေးခဲ့ပါသည်။
သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂ဝ၁၇)တွင် အရပ်ဘက် တက္ကသိုလ်များမှ စာတမ်းစုစုပေါင်း ၁၅ စောင်နှင့် ပိုစတာလေးစောင် တင်သွင်းဖတ်ကြားခဲ့ပါသည်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် အကောင်းဆုံး စာတမ်းဆုရှင် ခြောက်ဦး၊ အကောင်းဆုံးပိုစတာဆုနှင့် ဒုတိယအကောင်းဆုံး ပိုစတာဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အရပ်ဘက်တက္ကသိုလ်များမှ အကောင်းဆုံး စာတမ်းဆုနှစ်ဆု ရရှိခဲ့ပါသည်။
Keynote Speaker များအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံများမှ ပါမောက္ခများနှင့် ပညာရှင်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသား ပညာရှင်များကို ဖိတ်ကြားကာ စာတမ်းဖတ်ပွဲကို နိုင်ငံတကာ အဆင့်အတန်းသို့ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
CSTD-2018
၂ဝ၁၈ ခုနှစ်၌ ကျင်းပပြုလုပ်ခဲ့သော သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂ဝ၁၈) တွင်လည်း CSTD-2017 နည်းတူ နယ်ပယ်ကြီး ၆ ခု ခွဲခြားဖတ်ကြားခဲ့သော်လည်း တိုးတက် တင်သွင်းလာခဲ့သော စာတမ်းများ၏ အရေအတွက်နှင့် အရည်အသွေးကို မူတည်၍ Technological Science နှင့် Environmental Science နယ်ပယ်တို့တွင် Session တစ်ခုစီ ထပ်မံတိုးချဲ့ကာ စုစုပေါင်း အခန်း ၈ ခန်းတွင် ဦးဆောင် ဖတ်ကြားသူ (Panel Speaker)များ အပါအဝင် စာတမ်းစုစုပေါင်း ၁၃၆ စောင်၊ ပိုစတာကဏ္ဍတွင် ၂၅ စောင်နှင့် နိုင်ငံတကာမှ Keynote Speaker ခြောက်ဦး တင်သွင်း ဖတ်ကြားခဲ့ကြသည်။ Keynote Speaker များအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ဂျပန်နိုင်ငံတို့မှ ပညာရှင်များက တက်ရောက်ဖတ်ကြားခဲ့ပါသည်။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂ဝ၁၈)တွင် အရပ်ဘက် တက္ကသိုလ်များမှ စာတမ်းစုစုပေါင်း ၃၁ စောင်၊ ပိုစတာလေးစောင် တင်သွင်းဖတ်ကြားခဲ့သည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် အကောင်းဆုံး စာတမ်းဆုရှင်ရှစ်ဦး၊ အကောင်းဆုံး ပိုစတာဆုနှင့် ဒုတိယအကောင်းဆုံး ပိုစတာဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အရပ်ဘက် တက္ကသိုလ်များမှ အကောင်းဆုံး စာတမ်းဆုသုံးဆု ရရှိခဲ့ပါသည်။
CSTD-2019
သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂ဝ၁၉) ကို ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘာလ ၁ ရက်တို့တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ စာတမ်းများဆိုင်ရာ ဆပ်ကော်မတီအနေဖြင့် ယခင်နှစ်များထက် ပိုမိုများပြားသော အရည်အသွေး၊ ပိုမိုကောင်းမွန်သော စာတမ်းများကို လက်ခံရရှိခဲ့ပါသည်။ စာတမ်းဖတ်ကြားမည့် နယ်ပယ် ၆ ခု နှင့် အခန်း ၈ ခန်းကိုလည်း CSTD-2018 ကထက် ပိုမိုကောင်းမွန်စွာ လက်ခံ ကျင်းပနိုင်ခဲ့ပါသည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် စုစုပေါင်းအခန်း ၈ ခန်းတွင် ဦးဆောင်ဖတ်ကြားသူ(Panel Speaker) များ အပါအဝင် စာတမ်းစုစုပေါင်း ၁၃၆ စောင်၊ ပိုစတာကဏ္ဍတွင် ၂၅ စောင် နှင့် နိုင်ငံတကာမှ Keynote Speaker ခြောက်ဦး တင်သွင်းဖတ်ကြားခဲ့ကြသည်။ Keynote Speaker များအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပါမောက္ခများနှင့် ပညာရှင်များက တက်ရောက် ဖတ်ကြားခဲ့ပါသည်။ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂ဝ၁၉)တွင် တပ်မတော် တက္ကသိုလ်/ဌာနများမှ စာတမ်းစုစုပေါင်း ၈ဝ နှင့် ပိုစတာ ၂၄ စောင်၊ အရပ်ဘက်တက္ကသိုလ်များမှ စာတမ်းစုစုပေါင်း ၅၆ စောင်နှင့် ပိုစတာလေးစောင် တင်သွင်းဖတ်ကြားခဲ့ပါသည်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် အကောင်းဆုံး စာတမ်းဆုရှင်ရှစ်ဦး၊ Science Poster Session အကောင်းဆုံး ပိုစတာဆုနှင့် Engineering Poster Session အကောင်းဆုံး ပိုစတာဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အရပ်ဘက်တက္ကသိုလ်များမှ အကောင်းဆုံး စာတမ်းဆုသုံးဆု ရရှိခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂ဝ၁၉)တွင် တပ်မတော်တက္ကသိုလ်/ ဌာနများနှင့် အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ သုတေသန ပညာရှင်များနှင့် ဘွဲ့လွန်ကျောင်းသားများအပြင် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ မဟာဘွဲ့ကျောင်းသားများလည်း ဝင်ရောက်ဖတ်ကြားခဲ့ပါသည်။ အဆိုပါ ထိုင်းကျောင်းသားများ အနေဖြင့် Energy and Environmental Engineering ါ နယ်ပယ်တွင် စာတမ်းနှစ်စောင်၊ Science Poster ကဏ္ဍတွင် ပိုစတာသုံးစောင်နှင့် Engineering Poster ကဏ္ဍတွင် ပိုစတာနှစ်စောင် တင်သွင်း ဖတ်ကြားခဲ့ကြပါသည်။ ဤသည်ကပင်လျှင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကြီးသည် တစ်နှစ်ထက်တစ်နှစ် နိုင်ငံတကာ အဆင့်ဆီသို့ အဆင့်အတန်းမီမီ ဝင်ရောက်လာပြီဆိုသည့် သရုပ်ကို ပြသရာရောက်နေပါသည်။
CSTD-2021 သို့မဟုတ် ကျောက်လွှာကြားမှ ပန်းတစ်ပွင့်
CSTD-2020 ကို ၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေကြောင့် နိုင်ငံတကာစာတမ်းဖတ်ပွဲများနည်းတူ ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။
ယခု ၂ဝ၂၁ ခုနှစ်တွင်မူ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်မှုများရှိနေလင့်ကစား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ အောက်တိုဘာလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပတော့မည်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ရှိနေသော်လည်း သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂ဝ၂၁)တွင်ဖတ်ကြားမည့် စာတမ်းအရေအတွက်သည် သိသိသာသာ လျော့နည်းသွားမည် မဟုတ်ပေ။ CSTD-2021 တွင် ပြောင်းလဲမှုအနေဖြင့် ယခင် Environmental Science နယ်ပယ်အား Disaster Management and Environmental Science အဖြစ် တိုးချဲ့ကာ သဘာဝ ဘးအန္တရာယ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြု အထူးပြုနယ်ပယ်များမှ သုတေသန ဆောင်ရွက်ချက်များနှင့် စာတမ်းများ ဖတ်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတကာမှ ပညာရှင်များ၊ အရပ်ဘက်တက္ကသိုလ်များမှ ပညာရှင်များအနေဖြင့် Online မှ SVirtual Conferencing စနစ်ဖြင့် တက်ရောက်ဖတ်ကြား သွားမည်ဖြစ်ပြီး စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တပ်မတော်လက်ရုံး/ဌာနများမှ စာတမ်းရှင်များ အနေဖြင့် Social Distancing နှင့်အညီ သက်ဆိုင်ရာ စာတမ်းဖတ်ခန်းများတွင် တက်ရောက် ဖတ်ကြားသွားကြမည်ဖြစ်ပါသည်။
ဖိတ်ခေါ်ပါသည် ပြင်ဦးလွင်ဆီ ယခင်က ပြင်ဦးလွင်သည် ပန်းမြို့တော်၊ နှင်းမှုန်မြို့တော်၊ တောင်လှေကား မြို့တော်များအဖြစ် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့သလို ခရီးသွားမြို့တော်အဖြစ်လည်း ယနေ့တိုင် ရေပန်းစားတည်ရှိနေပါသည်။
မဟာအံ့ထူးကံသာဘုရားကြီးနှင့် ပိတ်ချင်းမြှောင် မဟာနန္ဒမူ လိုဏ်ဂူတော်တို့ကဲ့သို့ တန်ခိုးကြီးဘုရားများအပြင် အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ဒီဇင်ဘာ အပန်းဖြေခြံ၊ ပွဲကောက်ရေတံခွန်နှင့် ဓာတ်တော်ချိုင့်ရေတံခွန်ကဲ့သို့ အေးအေးဆေးဆေး အပန်းဖြေအနားယူလို့ရသည့် နေရာတွေကလည်းများလှပါပေသည်။
သည်ကနေ့အချိန်မှာတော့ အလှပေါ်အယဉ်ဆင့်ဆိုသလို စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေ ပညာဗဟိုဌာနမှာ ကျင်းပပြုလုပ်တဲ့ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကြီးကလည်း တစ်နှစ်ထက်တစ်နှစ်အရှိန်ရလာပြီး မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ တက္ကသိုလ်အသီးသီးက သုတေသန ဆောင်ရွက်ချက်တွေ ပညာရပ်ဆိုင်ရာတွေ့ရှိမှု အသစ်တွေကလည်း နှစ်စဉ်အောက်တိုဘာလ ရောက်လေတိုင်း ဆောင်းကြိုပန်းများ ပမာအချိန်မှန်မှန်ဖူးပွင့် လာပြန် ပါပြီကော။
ဒါကြောင့် ရည်ရွယ်ချက်ကောင်းများစွာနဲ့ နှစ်စဉ် ကျင်းပပြုလုပ်နေတဲ့ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကြီးမှာ သင်ကြာရေးနယ်ပယ်နဲ့ သုတေသနနယ်ပယ်မှာ ကြိုးစား ဆောင်ရွက်နေကြတဲ့ ပါမောကကြီးများ၊ သုတေသန ပညာရှင်ကြီးများနှင့် ဘွဲ့လွန်သင်တန်းသားများ အနေဖြင့် မိမိတို့ရဲ့ သုတေသနပြု ဆောင်ရွက်ချက်များကို Knowledge Sharing ပြုလုပ်ကြဖို့နဲ့ ကွန်ဖရင့်ကြီးမှသည် နိုင်ငံတော်နဲ့နိုင်ငံတော်သားများအတွက် အကျိုးပြုမယ့် သုတေသနဆိုင်ရာ ဖော်ထုတ်ချက်များကို လက်ဆင့်ကမ်း မျှဝေပေးဖို့ မျှော်လင့်မိပါတယ်။ နောင်နှစ်နောင်နှစ်တွေမှာ ကျင်းပပြုလုပ်မယ့် နိုင်ငံတကာ အဆင့်စာတမ်းဖတ်ပွဲတွေမှာ ကိုယ်တိုင်ဝင်ရောက် ဖတ်ကြားကြဖို့ ဒီစာစုလေးနဲ့ပဲ ဖိတ်ခေါ်လိုက်ပါတယ်။ သုတေသနစာတမ်းတွေ လာရောက်ဖတ်ကြားရင်း ပြင်ဦးလွင်ဆိုတဲ့ ချယ်ရီမြို့တော်မှာ ခဏတာလာရောက် အပန်းဖြေဖို့ ဖိတ်ခေါ်လိုက်ပါရစေ။