အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သည့်သဝဏ်လွှာ

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေပြဋ္ဌာန်းခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ်မှစ၍ သတ်မှတ်ကျင်းပ ခဲ့သည်မှာ အဋ္ဌမအကြိမ်မြောက်ရှိပြီဖြစ်ပါသည်။ ယခင်နှစ်များက လူကုန်ကူးမှုတိုက်ဖျက်ရေး နေ့ ဗဟိုအဆင့်အခမ်းအနားကို နေပြည်တော်တွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အခမ်းအနားများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုနှစ်တွင် ကိုရိုနာ ဗိုင်းရပ် ကူးစက်ရောဂါ (COVID-19) အခြေအနေကြောင့် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့အခမ်းအနားများကို မပြုလုပ်ဘဲ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်သူလူထုအား အသိပညာပေးမှုများသာ အဓိကဆောင်ရွက်ခဲ့ပါသည်။

လူကုန်ကူးမှုသည် လူ့အသိုက်အဝန်းအတွင်း လက်မခံနိုင်သည့် ကြီးလေးသော လူ့အခွင့် အရေးချိုးဖောက်မှုဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၌ ရင်ဆိုင်နေရသော စိန်ခေါ်မှုပြဿနာတစ်ရပ် ဖြစ်ပေသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသည့် နေရာဒေသများမှလူများသည် ပိုမိုဖွံ့ဖြိုး တိုးတက်သောနေရာများသို့ ရွှေ့ပြောင်းသွားလာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေ ကြရာမှ လူကုန်ကူးသူများ၏သားကောင်များအဖြစ် ရောက်ရှိသွားကြသည်ကို တွေ့ရှိရ ပါသည်။ ကမ္ဘာတစ်ဝန်းနှစ်စဉ်ထောင်ပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များသည် ပုံစံမျိုးစုံဖြင့် လူကုန်ကူးခံနေကြရပြီး ယင်းတို့အနက်မှ ထက်ဝက်ကျော်သည် အာရှ-ပစိဖိတ်ဒေသအတွင်းမှဖြစ်ကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု၊ ဒေသအတွင်းမတည်ငြိမ်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများကြောင့် ရွှေ့ပြောင်းလုပ်သားများအဖြစ် တစ်နေရာမှတစ်နေရာသို့ ရွှေပြောင်းသွားလာလုပ်ကိုင်ရာမှ ရပ်တည်ရန်ခက်ခဲသည့်အခြေအနေအပေါ် လူကုန်ကူးသူများ၊ လူပွဲစားများက အခွင့်ကောင်း ယူကာ မက်လုံးပေးစည်းရုံးမှုများကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်လျက်ရှိပါသည်။ မြန်မာ နိုင်ငံတွင် နှစ်စဉ်မြန်မာနိုင်ငံသား ၃၀၀ ဦးမှ ၃၆၀ ဦးခန့်သည် အဓမ္မလုပ်အားခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု၊ အဓမ္မထိမ်းမြားလက်ထပ်မှု၊ အဓမ္မအငှားကိုယ်ဝန်ဆောင်မှု စသောလူကုန်ကူးမှုပုံစံများဖြင့် ပြည်တွင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများ သို့ လူကုန်ကူးခြင်းခံနေရပါသည်။

လူကုန်ကူးမှုဖြစ်ပွားမှု ပုံစံများမှာလည်း ပြောင်းလဲဖြစ်ပွားလျက်ရှိရာ မိမိနိုင်ငံမှ အသက် ငယ်ရွယ်သည့် မိန်းကလေးများနှင့် ထိမ်းမြားလက်ထပ်ရန်အတွက် အိမ်နီးချင်းနိုင်ငံမှ အမျိုးသားများက ပြည်တွင်းအထိ တိုက်ရိုက် လာရောက်စည်းရုံးခေါ်ဆောင်မှုများ ဖြစ်ပွား လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ပြည်တွင်းရေလုပ်ငန်းများ၊ ငါးဖမ်းစက်လှေများနှင့် ကျားဖောင် လုပ်ငန်းများတွင် ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူများကို အဓမ္မ လုပ်အားခိုင်း စေခြင်းဖြင့် လူကုန်ကူးမှုများဖြစ်ပွားလာကြောင်း တွေ့ရှိရ ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ လူကုန်ကူး မှုတားဆီးကာကွယ်ရေးဆိုင်ရာ နောက်ဆက်တွဲစာချုပ်တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် လက်မှတ်ရေးထိုးပါဝင်ကာ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါသည်။

၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လူကုန် ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်း အဖွဲ့၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးလုပ်ငန်းအဖွဲ့နှင့် လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ စသော လုပ်ငန်းအဖွဲ့(၃)ဖွဲ့ကိုလည်းကောင်း၊ အဆင့်ဆင့်သော တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့နှင့် ရပ်ရွာအခြေပြု စောင့်ကြည့်ရေး အဖွဲ့တို့ ကိုလည်း ကောင်း ဖွဲ့စည်းခဲ့ပြီး ရည်မှန်းချက်၊ မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများအလိုက် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုတတိယ(၅)နှစ်စီမံကိန်း(၂၀၁၇-၂၀၂၁)ကို နှစ်အလိုက် လုပ်ငန်းစီမံချက် များရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းစီမံချက်ပါ လုပ်ငန်းများဖြစ်သော မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင် ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ကျေးရွာအထိ အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်း၍ ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် မဲခေါင်ဒေသတွင်း (၆) နိုင်ငံလူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေး စီမံကိန်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း၊ မြန်မာ-တရုတ်/ မြန်မာ-ထိုင်း/ မြန်မာ-လာအို/ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ စသည်တို့ကို လက်မှတ်ရေးထိုး၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိပါသည်။ လူကုန်ကူးမှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် လူကုန်ကူးမှု အန္တရာယ်များကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မီဒီယာ အဖွဲ့အစည်းများပူးပေါင်း၍ အသိပညာပေးခြင်း၊ ရုပ်မြင်သံကြားတွင် အသိပညာပေး ဇာတ်လမ်းနှင့် တေးသီချင်းများ ထုတ်လွှင့်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး (Bill Board)များ စိုက်ထူခြင်း၊ မိုဘိုင်းဖုန်းအော်ပရေတာများမှတစ်ဆင့် SMS ပေးပို့ခြင်း၊ ကျောင်းသားလူငယ်များအကြားလူကုန်ကူးမှုအန္တရာယ် အသိပညာများရရှိစေရေး အတွက် အခြေခံပညာကျောင်းသင်ခန်းစာများတွင် ထည့်သွင်းပို့ချပေးခြင်း စသောလုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။

လူကုန်ကူးမှုနှင့် လူကုန်ကူးခံရသူများအား အချိန်မီသတင်းပေးကယ်တင် နိုင်ရေးအတွက် (၂၄) နာရီသတင်းပေးတိုင်ကြားနိုင်သည့် Hot Line ဖုန်းများကို နေပြည်တော်အပြင် ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့များတွင် တိုးချဲ့တပ်ဆင်ခဲ့ပြီး အချိန်နှင့်တစ်ပြေးညီဖော်ထုတ်ခြင်း၊ အရေးယူခြင်း နှင့်ကယ်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ သတ္တမအကြိမ်မြောက်  လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ပြီးဆုံးသည့် အချိန်မှ ယနေ့အထိ(၈-၉-၂၀၂၀) လူကုန်ကူးမှု ဖော်ထုတ်အရေးယူခြင်း နှင့် တရားစွဲဆိုခြင်းလုပ်ငန်းတွင် လူကုန်ကူးမှု (၁၄၈)မှုမှ တရားခံ ကျား(၁၇၀)ဦး၊ မ (၃၀၅)ဦး၊ စုစုပေါင်း (၄၇၅)ဦးကို အရေးယူခဲ့ပြီး ကလေးသူငယ် လူကုန်ကူး ခံရသူ ကျား(၆) ဦး၊ မ (၄၀) ဦး အပါအဝင် လူကုန်ကူးခံရသူ ကျား(၄၅) ဦး၊ မ(၁၇၇) ဦး၊ စုစုပေါင်း (၂၂၂)ဦးကို ကယ်တင်နိုင်ခဲ့ပါသည်။ လူကုန်ကူးသူ တရားခံ ကျား(၁၄၅)ဦး၊ မ (၂၄၃) ဦး၊ စုစုပေါင်း (၃၈၈) ဦးအား တရားစွဲတင်နိုင်ခဲ့ပြီး တရားခံကျား(၉၂)ဦး၊ မ (၁၃၉)ဦး၊ စုစုပေါင်း (၂၃၁)ဦးအား ထိရောက်သောပြစ်ဒဏ်များချမှတ်အရေးယူ နိုင်ခဲ့ပါသည်။

လူကုန်ကူးခံရသူများအား    ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် “လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်း စည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီအစဉ်” ကိုထုတ်ဝေခြင်း၊ လူကုန်ကူးခံရသူများအတွက် ဘဝ ရပ်တည် နိုင်ရေးထောက်ပံ့ပေးခြင်း၊ တရားရုံးစစ်ဆေးနေစဉ်ကာလအတွင်း ခရီးစရိတ်၊ ဆေးကုသစရိတ်နှင့် ကျွေးမွေးစရိတ်ထောက်ပံ့ပေးခြင်း၊ လူကုန်ကူးခံရသူများအား ကူညီ ထောက်ပံ့ပေးနိုင်ရန်အတွက် သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ရေးဆောင်ရွက်ခြင်း၊ လူကုန် ကူးခံရသူများအား ယာယီလက်ခံစောင့်ရှောက်နိုင်ရေးအတွက် မြဝတီ၊ မူဆယ်၊ ကော့သောင်း၊ မန္တလေးမြို့များရှိ ယာယီလက်ခံစောင့်ရှောက်နိုင်ရေး ဂေဟာများတွင် ထားရှိပြီး အခြေခံ လိုအပ်ချက်များဖြည့်ဆည်း ထောက်ပံ့ပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသား (၅၀) ဦး နှင့် အမျိုးသမီး (၅၀) ဦးဆံ့သည့် ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာအသစ် တစ်လုံး တည်ဆောက်ခြင်းနှင့် ကချင်ပြည်နယ်တွင် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာအသစ် တစ်လုံးဆောက်လုပ်ရန်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင်လည်း  လူကုန်ကူးမှုအန္တရာယ်များကို ရင်ဆိုင်နေရသောကြောင့် လူကုန်ကူးမှုပုံစံအမျိုးမျိုးနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ပြည်သူလူထုတစ်ရပ်လုံး သိရှိ နားလည်ပြီး လူကုန်ကူးမှု ကြိုတင်ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးတို့တွင် ပူးပေါင်း ပါဝင် လာစေရေးကိုပါ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ယခုကာလတွင် ဖြစ်ပွား နေသော ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ (COVID-19) အခြေအနေကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးခြင်း၊ ဘဝရပ်တည်ရန်ခက်ခဲခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ခြင်းတို့မှတစ်ဆင့် လူကုန်ကူးမှုများ ပိုမိုဖြစ်ပေါ်လာနိုင် သဖြင့် တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်း၍ လူကုန်ကူးမှု ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါသည်။

ယခု ၂၀၂၀ ပြည့်နှစ်၊ အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “လူကုန်ကူးမှုပပျောက်ရေး ရှေ့တန်းကနေ စွမ်းဆောင်ပေး” ဆိုသည့် အတိုင်း သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးက နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူပြည်သားများ အားလုံးနှင့်ပူးပေါင်းကာ လူကုန်ကူးမှု ပပျောက်ရေးအတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။