ခံဝံ့ မခံဝံ့
မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်နေသောအခြေအနေများကို ယခင်ကဖတ်ခဲ့ဖူးသော စာအုပ်များပါအကြောင်းအရာတို့နှင့် ချိန်ထိုးကြည့်ဖြစ်၏။
တစ်နည်းဆိုရသော် ပစ္စုပ္ပန်ကိုအတိတ်သို့သယ်ဆောင်၍ တိုက်ဆိုင်ကြည့်မိခြင်းဖြစ်၏။ ဤသို့ကြည့်မိ တိုင်းလည်း ယနေ့အဖြစ် အပျက်များသည် ရှေ့သို့လားရာကိုမမြင်ရဘဲ စာအုပ်ပါအကြောင်းအရာများ ကဲ့သို့ပင် တစ်ပတ်ပြန်လည်နေသည်ကိုတွေ့ရ၏။ ရှေ့မရောက်ဘဲ နောက်ပြန်ရောက်နေခြင်းသာဖြစ်၏။
မြန်မာနိုင်ငံတော်ကြီးကို အဘက်ဘက်က တိုးတက်စေချင်လှပါသည်ဆိုသော နိုင်ငံသားတစ်ဦး အနေဖြင့် ဤအဖြစ်မျိုးများကို မြင်ရကြားရတိုင်း မချင့်မရဲဖြစ်ရရှာပေလိမ့်မည်။ ဆိုခဲ့သည့်အတိုင်း တစ်ပတ်လည်သည်ဆိုသော ညွှန်းမှတ်ကိုကြည့်လျှင် ယခင်က ကိုလိုနီဘဝမှ လွတ်မြောက်ခါစ နိုင်ငံရေးသက်တမ်းအစတွင် မည်သည့်ဝါဒလမ်းစဉ်ဖြင့် နိုင်ငံကိုတည်ဆောက်ကြ မည်ကို ရွေးချယ်ကြရင်း ကိုယ်ယုံကြည်ရာ ဝါဒကိုလက်ကိုင်ပြုကာ အားပြိုင်ခဲ့ကြရာက အကွဲကွဲအပြားပြားဖြစ်ခဲ့ကြရသည့်ကာလကို တွေ့ရပါသည်။ သို့ရာတွင် နိုင်ငံရေးဖြစ်စဉ်တစ်ခုသည် ထိုကာလ၏သက်တမ်း နှစ် ၇၀ နှင့် ၅၀ အတွင်း ထိုညွှန်းမှတ်သို့ ပြန်လည် ရောက်ရှိနေသည်မှာ နိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာရင်နာစရာကောင်းလှပါသည်။ ဤသို့ တစ်ပတ်လည် တိုင်ပတ် ဖြစ်စဉ်သည် နိုင်ငံတော်တည်ဆောက်ရေးအတွက် ကုန်လွန်ဖြတ်သန်းခဲ့ရသည့် အချိန်ကာလအတွင်း ရင်းနှီးပေးဆပ်ခဲ့ရသမျှတို့သည် အချိန်ကုန်လူပန်းအချည်းနှီးဖြစ်ရသည့်သဘောကိုဆောင်နေပါသည်။
သမိုင်းကြောင်းကို ကောင်းစွာသိ
တစ်ဖန် ထိုညွှန်းမှတ်အချိန်အခါက နိုင်ငံ့သမိုင်းကြောင်းတွင် ဆန့်ကျင်ဘက်အသွင်ဆောင်ကာ ဦးဆောင်ဦးရွက်ပြုရင်း ကျဆုံးခဲ့သူ များ၊ မှားယွင်းခဲ့ကြသူများသည်ပင်လျှင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အဓိကနေရာမှပါဝင်ခဲ့သူများ၊ နိုင်ငံရေးနှင့် စစ်ရေးနယ်ပယ်တွင် အတွေ့အကြုံ ရင့်ကျက်သူများ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆက်ဆံနိုင်သည့် ပညာတတ်ကြီးများ၊ လူအများ က ကြည်ညိုလေးစားရသူများ ဖြစ်ကြသည်ကို တွေ့ရပါသည်။
နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုလိုသူများ၊ နိုင်ငံတော်တည်ဆောက်ရေးကို ကျရာကဏ္ဍမှ ပါဝင်ဆောက်ရွက်ကြမည့်သူများ အနေဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှုသမိုင်းကြောင်းကို ကောင်းစွာ သိရှိထားကြရန်လိုအပ်ပါသည်။ ထိုသမိုင်းကြောင်းမှ အထက် တွင်ဖော်ပြခဲ့သည့် အရည်အချင်းများနှင့် ပြည့်စုံကြသူများဖြစ်ပါလျက် မည်သည့်အတွက် ကျဆုံးရသည်ကို သင်ခန်းစာ ဖော်ထုတ်နိုင်ရပေမည်။ ကိုယ်တိုင်အသိတရားဖြင့် အမှား/အမှန် ခွဲခြား ဆင်ခြင်နိုင်စွမ်းရှိကြရပေမည်။ သို့မှသာ သမိုင်းစက်ဝန်း တစ်ပတ်ပြန်လည်ခြင်းမှ ထိုးထွက်လွန်မြောက်နိုင်မည်ဖြစ်ပါသည်။ ရှေ့သို့ခရီးပေါက်နိုင် လိမ့်မည်ဖြစ်ပါသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုသို့ဖြစ်ရမည့်အစား မကြာမီကာလက သမိုင်းရထားကို ဦးဆောင် နေသူများ၏ နိုင်ငံရေး အသိ အမြင်နှင့် အရည်အချင်းတို့အရလည်းကောင်း၊ အတူလိုက်ပါနေကြသူများ၏ အတွေးအခေါ်နှင့် လုပ်ရပ်တို့အရလည်းကောင်း ညွှန်းမှတ်ဘူတာသို့ တစ်ကျော့ပြန် ဇောက်ထိုးမောင်းနှင်နေကြသည်ကို တွေ့မြင်နေရခြင်းပင်ဖြစ်ပါသည်။ အမေကျော် ဒွေးတော် လွမ်းသည့် စိတ်ဖြင့် နိုင်ငံကို တည်ဆောက်၍ရပါမည်လား။ ပုဂ္ဂိုလ်ရေးထင်ပေါ်ကျော်ကြားမှုက နိုင်ငံရေးအတွက် အားဖြစ်စေပါ့ မလား။ မိမိနှင့် ဆန့်ကျင်ဘက် လူပုဂ္ဂိုလ် အဖွဲ့အစည်းကို ဆဲရေးတိုင်းထွာပုတ်ခတ်ပြီး အပြုသဘောမပါ အပျက်သဘောကိုသာ ရှေးရှုဆောင်ရွက်ခြင်းကို နိုင်ငံရေးဟု တင်စားချင်တာလား။ မေးစရာမေးခွန်းကား များလှပေသည်။
မဲစာရင်းမှန်ကန်တိကျရေးသည် အသက်
နိုင်ငံတော်သည် ပြည်သူ့ဆန္ဒအရ ပါတီစုံဒီမိုကရေစီစနစ်သို့ပြောင်းလဲကျင့်သုံးလာခဲ့သည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) အရ အစိုးရသက်တမ်းနှစ်ကြိမ်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးသည် အသက်တမျှအရေးကြီးသကဲ့သို့ ရွေးကောက်ပွဲအတွက်လည်း မဲစာရင်းမှန်ကန် တိကျ ရေးသည် အသက်ဖြစ်ပါသည်။ သို့ရာတွင် တတိယအကြိမ်အစိုးရသက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၈၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းပေါင်း ၁၁ သန်း ၃ သိန်းကျော် တွေ့ရှိခဲ့ပါသည်။
သို့ဖြစ်၍ နိုင်ငံရေးပါတီအသီးသီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ ၂၁၇ မှုဖြေရှင်းပေးရန်တင်ပြခြင်း၊ တပ်မတော်အနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်သမ္မတ ထံသို့ မဲစာရင်းကွဲလွဲချက်များ ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် NLD အစိုးရအနေဖြင့် ဖြေရှင်းမှု တစ်စုံတစ်ရာပြုလုပ်ပေးခြင်းမရှိဘဲ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူ၍ နိုင်ငံတော်အာဏာကိုမတရားရယူရန် ဆောင်ရွက်ခဲ့ပါသည်။
အစိုးရသက်တမ်း လွှတ်တော်သက်တမ်းတစ်ခုအတွက် မိမိနှစ်သက်ရာပါတီနှင့် လူပုဂ္ဂိုလ်ကို ရွေးချယ်တင်မြှောက်ကြရာတွင် မိမိပေး ပိုင်ခွင့်ရှိသည့် မဲတစ်ပြားကို အသည်းကြားက မဲတစ်ပြားဟုပင် မြတ်နိုးစွာတင်စားတတ်ကြပါသည်။ ဤသည်မှာ မဲပေးပိုင်ခွင့် ရှိသူတစ်ဦးချင်းစီ၏ တူညီသောအခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။ တစ်စုံတစ်ရာသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် မဲစာရင်း လွဲမှားမှုသည် ထိုတူညီအခွင့်အရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပါသည်။ ဤသို့ဖြစ်ပေါ်လာခြင်းအပေါ် တရားမျှတမှုကို လိုလားသော မဲဆန္ဒရှင်တိုင်းက ကျေနပ်မှုမရှိနိုင်သလို တာဝန်ရှိသူများအပိုင်းကလည်း အမှန်တရားဘက်က ရပ်တည်ကာ ဖြေရှင်း ဆောင်ရွက် ပေးရန်တာဝန်ရှိပါသည်။
အဆိပ်သီးမို့ပါ
နိုင်ငံတော်၏ နိုင်ငံရေးသမိုင်းကြောင်းသည် ရပ်တန့်မှုမရှိဘဲ စဉ်ဆက်မပြတ်လည်ပတ်နေ မည်သာဖြစ်ပါသည်။ ထိုလည်ပတ်မှု ဖြစ်စဉ်တွင် ဖြစ်ပေါ်ဆောင်ရွက်ခဲ့သမျှတို့သည် သမိုင်းအဖြစ် မှတ်တမ်းတင်ခံရမည်မလွဲဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ ကြီးမားသည့် မဲစာရင်းလွဲမှားမှုသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားသည့်အမည်းစက်အဖြစ်မှတ်တမ်းဝင်သွားပြီဖြစ်ပါသည်။ တစ်ဖန်တရားမျှတမှုကိုလိုလားသည့် နိုင်ငံရေးပါတီများနှင့် တပ်မတော်၏ မဲစာရင်းကွာခြားချက်များကို ဖြေရှင်းဆောင်ရွက် ပေးရန် တင်ပြတောင်းဆိုမှုများသည် ထိုစဉ်ကအာဏာရအစိုးရဖြစ်သည့် NLD ပါတီနှင့် လူပုဂ္ဂိုလ်တို့အတွက် နိုင်ငံရေးသိက္ခာကို အဖတ်ဆယ်နိုင်သည့် ထွက်ပေါက်တစ်ခုဖြစ်သလို နိုင်ငံတော်၏ ဒီမိုကရေစီပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် အခွင့်အရေး တစ်ရပ် လည်းဖြစ်ပါသည်။
သို့ရာတွင် NLD ပါတီအနေဖြင့် ထိုတင်ပြတောင်းဆိုချက်များကို မစားသင့်သည့်အဆိပ်သီးမို့ စေတနာနှင့် အချိန်မီဟန့်တားပေးသည့် သဘောဟု မမြင်နိုင်ဘဲ စားတော့မည့်ဆဲဆဲထမင်းလုတ်ကို လာ၍ပုတ်ချသည်အထင်မျိုးနှင့် မည်သည့်ဖြေရှင်းဆောင်ရွက်မှုမျှ ပြုလုပ် မပေးသည့်အပြင် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးအမြန်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို မတရားရယူရန် ဆောင်ရွက် ခဲ့သည်ကိုတွေ့ရပါသည်။ထိုအခြေအနေများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ တပ်မတော်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ နိုင်ငံ့တာဝန်များကို ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) တွင်ပါရှိသည့် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
မင်းမဲ့စရိုက်ဆန်လာ
ထိုသို့ NLD ပါတီ၏ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲကိုအခြေခံလျက် နိုင်ငံတော် အာဏာကို မတရားရယူရန် ဆောင်ရွက် ချက်များကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတော်အာဏာကိုထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း ယခင် NLD အစိုးရတွင်ပါဝင်သည့် အကြီးအကဲများ ကိုယ်တိုင်လက်ရှိအစိုးရယန္တရားရပ်တန့်စေရန်ရည်ရွယ်၍ ဝန်ထမ်းများအား CDM ပြုလုပ်ရန်တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြပြန်ပါသည်။ NLD ပါတီဝင်များအနေဖြင့်လည်း တပ်မတော်က အာဏာကိုမတရားရယူ သိမ်းပိုက်လိုက်သည့်အသွင်ပုံဖော်၍ မြို့ရွာ/ရပ်ကွက်နေပြည်သူများအား သံပုံးတီးခြင်း၊ ဖယောင်းတိုင်ထွန်းခြင်း၊ တူညီဝတ်စုံများ ဝတ်ဆင်၍ လမ်းပေါ်ထွက်ဆန္ဒပြခြင်းများ လုပ်ဆောင်ကြရန် လှုံ့ဆော်ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့လမ်းပေါ်ထွက်ဆန္ဒပြရာမှ CDM တွင်မပါဝင်သူများကို အကျပ်ကိုင်ခြိမ်းခြောက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တုတ်၊ ဓား၊ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် ဆူပူအကြမ်းဖက်မှုများကို လုပ်ဆောင်လာကြပါသည်။ ထိုမှတစ်ဆင့် အပြစ်မဲ့ ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခြင်း၊ အစိုးရဝန်ထမ်းများ၊ တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်အဆောက်အအုံများကိုမီးရှို့ခြင်း၊ ရဲစခန်း/ရဲကင်းများကို လူအင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်ခြင်း စသည့်မင်းမဲ့စရိုက်ဆန်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာကြပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ဆူပူဆန္ဒပြဖြစ်စဉ်နှင့် အကြမ်းဖက်မှုဖြစ်စဉ်များတွင်သေဆုံး၊ ဒဏ်ရာရနှင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းများကို အကြောင်းအရာအလိုက် ခွဲခြား၍ဖော်ပြလိုပါသည်။ ထိုကိန်းဂဏန်းများသည် အကြမ်းဖက်မှုကို ကျူးလွန်ရန် တိုက်တွန်းအား ပေးသူများနှင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်သူများ၏ အကြမ်းဖက်မှု သက်သေခံ မှတ်တမ်းများသာဖြစ်ပါသည်။ အထက်တွင်ဆိုခဲ့သည့် သမိုင်းစက်ဝန်းတစ်ပတ်ပြန်လည်ရန် မည်သို့ဆောင်ရွက်နေကြသည်၊ မည်မျှ နောက်ပြန် လျှောက်နေကြသည်ကို မြင်သာစေရန်ဖော်ပြခြင်းသာဖြစ်ပါသည်။
သေဆုံး/ဒဏ်ရာရရှိမှု
ဖော်ပြပါကာလအတွင်း ဆူပူအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သား ၆၂၄ ဦး၊ အစိုးရ ဝန်ထမ်း ၁၉ ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၉၃ ဦးနှင့် တပ်မတော်သား ၆၇ ဦး ကျဆုံးခဲ့ပါသည်။ ဒဏ်ရာရရှိမှု အနေဖြင့် အရပ်သား ၇၁၆ ဦး၊ အစိုးရဝန်ထမ်း ၅၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄၅၅ ဦးနှင့် တပ်မတော်သား ၆၉ ဦးဖြစ်ပါသည်။ ထိုအရေအတွက်များတွင် အပြစ်မဲ့ပြည်သူများအားဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခံရသူ၄၇၆ ဦး၊ ဒဏ်ရာရသူ ၃၂၃ ဦးပါဝင်ပါသည်။ ထိုလုပ်ရပ်များသည် ဒီမိုကရေစီစနစ်၏ ဆန့်ကျင်ဘက် ဖြစ်သော ငါနှင့်မတူ ငါ့ရန်သူဟူသည့် အာဃာတတရားဖုံးလွှမ်းကာ သူတစ်ပါး၏ အသက်ကိုရန်ရှာသည်အထိ မိုက်မဲရူးသွပ်မှုများသာ ဖြစ်ပါသည်။
မီးရှို့/ဖျက်ဆီးမှု
ထိုကာလအတွင်း မီးရှို့မှုနှင့် ဖျက်ဆီးမှုတို့ကြောင့် နိုင်ငံတော်ပိုင်အဆောက်အအုံနှင့် ပစ္စည်းများ ဆုံးရှုံးမှုမှာ စာသင်ကျောင်း ၄၁၉ ကျောင်း၊ ဆေးရုံ ၂၁ ရုံ၊ ရဲစခန်း/ရဲကင်း ၂၅၃ ခု၊ လမ်း/တံတား အစင်း ၃၀၀၊ ဈေး ကိုးခု၊ ဘဏ် ၂၆ ခု၊ ဌာနဆိုင်ရာရုံး ၄၆၁ ရုံးနှင့် ပစ္စည်း ၈၅ ခုဖြစ်ပါသည်။ ထို့ပြင် ပုဂ္ဂလိကပိုင် ဆုံးရှုံးမှုများအနေဖြင့် စက်ရုံ/အလုပ်ရုံ ၂၁ခု၊ စူပါမားကက် ကိုးခု၊ ဘဏ် ၃၃ ခု၊ လူနေအိမ် ၂၉၈ လုံး၊ အဆောက်အအုံ ၉၁ လုံးနှင့် ပစ္စည်း ၅၅ ခု ဖြစ်ပါသည်။ ထိုဖျက်ဆီးမှုများသည် နိုင်ငံတော်၏ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ငွေကြေးဆိုင်ရာ၊ အုပ်ချုပ်ရေးကဏ္ဍများနှင့် ပြည်သူလူထု၏ စားဝတ်နေရေးကိုပါ ထိခိုက်ပျက်ပြားစေရန်ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။
ထိုမှတစ်ဖန် ယခင်အာဏာရအစိုးရနှင့် NLD ပါတီမှ ပုဂ္ဂိုလ်များဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုဖွဲ့စည်းကာ နိုင်ငံရေးလှုံ့ဆော်ခြင်း၊ လူသိများသည့်အနုပညာရှင်များ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ ပညာရှင်များကို အသုံးချ၍ Social Media မှတစ်ဆင့် လူထုကို ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်ခြင်း၊ နှတ်ကြောင်းပေးခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်လာ ပါသည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်၍ ပြည်တွင်း၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် တည်ဆဲအစိုးရအား လက်နက်ကိုင်ပုန်ကန်ရန်တို့ကိုပါ ဆောင်ရွက်လာခဲ့ပါသည်။
လွတ်မြောက်နယ်မြေတဲ့လား
ဤနေရာတွင် အကြောင်းတိုက်ဆိုင်လာ၍ တောတွင်းစစ်သင်တန်းတို့၏ သဘောသဘာဝကို ဆက်စပ်တွေးခေါ်နိုင်ရန် ဖော်ပြရ ပေဦးမည်။ အထက်တွင်ဖော်ပြခဲ့သည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ သင်တန်း တက်ရောက်ရန် သွားရောက်ခဲ့သူများရှိပါသည်။ ထိုသို့သွားရောက်သူများက ထိုနယ်မြေများကို လွတ်မြောက်နယ်မြေဟု ဂုဏ်ယူ ဝင့်ကြွား တင်စားခေါ်နေကြသည်ကိုတွေ့ရပေသည်။ ထိုဝေါဟာရပေါ်ပေါက်ခဲ့သည်မှာ အချိန်ကာလအားဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ အနောက်အုပ်စု မီဒီယာများကလေလှိုင်းတွင် တသွင်သွင်သုံးခဲ့ကြသည့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဝေါဟာရ ဖြစ်ပါသည်။
ထိုဝေါဟာရကို အလွယ်ကူဆုံး အဓိပ္ပာယ်ဖော်ရမည်ဆိုလျှင် အစိုးရ၏ တရားဥပဒေသက်ရောက်မမရှိသည့်နယ်မြေဖြစ်ပါသည်။ တရားဥပဒေသက်ရောက်မှုမရှိသည့်အတွက် ထိုနယ်မြေအဝန်းအဝိုင်းအတွင်း ရောက်ရှိနေသည်ဆိုလျှင် ထိုနယ်မြေသို့မရောက်မီ မိမိကျူးလွန်ခဲ့သမျှပြစ်မှုအားလုံး ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရခြင်းမှ ကင်းလွတ်သွားသည့်သဘောသက်ရောက်စေပါသည်။ တစ်ဖန် ထိုနယ်မြေအတွင်းရှိနေစဉ်အတွင်း၌လည်း နိုင်ငံတော်က ပြဋ္ဌာန်းထားသည့်တည်ဆဲဥပဒေများကို လိုက်နာရန်ပျက်ကွက်ပါကလည်း ပြဿနာမရှိဟုဆိုနိုင်ပါသည်။
သို့ရာတွင် တရားဥပဒေဟူသည် လူသားနှင့် လူမှုဘဝလုံခြုံရေးအတွက် စည်းသဖွယ်ကာရံပေး ထားသည့်အခြင်းအရာဖြစ်ရာ တရားဥပဒေမရှိသောအရပ်သည် လူသားတစ်ဦးအတွက် လုံခြုံမှုရှိပါမည်လား။ ထိုနေရာမျိုးတွင် လူမှုဆက်ဆံရေးမှ ဖြစ်ပေါ်လာ သည့် ပြဿနာရပ်များကို မည်သည့် ဥပဒေဖြင့် ဖြေရှင်းကြပါသနည်း။ ထိုမေးခွန်းအတွက် အဖြေသည် အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ တရားဥပဒေသက်ရောက်မှုနှင့် ယှဉ်တွဲ၍ကြည့်မည်ဆိုလျှင် ထိုကဲ့သို့သောနယ်မြေသည် လွတ်မြောက်နယ်မြေ၊ ပကတိအခြေအနေမှန်အတိုင်းကြည့်မည်ဆိုလျှင် လုံခြုံမှုကင်းမဲ့သောနယ်မြေသာဖြစ်ပါသည်။
အကြမ်းဖက်လုပ်ငန်းများအတွက် သင်တန်းများ စေလွှတ်တက်ရောက်ကြသည့် အချိန်ကာလ၏ များမကြာမီတွင် ထိုလွတ်မြောက် နယ်မြေဆိုသောနေရာများမှ လူမဆန်စွာသတ်ဖြတ်ခံရမှုဗီဒီယိုဖိုင်များ၊ လိင်အကြမ်းဖက်မှုသတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာ သည်ကို တွေ့ရပေသည်။ ထိုအကြောင်းအရာတို့ကို အမှန်ဟုတထစ်ချမမှတ်ယူလိုသေးပါ။ သို့ရာတွင် တစ်ချိန်က ဖတ်ဖြစ်ဖူးခဲ့သော ရဲဘော်ဘခက်၊ ရဲဘော်မြ၊ ရဲဘော်စောလှ၊ ဗိုလ်မင်းဒင်နှင့် ဗိုလ်တင်ရှိန်တို့ငါးဦး ရေးသားခဲ့ကြသည့် သခင်သန်းထွန်း၏ နောက်ဆုံး နေ့များ စာအုပ်ပါ အကြောင်းအရာအချို့နှင့် ချိန်ထိုးစဉ်းစားမိပါသည်။
သားဖြစ်သူကိုစောင့်မျှော်
ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦးသည် သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရပြီး ဗကပ မြေအောက် လုပ်ငန်းများဆောင်ရွက်နေခဲ့ရာမှ ၁၉၆၄ ခုနှစ်တွင် တောခိုခဲ့ပါသည်။ ထိုတောခိုကျောင်းသားသည် ပါတီလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်သဖြင့် ဗကပဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ သခင်သန်းထွန်းက ပါတီ၏အမြုတေဖြစ်သော ကျောရိုးတပ်နီ လူငယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါသည်။
အခြားလူငယ်များက လက်သီးလက်မောင်းတန်း၍ ကြွေးကြော်သံများပေးကာ ထောက်ခံအားပေးခဲ့ကြပါသည်။ သို့ရာတွင် ၁၉၆၈ ခုနှစ် ဖြုတ်ထုတ်သတ်စီမံကိန်းတစ်ခုတွင် ဖောက်ပြန်ရေးသမားတို့၏ ဂိုဏ်းဝင်တစ်ဦးအဖြစ် ခုံရုံးတင်ကာ လည်မျိုကိုဝါးရင်းတုတ်ဖြင့် ရိုက်ကြပါသည်။ မသေမရှင်တွင် လည်ပင်းကို ဓားနှင့်လှီးဖြတ်၍ ထွက်လာသည့်လည်ချောင်းသွေးဖြင့် ခြေဆေးကြပါသည်။ ထိုအချိန် တွင်နိုင်ငံကျော် စာရေးဆရာမကြီးတစ်ဦးသည် သားဖြစ်သူကို အောင်မြင်မှုသရဖူဆောင်းလျက် ပြန်လာလိမ့်မည်ဟု မျှော်လင့်နေခဲ့ သည်ဟု အခြားစာအုပ်တစ်အုပ်တွင် ဖတ်ရပါသည်။
ထိုအကြောင်းအရာတို့သည် စာအုပ်များက ပြောသောစကားများဖြစ်၍ မှန်ကန်လိမ့်မည်ဟု တထစ်ချ မယုံကြည်လိုပါ။ သို့ရာတွင် ကိုယ်တွေ့ကြုံခဲ့ရသည်တို့ကို ရေးသူကရေးခဲ့သည်။ လွတ်မြောက် နယ်မြေဆိုသည်ကို သွားသူကသွားခဲ့သည်။ တရားဥပဒေ သက်ရောက်မှု မရှိဟုဆိုသော်လည်း မတရားမှုဖြင့် လူ့အသက်တစ်ချောင်းကို စီရင်ခဲ့ကြသည်။ မိခင်ကြီးကလည်း မျှော်လင့်ချက်ကြီး စွာဖြင့် သားဖြစ်သူကို စောင့်မျှော်နေခဲ့သည်။ ထိုအကြောင်းအရာအားလုံး ဇာတ်လမ်းအဖြစ်မှတ်ယူသည်ထားဦး သားဖြစ်သူ ပြန်ရောက်မလာတော့ခြင်းကား အမှန်တကယ်ဖြစ်ခဲ့ပါသည်။ ဆက်စပ်စဉ်းစားကြည့်လျှင် မည်မျှရင်နာဖွယ် ကောင်းလိုက်ပါသနည်း။ သင်ခန်းစာယူစရာလည်း ကောင်းလှပေသည်။
ထုတ်ပြန်ကြေညာထားရှိ
မူရင်းအကြောင်းအရာကို ဆက်ရမည်ဆိုလျှင် CRPH သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုဖွဲ့စည်းပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ ၎င်းတို့အား ထောက်ခံသည့် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုများဖြင့် NLD နိုင်ငံရေးအစွန်းရောက်များ၊ မသိနားမလည်သည့်လူငယ်များကို သွေးဆောင်စည်းရုံး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံအတွင်း လက်နက်ကိုင်တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများဆောင်ရွက်လာခဲ့ပါသည်။
သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် CRPH ကို မတရားအသင်းအဖြစ် ကြေညာကာ ယင်းကဖွဲ့စည်းသည့် NUG ၊ ယင်းကဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် ထုတ်ပြန်ကြေညာ ထားရှိပြီးဖြစ်ပါသည်။ ထိုအကြမ်းဖက်အုပ်စု CRPH၊ NUG၊ PDF တို့သည် နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်၍ အကြမ်းဖက် လုပ်ရပ်များ အစဉ်တစိုက်လုပ်ကိုင်နေကြသည်ကိုတွေ့ရပါသည်။
အကြမ်းဖက်အုပ်စုများသည် မည်သည့်နေရာ၊ မည်သည့်အရာ၊ မည်သူကို အကြမ်းဖက် တိုက်ခိုက် ရမည်ကို Social Media များမှ တစ်ဆင့် တိုက်တွန်းခြင်း၊ နှတ်ကြောင်းပေးခြင်း၊ ဆော်သြခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းများပြုလုပ်၍ ဆောင်ရွက် နေကြပါသည်။ အကြမ်းဖက်အုပ်စု PDF တို့၏၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ အကြမ်းဖက်မှု ကိန်းဂဏန်းများကို အကြောင်းအရာ အလိုက် ခွဲခြား၍ဖော်ပြလိုပါသေးသည်။
PDF တို့၏ သတ်ဖြတ်လုယက်မှုများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ အကြမ်းဖက်အုပ်စု PDF တို့၏ သတ်ဖြတ်မှုကြောင့် ကျား ၁၅၈ဦး၊ မ၂၄ ဦး စုစုပေါင်း ၁၈၂ ဦးသေဆုံးကာ လုယက်ခံရမှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။ သတ်ဖြတ်မှုများတွင် ရဟန်းသံဃာများ၊ ကလေး သူငယ်များ၊ အငှားယာဉ်မောင်းသူများနှင့် အနှေးယာဉ်မောင်းသူများလည်း ပါဝင်ပါသည်။ သတင်းပေးဒလန်ဟု အကြောင်းပြ သတ်ဖြတ်သော်လည်း တပ်မတော်ကိုထောက်ခံသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ NLD ပါတီဝင်မဟုတ်သူများ၊ အခြားပါတီဝင်များ၊ သဘောထားမတိုက်ဆိုင်သူများ၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ယခင်ရန်ငြိုးရန်စရှိသူများ၊ ပြည်သူလူထုနှင့် များများထိတွေ့ဆက်ဆံရသည့် နိုင်ငံ့ဝန်ထမ်းများ၊ ငွေနှင့်ပစ္စည်းရလိုမှုဖြင့် သတ်ဖြတ်မှုများလည်း ပါဝင်ပါသည်။
ယခုနောက်ပိုင်းတွင် လူသတ်ရာ၌ အမျိုးသမီးများကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်မှုမျိုးကိုပါ ကျူးလွန်လာကြသည်ကို တွေ့ရပါ သည်။ လုယက်မှုဆိုရာ၌လည်း ဘဏ်ဓားပြတိုက်မှု၊ လူသတ်၍ပစ္စည်းနှင့် ငွေကိုရယူမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဟန်ဆောင်၍ လက်ဝတ် ရတနာများရယူမှု၊ သေနတ်ပစ်ဖောက်၍ မော်တော်ယာဉ်အားအပိုင်စီးမှု စသည့်နည်းမျိုးစုံဖြင့် ပြည်သူလူထုကို ဒုက္ခပေး လျက်ရှိကြောင်း တွေ့ရပါသည်။
ဗုံးဖြင့်ပစ်ခတ်မှု၊ တိုက်ခိုက်မှု၊ မီးရှို့မှုနှင့်တာဝါတိုင် ဖောက်ခွဲဖျက်ဆီးမှုများ
အကြမ်းဖက်အုပ်စု PDF မှ ဖော်ပြပါကာလအတွင်း လက်ပစ်ဗုံး/လက်လုပ်ဗုံးဖြင့်ပစ်ခတ်မှု အရေအတွက်မှာ စာသင်ကျောင်းများသို့ ၂၃၈ လုံး၊ ဌာနဆိုင်ရာရုံးများသို့ ၅၄၆ လုံး၊ အခြားနေရာများသို့ ၂၃၉၃ လုံးဖြစ်ပါသည်။ တိုက်ခိုက်မှုအကြိမ်အရေအတွက်မှာ တပ်မတော် လုံခြုံရေးနေရာများသို့ အကြိမ် ၄၀၊ ရဲစခန်းများသို့ ၂၃၃ ကြိမ်၊ လမ်းကြောင်းများသို့ ၇၇ ကြိမ်နှင့် အခြားနေရာများသို့ ၁၃၅၀ ကြိမ်ဖြစ်ပါသည်။ မီးရှို့မှုများမှာ စာသင်ကျောင်း ၉၁ ကျောင်း၊ ခရိုင်/မြို့နယ်/ရပ်ကွက်ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ၁၀၁ ရုံး၊ ဌာနဆိုင်ရာရုံး ၇၆ ရုံး၊ ရဲစခန်း ၁၀၉ ခုနှင့် အခြား၂၈၇ နေရာတို့ ဖြစ်ပါသည်။ တာဝါတိုင်ဖောက်ခွဲဖျက်ဆီးမှုများမှာ အစိုးရပိုင် လျှပ်စစ်တာဝါတိုင် သုံးတိုင်၊ MPT ၁၉ တိုင်၊ MYTEL ၂၇၅ တိုင်၊ TELENOR ၁၃ တိုင်၊ OOREDOO ၁၀ တိုင် စုစုပေါင်း ၃၁၇ တိုင်ဖြစ်ပါသည်။
အကြမ်းဖက်အုပ်စု PDF တို့ထံမှ သိမ်းဆည်း/ဖမ်းဆီးရမိမှု
အကြမ်းဖက်အုပ်စု PDF တို့ထံမှ RPG/M79 ၆၁ လက်၊ ပစ္စတို/မောင်းပြန်သေနတ် ၇၅၀ လက်၊ တူမီး ၃၁၄၅ လက်၊ လက်လုပ် အမြောက် ၄၈ လက်၊ လက်လုပ်သေနတ် ၉၅၆ လက်၊ လေသေနတ် ၁၂၅၂ လက်၊ Gas သေနတ် ၉၀၀ လက်၊ လက်ပစ်ဗုံး ၁၅၆၉လုံး၊ လက်လုပ်ဗုံး/မိုင်း ၈၃၀၄ လုံးနှင့် အခြားလက်နက် ၁၉၁၇၉၁ ခုတို့ကို သိမ်းဆည်း/ဖမ်းဆီးရမိခဲ့ပါသည်။
အထက်တွင်ဖော်ပြခဲ့သည့် အကြမ်းဖက်အုပ်စု PDF တို့၏ အကြမ်းဖက်မှုနှင့် သက်ဆိုင်သော ကိန်းဂဏန်းအချက်အလက်များကို တိကျစွာဖော်ပြရခြင်းမှာ အကြမ်းဖက်မှုကို ဦးဆောင်ညွှန်ကြားနေသူများ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူများနှင့် အားပေး အားမြှောက်ထောက်ခံ ထောက်ပံ့နေကြသူများ၏နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် မည်သည့်အကြမ်းဖက်မှုများကို မည်မျှကျူး လွန်နေကြကြောင်းကို ပေါ်လွင်စေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံးက သတိပြုနိုင်ကြစေရန်ဖြစ်ပါသည်။ ထို့ပြင် ပြည်သူ့ ကာကွယ်ရေး တပ်မတော်ဟု အမည်နှင့်ဖွဲ့စည်းထားသည့် အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် အမည်နှင့်လိုက်ဖက်မှုရှိ/မရှိ လေ့လာသုံးသပ်နိုင်ကြစေရန်လည်း ဖြစ်ပါသည်။
အသက်ကိုပင် မငဲ့ကွက်နိုင်တော့
ဤနေရာတွင်အလျဉ်းသင့်၍ ကြားညှပ်ပြောရပေဦးမည်။ စောအယ်ကော်၊ မန်းစံမင်း၊ ရဲဘော်ဘခက်၊ ရဲဘော်မြနှင့် ရဲဘော်သံဒိုင်တို့ရေးခဲ့ကြသည့် “ပြည်သူ့စစ် ဒို့စစ် ဒို့စစ်” စာအုပ်တွင် ၁၉၆၇^၆၈ ခုနှစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ဗကပနှင့် မဒညတအဖွဲ့ဝင် KNU တို့၏ အာဏာနီ တည်ဆောက်ရေးနှင့် အခြေခံနယ်မြေ တည်ဆောက်ရေးအကြောင်းပြလျက် ရွာလုံးကျွတ် မီးရှို့၊ လူသတ်၊ ပစ္စည်းဥစ္စာတို့ကို မတရားသိမ်းပိုက်၊ ပြည်သူလူထုအပေါ် တရားလက်လွတ်သောင်းကျန်းမှုများ ပြုခဲ့ကြ သည်ကို တွေ့ရပါသည်။ နောက်ပိုင်းတွင် နီးရာဓားကိုကြောက်ရပါသည်ဆိုသော ပြည်သူလူထုသည် သောင်းကျန်းသူများ၏ အဓမ္မလုပ်ရပ် များကို မခံမရပ်နိုင်ဖြစ်ကာ မိမိအသက်ကိုပင် မငဲ့ကွက်နိုင်တော့ဘဲ တပ်မတော်နှင့် လက်တွဲ၍ သောင်းကျန်းသူများကို အမြစ်ပြတ် ချေမှုန်းအောင်ပွဲဆင် ခဲ့ကြသည်ကို တွေ့ရပါသည်။ အတုယူဖွယ်ကောင်းလွန်းသည့်သင်ခန်းစာဖြစ်ပါပေ၏။ လူတို့သည် ပင်ကိုအား ဖြင့် လွတ်လပ်စွာနေထိုင်လိုကြ၏။ လုံခြုံမှုကို လိုလားကြ၏။ တည်ငြိမ်အေးချမ်းမှုကို မြတ်နိုးကြ၏။ ထိုလွတ်လပ်မှု၊ လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုတို့ ဆုံးရှုံးခဲ့လျှင်လည်း အတိုင်းအတာတစ်ခုအထိ သည်းခံ၍ တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် ပြန်လည် ရယူတတ်ကြ၏။ သို့ဖြစ်၍ လူသားဆန်သည့်လူတို့နေထိုင်လျက်ရှိသော နယ်မြေဒေသတစ်ခုသည် မည်သည့်အခါမျှ ဆိုခဲ့သည့် လွတ်မြောက်နယ်မြေမျိုးဖြစ်မလာနိုင်သည်ကို အာမခံနိုင်၏။ သို့ဆိုလျှင် အဖြူရောင်တွင် အမည်းစက်သည် အလိုလို ထင်ရှား၍ နေပေလိမ့်မည်။ ပြည်သူလူထုအနေဖြင့် အကြမ်းဖက် အုပ်စု CRPH၊ NUG ၊ PDF တို့၏ အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို မည်မျှ အထိသည်းခံခဲ့ကြပြီးပြီနည်း။ မည်မျှအထိသည်းခံနေကြဦးမည်နည်း။ ထိုမေးခွန်းတို့ကို အချိန်အခါနှင့် အကြောင်းတိုက်ဆိုင်မှုတို့က တာဝန်ယူ၍ ဖြေရှင်းပေး ပေလိမ့်မည်။
သင်ခန်းစာရဖို့လည်းကောင်း
ဤအကြောင်းအရာကို ဆရာကြီးမောင်သာရရေးသားခဲ့သည့် “ကျဉ်တုပ်ခံဝံ့ မခံဝံ့” ဟူသည့် ဖြစ်ရပ်မှန်နောက်ခံ လုံးချင်းဝတ္ထု၏ နိဒါန်းပိုင်းနှင့် နိဂုံးပိုင်းစာပိုဒ်လေးနှစ်ပိုဒ်ကို ကိုးကား၍အဆုံးသတ်လိုပါသည်။ ဝတ္ထုတစ်ပုဒ်လုံး၏ နိဒါန်းပိုင်းကို အောက်တွင် ဖော်ပြထား သည့်အတိုင်း စာပိုဒ်လေးတစ်ပိုဒ်မျှဖြင့် အစချီထားပါသည်။
“မင်းမှာလုပ်ချင်၏၊ တင်းကုပ်မှာ အချုပ်ခံဝံ့ မခံဝံ့။ ပဲဟင်းကိုရှုပ်ချင်၏၊ နှုတ်ခမ်းမွေးကို အနုတ်ခံဝံ့ မခံ့ဝံ့။ မှိုနှင့် မျှစ်ကိုနုတ်ချင်၏၊ ကျဉ်တုပ်ခံဝံ့ မခံဝံ့။”
(ကျည်းကန်ရှင်ကြီးမေတ္တာစာ)
ဆရာကြီးသည် ဝတ္ထုတစ်ပုဒ်လုံးကို ၁၉၅၃ ခုနှစ်မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်ငါးယောက်၏ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းဆင်၍ ရေးသားထားပါသည်။ ဇာတ်ကောင် ငါးယောက်၏ သပိတ်တိုက်ပွဲတွင် တက်ကြွစွာဦးဆောင်လှုပ်ရှားမှုများ၊ ချုပ်နှောင် စစ်ကြောခံရပုံများကို ဝေေ၀ဆာဆာ ပုံဖော်ထားပါသည်။ သို့ရာတွင် လူ့ဘဝ၏ အဓိက လိုအပ်ချက်မှာ နိုင်ငံရေးမဟုတ် စားဝတ်နေရေးသာဖြစ်သည့်အတွက် ထောင်မှလွတ်လာသည့်အခါ ငါးယောက်အနက် တစ်ယောက်မှအပ ကျန်လေးယောက်မှာ နိုင်ငံရေးကို လုံးဝစွန့်လွှတ်၍ တစ်ဝမ်းတစ်ခါး ရှာဖွေစားသောက်ကြရပုံများကို ဝတ္ထုအဆုံး ပိုင်း၌ သရော်စာသဖွယ်ရေးသားဖော်ပြထားပါသည်။ နိဂုံးပိုင်းမှာလည်း နိဒါန်းပိုင်းကဲ့သို့ပင် စာပိုဒ်လေးတစ်ပိုဒ်မျှဖြင့် အဆုံးသတ် ထားပါသည်။ “မှန်သည်။ မနေ့ကနှင့် သည်ကနေ့ကို ပေါင်း၍ကြည့်လိုက်တော့ လောကသည် ရယ်ဖို့လည်း ကောင်းသည်။ သင်ခန်းစာရဖို့လည်းကောင်းသည်။ အံ့ဖို့လည်း ကောင်းသည်။” (မောင်သာရ) ဟူ၍ဖြစ်ပါသည်။
ဆရာကြီးသည် ဝတ္ထုခေါင်းစဉ်ရွေးရာတွင် ကျည်းကန်ရှင်ကြီးမေတ္တာစာ စာပိုဒ်ထဲမှ အသင့်လျော်ဆုံး စာသားကို ရှာဖွေတွေ့ရှိခဲ့မည် ထင်ပါသည်။ သို့ရာတွင် ထိုစာသားကို အသုံးပြုလိုက်လျှင် တိုက်ရိုက်တဲ့တိုးကြီးဖြစ်နေ၍ ရိုင်းရာကျမည်စိုး၍လား၊ လိမ္မာယဉ် ကျေးပြီး ပဟေဠိဆန်စေလို၍ ယခုအသုံးပြုသည့်စာသားကို ရွေးချယ်ခဲ့လေသလား၊ ဆရာကြီး၏ ရည်ရွယ်ချက်ကို မခန့်မှန်း နိုင်ပါပေ။ စာရေးသူအနေဖြင့်လည်း ဤဆောင်းပါးခေါင်းစဉ်အတွက် မည်သည့်ရည်ရွယ်ချက်ဟု ကိုယ်တိုင်ဝေခွဲရန်ခက်ခဲလျက်နှင့်ပင် ကျည်းကန်ရှင်ကြီးမေတ္တာစာမှ စာသားတစ်ခုကောက်ယူ သုံးစွဲမိပြန်ပါသည်။ ။
ရဲဇာနည်