၁၉၅၅ ခုနှစ်နောက်ပိုင်း အိမ်ကွင်း၌ ငါးဂိုးပြတ် ရှုံးနိမ့်သည့် ပွဲစဉ်အဖြစ် မှတ်တမ်းဆိုး ရရှိပြီးနောက် မန်ယူအသင်း နည်းပြဆိုးလ်ရှား၏အနာဂတ် ပိုမိုမရေမရာဖြစ်လာ
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ်ကစားခဲ့သည့် လီဗာပူးအသင်းနှင့်ပွဲစဉ်တွင် ငါးဂိုးပြတ်ဖြင့် ရှုံးနိမ့်ပြီး နောက် မန်ယူအသင်းသည် ၁၉၅၅ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၆၆ နှစ်အတွင်း အိမ်ကွင်း အဆိုးရွားဆုံး သောရလဒ်နှင့် တွေ့ကြုံခဲ့ရပြီး နည်းပြဆိုးလ်ရှား၏ အနာဂတ်မှာလည်း ပိုမိုမရေမရာ ဖြစ်လာခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ၁၉၅၅ ခုနှစ်က အိမ်ကွင်း၌ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၅ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ယခုအခါ နှစ်ပေါင်း ၆၆ နှစ် အကြာတွင် လီဗာပူးအသင်းကို ၅ ဂိုး-ဂိုးမရှိဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံ ၁၁ ပွဲတွင် သုံးပွဲသာ အနိုင်ရရှိသကဲ့သို့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း လေးပွဲဆက်နိုင်ပွဲ ပျောက်ဆုံး၍ တစ်ပွဲသရေရလဒ်ရရှိကာ သုံးပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းပရိသတ်များက နည်းပြဆိုးလ်ရှားကို ရာထူးမှ နုတ်ထွက်ပေးရန် လီဗာပူးအသင်းနှင့် ကစားသည့် ပွဲချိန်အတွင်း လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိတွင် မန်ယူအသင်း နည်းပြရာထူးအတွက် ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်းက ထိပ်ဆုံးမှ ရေပန်းစားနေပြီး အင်တာမီလန်အသင်း နည်းပြဟောင်း ကွန်တီနှင့် လက်စတာအသင်း နည်းပြ ရော်ဂျာတို့လည်း ရေပန်းစားလျက် ရှိကြောင်း သိရသည်။