လျှပ်စစ်ဝိုင်ယာကြိုး အပူရှိန်လွန်ကဲပြီး နေအိမ် အဆောက်အအုံ သုံးလုံး မီးလောင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ အောက်တိုဘာ ၂၄ ရက်က နေအိမ်တွင် အသုံးပြုလျက်ရှိသည့် လျှပ်စစ်ဝိုင်ယာကြိုး အပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာမှ နေအိမ်အဆောက်အအုံ သုံးလုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁ဝ)၊ လမ်းသွယ်(၃၂)နေ ဦးမောင်မောင်သန်း၏ နေအိမ်၌ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မြစ်ကြီးနား နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲမှူး ရဲဝင်းထွန်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်လေးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ ၂၆ မိနစ်တွင် မီးငြိမ်းသွားသည်။
ဖြစ်စဉ်အားစစ်ဆေးရာ ဦးမောင်မောင်သန်း ပိုင်ဆိုင်သော နှစ်ထပ်အိမ်တစ်လုံး၏ အပေါ်ထပ် အိပ်ခန်းအတွင်းရှိ မီးပလတ်ခုံ ဝိုင်ယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက် သေဆုံးမှု မရှိသော်လည်း အလျား ပေ ၄ဝ၊ အနံပေ ၃ဝ၊ သွပ်မိုးထရံကာ နှစ်ထပ်နေအိမ်တစ်လုံး၊ အလျားပေ ၄ဝ၊ အနံ ၁၅ ပေရှိ သွပ်မိုးတိုင်ထူ ရက်ကန်း အလုပ်ရုံတစ်ရုံ၊အလျားပေ ၃ဝ၊ အနံပေ ၂ဝ ရှိ သွပ်မိုး ထရံကာ နေအိမ်တစ်လုံးတို့မှ မီးလောင် ဆုံးရှုံးမှုဖြစ်ပွားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်မောင်သန်း အား မြစ်ကြီးနား နယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ)၂၄ဝ/၂ဝ၂၁၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။