ကျောက်ဖြူမြို့နယ်၌ ဒေသထွက် ငါးတံခွန်ခြောက်များ ရောင်းအားကောင်းနေ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ ဒေသထွက် ငါးတံခွန်ခြောက်များကို ဝယ်ယူသူ များပြားပြီး ရောင်းအား ကောင်းနေကြောင်း ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူများ၏ ပြောပြချက်အရ သိရသည်။
''ဒီငါးတွေကို ငါးဖမ်းသင်္ဘောတွေဆီက တစ်ဆင့် ဝယ်ရပါတယ်။ အခုချိန်မှာ အရောင်းအဝယ်လိုက်တာက ငါးတံခွန်ခြောက် တစ်မျိုးပဲရှိတယ်။ သင်္ဘောကနေ ဝယ်ယူတုန်းက ငါးတံခွန်ခြောက် တစ်ပိဿာကို ငွေကျပ် ၄၅ဝဝ နဲ့ဝယ်ရပြီး ငွေကျပ် ၅ဝဝဝ နဲ့ ပြန်ရောင်းရပါတယ်။ ဈေးကွက်တွေ အနေနဲ့တော့ ကျောက်ဖြူမြို့နယ်က ဈေးတွေအပြင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေဖြစ်တဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ တပ်တောင်၊ ရမ်းဗြဲ စတဲ့ မြို့တွေကို ဖြန့်ချိပါတယ်။ ဈေးကွက်ထဲမှာ ဒေသထွက် ငါးတံခွန်ခြောက်တွေပဲ ရောင်းအားကောင်းပါတယ်'' ဟု ငါးလုပ်ငန်း လုပ်ကိုင်နေသည့် ဦးခင်ဇော်ကပြော သည်။
အဆိုပါငါးမှာ ပင်လယ်ငါး တစ်မျိုးဖြစ်ပြီး ရခိုင်ဒေသအခေါ် ငါးသရွဲခြောက်ဟုလည်း ခေါ်သည်။ ငါးတံခွန်ငါးကို ငါးပိရည်ကျို ပြုလုပ်ရာတွင် အသုံးပြုသကဲ့သို့ ဟင်းလျာအဖြစ်သော် လည်းကောင်း၊ ကောက်ညှင်းပေါင်းနှင့် ဆီထမင်းတို့ဖြင့် တွဲဖက်၍သော် လည်းကောင်း စားသုံးကြကြောင်း သိရသည်။