မန်ယူအသင်းပိုင်ရှင်နှင့် မန်နေးဂျင်း ဒါရိုက်တာ ရစ်ချက်အာနိုးတို့ နည်းပြ အပြောင်းအလဲအတွက် အရေးပေါ် ဆွေးနွေးမှုများ ပြုလုပ်နေ
မန်ယူအသင်း မန်နေးဂျင်းဒါရိုက်တာ ရစ်ချက်အာနိုးသည် မန်ယူအသင်း နည်းပြဆိုးလ်ရှား၏ အနာဂတ်အတွက် အသင်းပိုင်ရှင်ဂလေဇာ၊ ဘုတ်အဖွဲ့ဝင် များနှင့် အရေးပေါ်ဆွေးနွေးမှုများ ပြုလုပ်နေပြီး စပါးအသင်းနှင့် ပွဲစဉ်မတိုင်မီ နည်းပြအပြောင်းအလဲ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး သုံးပွဲအထိ ရှုံးနိမ့်ခဲ့ကာ တစ်ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး လီဗာပူးအသင်းကို ငါးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှား၏ အနာဂတ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
အစောပိုင်းက မန်ယူအသင်းဘုတ် အဖွဲ့ဝင်များက နည်းပြဆိုးလ်ရှားကို အပြည့်အဝ ထောက်ခံထားပြီး ထုတ်ပယ်မည်မဟုတ်ဟု ပြောကြားထားသော်လည်း လီဗာပူးအသင်းနှင့် ပွဲစဉ်၌ ပထမပိုင်းအပြီးတွင်ပင် အသင်းပရိသတ်များက မန်ယူအသင်း၏ ခြေစွမ်းပိုင်းကို စိတ်ပျက်ခဲ့ကာ ကွင်းအတွင်းမှ ထွက်ခွာခဲ့သကဲ့သို့ ကစားသမားများကလည်း နည်းပြဆိုးလ်ရှား၏ နည်းစနစ်ပိုင်းများကို ကြိုက်နှစ်သက်မှု မရှိတော့သည့် အတွက် နည်းပြအပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
မန်ယူအသင်းကလည်း နည်းပြဆိုးလ်ရှား နေရာ၌ အင်တာမီလန်အသင်း နည်းပြဟောင်း ကွန်တီကို ခန့်အပ်လိုနေပြီး ကွန်တီကိုယ်တိုင်ကလည်း မန်ယူအသင်းမှ ကမ်းလှမ်းမည်ဆိုပါက လက်ခံရန်အသင့် ရှိနေသည့် အတွက် စပါးအသင်းနှင့် ကစားမည့်ပွဲစဉ်မတိုင်မီ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ပြီး ကွန်တီနှင့် အစားထိုးဖွယ် ရှိကြောင်း သိရသည်။