ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အာဖရိက ကစားသမားများတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်ချ် စံချိန်သစ်တင်
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ် ကစားခဲ့သည့် မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးသုံးဂိုး သွင်းယူနိုင်ခဲ့ပြီး နောက် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အာဖရိကကစားသမားများတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဆာလက်ချ်က စံချိန်သစ် တင်နိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းက မန်ယူ အသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး ဆာလက်ချ်က ပွဲချိန် ၃၈ မိနစ်၊ ၄၅ မိနစ်နှင့် မိနစ် ၅ဝ တို့တွင် သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၁ဝ၇ ဂိုးအထိရှိလာခဲ့ပြီး စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆာလက်ချ်သည် မန်ယူအသင်းနှင့် ပွဲစဉ်မတိုင်မီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အာဖရိက ကစားသမားများမှ ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ဒရော့ဘာနှင့် ၁ဝ၄ ဂိုးစီဖြင့် ပူးတွဲရပ်တည်နေသော်လည်း ယခုအခါ ဒရော့ဘာကို သုံးဂိုးအသာဖြင့်ကျော် ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ အဆိုပါပွဲစဉ်တွင် သွင်းဂိုးသွင်းယူနိုင် ပြီးနောက် ပြိုင်ပွဲစုံ ၁ဝ ပွဲဆက်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဥရောပ ထိပ်တန်းလိဂ်များတွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ စီရော်နယ်ဒို၊ အတ္တလန္တာအသင်းနှင့် အတူ ဇာပါတာ၊ ဘိုင်ယန်မြူးနစ် အသင်းမှ လီဝန်ဒေါ စကီးတို့ပြီးလျှင် ၁ဝ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည့် စတုတ္ထမြောက် ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပြီး ပရီးမီးယားလိဂ်တွင်လည်း ခုနစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်းဖြစ်ကာ အသင်းကစားသမားဟောင်း စတာရစ်ချ်၏ ပရီးမီးယားလိဂ်ရှစ်ပွဲ ဆက်ဂိုးသွင်းယူ နိုင်သည့်စံချိန်ကို လိုက်မီနိုင်ရန် အတွက်လည်း မှတ်တမ်းဝင်ခဲ့သည်။
ထို့အတူ ဆာလက်ချ်သည် မန်ယူအသင်းနှင့်ပွဲစဉ် တွင် သုံးဂိုးသွင်းယူနိုင်ပြီးနောက် ၂ဝဝ၃ ခုနှစ်က ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ကစားခဲ့သည့် မန်ယူအသင်း နှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့ပွဲစဉ်တွင် ရော်နယ်ဒို (ဒိုကြီး)က သုံးဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ပိုင်း နောက်ဆုံး ၁၈ နှစ်အတွင်း မန်ယူအသင်း အိမ်ကွင်း၌ သုံးဂိုးသွင်း ယူနိုင်ခဲ့သော ပထမဆုံး ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့သည့်အပြင် လီဗာပူးအသင်း သမိုင်းတစ် လျှောက် ပရီးမီးယားလိဂ် အဝေးကွင်း သုံးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အာဖရိက ကစားသမားများမှ သွင်းဂိုးအများဆုံး ကစားသမား စာရင်း၌ ဆာလက်ချ်၏ နောက်တွင် ဒရော့ဘာက ၁ဝ၄ ဂိုးဖြင့် ရပ်တည်နေကြောင်း သိရသည်။