လုပ်ရပ်နဲ့ရလဒ်
လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခု အနေနဲ့ပဲဖြစ်ဖြစ် ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ ရှိကြပါ တယ်။ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ အကောင်အထည်ဖော်ပုံနည်းလမ်းမှန်ခြင်း၊ မမှန်ခြင်းနဲ့ ဒီနည်းလမ်း အတိုင်း တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုရှိခြင်း၊ မရှိခြင်းအပေါ်မူတည်ပြီး ရည်ရွယ်ရာကိုရောက်၊ မရောက် ကွာခြားသွား တတ်ပါတယ်။
ရည်မှန်းချက်ကလည်း မွန်မြတ်သန့်စင်နေမယ်၊ အကောင်အထည်ဖော်ပုံနည်းလမ်းကလည်း ကောင်းမွန်မှန်ကန်နေမယ်၊ နည်းမှန် လမ်းမှန်စနစ်တစ်ရပ်ကို ကျင့်သုံးဆောင်ရွက်ရာမှာလည်း ဉာဏ်ပညာနဲ့ယှဉ်တဲ့ ကြိုးစားအားထုတ်မှုတွေ အလုံအလောက်ရှိ နေမယ် ဆိုရင် သက်ဆိုင်ရာပန်းတိုင်ဆီကို အရောက်လှမ်းနိုင်မှာပါပဲ။ ဒီလိုမဟုတ်ဘဲ ရောက်တတ်ရာရာနည်းလမ်းတွေကို ကောက်ကာ ငင်ကာ ကျင့်သုံးပြီး ဉာဏ်ပညာနဲ့မယှဉ်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေရင်တော့ လုပ်ရပ်နဲ့ရလဒ်ကွာဟ ချက်ကြီးမားနေဦးမှာ ဖြစ်ပါတယ်။ လိုရာခရီးကိုရောက်ဖို့ဝေးနေဦးမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကောင်းရှိရုံသက်သက်နဲ့ ရလဒ်ကောင်းကို မရနိုင်ပါဘူး။ ရည်ရွယ်ချက်လည်းကောင်းမှ၊ လုပ်ရပ်လည်းကောင်းမှ ရလဒ်ကောင်းနိုင်တာပါ။
တိုင်းပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းမှာ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားမှုတွေများခဲ့ကြတယ်။ များနေဆဲလည်းဖြစ်တယ်။ ဆွေရင်းမျိုးရင်း၊ မိတ်ရင်းဆွေရင်းတွေ အချင်းချင်းကြား၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမ၊ သားနဲ့အဖအချင်းချင်းကြား ကွဲပြားမှုတွေများ ခဲ့ကြတယ်။ သူကဟိုလမ်း၊ ကိုယ်ကဒီလမ်း။ လမ်းချင်းမတူရင် လူချင်းခွဲကြစို့ဆိုတဲ့အခြေအနေတွေ။ခံယူချက်ချင်း၊ သဘောထားချင်း မတိုက်ဆိုင်မှုရဲ့နောက်မှာ ခွဲခြားဆက်ဆံမှုတွေသာမက ရန်လိုမုန်းထား၊ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်လာခဲ့ကြတယ်။ နှုတ်နဲ့ အချင်းများရုံသာမကဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေအထိ ဖြစ်လာတယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ လုပ်လာခဲ့ကြတယ်။ လမ်း၊ တံတား၊ အဆောက်အအုံတွေကို ဖျက်ဆီးလာခဲ့ကြတယ်။ ပစ္စည်းပစ္စယ ယူငင်မှုတွေဖြစ်လာခဲ့ကြတယ်။ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလာကြတယ်။ဟိုရပ်ကွက်မှာ ဟိုလူတော့အပစ်ခံလိုက်ရပြီ၊ ဒီရွာမှာ ဒီလူကိုတော့ ဆွဲသွားပြန်ပြီ။ ဟိုအုပ်ချုပ်ရေးမှူးကတော့ သေပြီ။ ဒီအုပ်ချုပ်ရေးမှူးကတော့ ဗုံးလန့်လို့ရွာကထွက်ပြေးနေရပြီ။ ဟိုနေရာက ဗုံးကွဲပြန်ပြီ။ ဒီရွာက ကျောင်းလေးတော့ မီးအရှို့ခံလိုက်ရပြန်ပြီ။ ဟိုရွာကဆေးခန်းလေးလည်း အဖျက်ဆီးခံလိုက်ရပြီ။ ဘယ်လမ်းကိုသွားနေတဲ့ ဘယ်ယာဉ်ပေါ် ကလူတွေကတော့ ဘယ်နားအရောက်မှာ ပါသမျှပစ္စည်းတွေ အလုခံလိုက်ရပြီ။ ဘယ်သူ့အိမ်တော့ မီးအရှို့ခံလိုက်ရပြီ ဆိုတာမျိုးတွေ၊ ဝမ်းသာစရာ မကောင်းတဲ့သတင်းတွေက နေရာစုံမှာစဉ်တိုက်ဆက်တိုက်။
ရက်စက်ကြမ်းကြုတ်မှုသဘောကိုဆောင်တဲ့ ဒီလုပ်ရပ်တွေကို ကျူးလွန်တာနဲ့ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲ နေကြတာတွေလည်း ရှိပါတယ်။ ဒီအဖွဲ့ကလည်း ဟိုအဖွဲ့လုပ်တာတဲ့။ ဟိုအဖွဲ့ကလည်း သူတို့ကိုနာမည်ပျက်စေချင်လို့ ဒီအဖွဲ့ကကိုယ်တိုင်ကျူးလွန်ပြီး သူတို့အဖွဲ့က ကျူးလွန်တယ်ထင်အောင် အကွက်ဆင်ချောက်ချတာပါတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ရပ်ဆိုးတွေကို ကျူးလွန်နေသူတွေ ကတော့ ရှိနေတာအမှန်။ တချို့အဖွဲ့တွေကလည်း ဘယ်သူ့ကိုဘာကြောင့် ရှင်းပစ်လိုက်ပါတယ်ဆိုပြီး ကြေညာချက်တွေ ထုတ်နေ ကြပြန်တယ်။ ဘယ်သူပဲကျူးလွန်ကျူးလွန်၊ ဘယ်လို အဖွဲ့အစည်းကပဲ ကျူးလွန်ကျူးလွန်၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ဖျက်ဆီးမှုတွေကတော့ ချီးကျူးစရာအလုပ်တွေမဟုတ်တာ သေချာပါတယ်။ အပြစ်မဲ့ပြည်သူတွေအတွက် စဉ်းစားရမယ့်အချိန်ကို ရောက်နေပြီဖြစ်ပါတယ်။
နှစ်ဦးနှစ်ဖက် လက်နက်ကိုယ်စီကိုင်ပြီး အပြန်အလှန်ပစ်ကြခတ်ကြ တိုက်ခိုက်ကြလို့ အပြန်အလှန် သေကြတဲ့ အနေအထားမျိုးကို မဝေဖန်လိုပေမယ့် လက်နက်မဲ့နေသူတစ်ယောက်ကို ချောင်းမြောင်းပစ်ခတ်တာမျိုးတွေကျတော့ ရက်စက်မှု သဘောသက် သက်ဖြစ် နေတယ်လို့ ဆိုရမှာပါ။ မှန်ချင်တဲ့သူမှန်ရော့ဆိုပြီး လူနေရပ်ကွက်ထဲရမ်းပစ်တာမျိုးကျတော့ မိုက်မဲမှုသက်သက်ထက် မပိုဘူးလို့ ပြောရမှာပါ။ဒါတွေငါတို့လုပ်တာမဟုတ်၊ သူတို့လုပ်တာလို့ပြောချင်ပြောမှာပါပဲ။ ဒီလိုလုပ်ရပ်တွေ ကိုယ်မလုပ်ဘူးဆိုရင် မလုပ်တဲ့ သူနဲ့မဆိုင်ပါ။ လက်တွေ့မှာ ရမ်းကားနေသူတွေရှိနေတာကိုတော့ အားလုံးအသိ။ တကယ်သေနေကြတာအားလုံးအသိ။ တကယ် ပျက်စီးနေကြတာ အားလုံးအမြင်။ အသက်တွေက အလိုလိုသေသွားကြတာမဟုတ်။ အဆောက်အအုံတွေက အလိုလိုနေရင်း မီးလောင်သွားကြတာမဟုတ်။ ဒါတွေဘယ်သူလုပ်သလဲ။ တကယ့်လက်သည်အမှန်ကတော့ ရှိကိုရှိနေမှာ။ ပြည်သူ့အကျိုးကိုရှေးရှုပြီး ရပ်တန်းကရပ်ကြဖို့ လိုပါတယ်။
ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်ကြားမှာ ကြီးမားလွန်းတဲ့ကွာဟချက်ကြီးရှိနေမယ်ဆိုရင် မူလဦးတည်ထားတဲ့ ပန်းတိုင်ဆီရောက်ဖို့ အလှမ်းဝေးနေဦးမှာပါ။ သတိကြပ်ကြပ်ထားနိုင်မှ တန်ကာကျမှာပါ။ ထောက်ပြဝေဖန်မှုတွေပြုတဲ့အခါတိုင်းပြန်ကြားရလေ့ရှိတာက “ငါတို့ပြန်လုပ်မှ ဒီလိုပြောရသလား၊ သူတို့လုပ်နေတုန်းကတော့ မျက်စိကမမြင်တာလား၊ နားကမကြားတာလား” ဆိုတဲ့ အပြောမျိုး တွေပါ။ တကယ်တော့ အကြမ်းဖက်မှုမှန်ရင် ဘယ်ဘက်ကပဲဖက်ဖက် ရွံရှာဖွယ်သက်သက်ထက်မပိုပါဘူး။ သူများလုပ်တာမလုပ်တာ ကိုယ့်ကိစ္စမဟုတ်။ ကိုယ်မလုပ်မိဖို့အရေးကြီးပါတယ်။ ခုခံကာကွယ်တယ်ဘာညာဆိုပြီးလည်း ပြောပါတယ်။ ခုခံတာနဲ့တူ၊ မတူပြန် သုံးသပ်ဖို့ ကောင်းပါတယ်။ ကိုယ့်လုပ်ဆောင်ချက်တွေကို သတိ၊ သမ္ဗဇဉ်၊ ဉာဏ်နဲ့ယှဉ်ပြီး အခါအားလျော်စွာ ပြန်လည်သုံးသပ်ပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် မှားတတ်ပါတယ်။ တစ်ခုခုလုပ်မယ်ကြံတိုင်း ဒီလုပ်ရပ်က ကိုယ့်အတွက်ရော အများအတွက်ပါ တကယ်အကျိုးရှိလာနိုင်တာ သေချာရဲ့လားဆိုတဲ့မေးခွန်းကို ထပ်ကာတလဲလဲမေးနေဖို့လိုပါတယ်။ မသေချာသေးရင် ခဏဆိုင်း ပါဦး။ အချိန်ယူစဉ်းစားပါဦး။
အဓိကကတော့ ဘယ်လမ်းစဉ်ကိုလျှောက်လှမ်းဖို့ ဆုံးဖြတ်ဆုံးဖြတ်၊ ကိုယ်လျှောက်တဲ့ လမ်းစဉ်ကြောင့် သူတစ်ပါးအပေါ် ထိခိုက်နစ်နာမှုတွေ မဖြစ်အောင် တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ အရေးကြီးပါတယ်။ ကိုယ်ယုံကြည်ရာလမ်းအတိုင်း လျှောက်လှမ်း ကြတာမှန်ပေမယ့် ကိုယ့်ခြေလှမ်းအောက်မှာ တစ်ဖက်လူအသက်ပျောက်သွားရတာမျိုးက မဖြစ်သင့်တဲ့ကိစ္စပါ။ နုချင်နု၊ ကြမ်းချင် ကြမ်း၊ ကိုယ်ရွေးတဲ့လမ်းမှာ မရမ်းသင့်တာကတော့ အမှန်ပါ။
ဒီမိုကရေစီပန်းတိုင်ဆီကိုချီတက်ကြရိုးမှန်ရင် ချီတက်ရာလမ်းကြောင်းတစ်လျှောက်မှာ လှမ်းလိုက်တဲ့ခြေလှမ်းတွေက ဒီမိုကရေစီ စံနှုန်းတွေနဲ့ တတ်နိုင်သမျှကိုက်ညီနေသင့်ပါတယ်။ မတူကွဲပြားတဲ့ သဘောထားအမြင်တွေကို လေးစားရမယ်။ ခြားနားတဲ့ ရပ်တည် ချက်တွေကို နားလည်မှုပေးရမယ်။ အများဆန္ဒကိုအကောင်အထည်ဖော်ရာမှာ အနည်းစုရဲ့သဘောထားအမြင်တွေကိုလည်း လေးစား ရမယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် အမြဲဦးတည်ထားရမယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးကြရမယ်။ ကိုယ်ဖော်ဆောင်လိုက်တဲ့ လမ်းစဉ်တစ်ခုအောက်မှာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ထိပါးသွားစေခဲ့မယ်ဆိုရင် ကိုယ့်လမ်းစဉ်ကို ကိုယ်ပြန်သုံးသပ်သင့်ပါတယ်။ လမ်းစဉ်ကိုယ်၌က လွဲနေလေသလားဆိုတာကို သေချာ အောင် ပြန်ကြည့်ရမှာဖြစ်ပါတယ်။
ဒီမိုကရေစီရရှိရေးအတွက်ဆိုပြီး ကိုယ်နဲ့အမြင်မတူသူကို လုပ်ကြံသတ်ဖြတ်လိုက်မယ်ဆိုရင် ကိုယ့်လမ်းစဉ်က ဒီမိုကရေစီ လမ်းစဉ် ဟုတ်၊ မဟုတ် မေးခွန်းပြန်ထုတ်ဖို့လိုပါတယ်။ ဒီမိုကရေစီပန်းတိုင်ဆီကိုလျှောက်လှမ်းရိုးမှန်ရင် ခြေလှမ်းတိုင်းကို ဒီမိုကရေစီ စံနှုန်း တွေနဲ့ တိုင်းတာနေဖို့လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက်က အခြားတစ်ယောက်ကို သတ်ဖြတ်ခွင့်ရှိတယ်လို့ ဘယ်ဥပဒေမှာမှ ပြဋ္ဌာန်းမထားပါ။ တရားရုံးကသေဒဏ်အချခံလိုက်ရသူကိုတောင်မှ ဒီနိုင်ငံမှာကြိုးမပေးတော့ပါ။ စိတ်လိုက်မာန်ပါသတ်ဖြတ်မှုတွေက ဘာအကျိုးကျေးဇူးမှ မရနိုင်ပါ။ အုပ်ချုပ်ရေးမှူးတွေကို သတ်လိုက်တယ်။ သူ့မိသားစုဝင်တွေကို သတ်လိုက်တယ်။ ဒလန်လို့ ယူဆရ သူတွေကို သတ်လိုက်တယ်။ စာသင်ကျောင်းတွေကို မီးရှို့လိုက်တယ်။ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးလိုက် တယ်။ တံတားတွေကို မိုင်းထောင်ဖောက်ခွဲလိုက်တယ်။ ဆက်သွယ်ရေး တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးလိုက်တယ်။ အများပြည်သူ သွားလာနေတဲ့ လမ်းမကြီးတွေမှာ မိုင်းတွေထောင်ထားလိုက်တယ်။ ကွဲချင်တဲ့အချိန် ပေါက်ကွဲပြီး သေချင်တဲ့သူတွေ သေကုန်ကြ တယ်။ ကံဆိုးသူသေပေရော့ဆိုတဲ့ကိန်း။ ဒါတွေက ဒီမိုကရေစီတိုက်ပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ လှုပ်ရှားမှုအတွက် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက် လိုက်လျောညီထွေရှိရဲ့လား၊ ရည်ရွယ်ရာလမ်းကြောင်းအတွက်ရော တကယ်အကျိုးရှိရဲ့လားဆိုတာကို သေချာ ပြန်သုံးသပ်သင့်ပါတယ်။
အုပ်ချုပ်ရေးမှူးပဲဖြစ်ဖြစ်၊ သူ့မိသားစုဝင်ပဲဖြစ်ဖြစ်၊ ဒလန်လို့၊ သတင်းပေးလို့ယူဆရသူပဲဖြစ်ဖြစ် ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်အသိုင်း အဝိုင်းထဲမှာ အတူကျင်လည်ကြီးပြင်းခဲ့ကြသူတွေချည်းပါပဲ။ လူတစ်ယောက်ကို သတ်လိုက်ရင် သေတဲ့သူလည်း ကြီးမားပြင်းထန်တဲ့ ဝေဒနာတွေကြောင့်သေရသလို ကျန်ရစ်သူတွေလည်း သောကတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ ဖြစ်နေရစ်ကြတာပါ။ အထူးသဖြင့် သေရိုးသေစဉ် ဓမ္မတာအတိုင်းသေဆုံးရတာမဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်မှုခံရလို့ သေရတာဆိုရင်ပေါ့။ လူတစ်ယောက် အသတ်ခံရ တိုင်း မိသားစုတွေ ဘဝပျက်ပြီးကျန်ရစ်ခဲ့ကြတာ။
ပညာရေး၊ ကျန်းမာရေးဆိုင်ရာ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးလိုက်တဲ့အတွက် ဘယ်သူ့ကို အကျိုးရှိ စေနိုင်မလဲ။ ကိုယ့်ဘက်ကလူက လောလောဆယ် ကျောင်းမတက်သေးလို့၊ ဆေးရုံဆေးခန်းမသွားသေးလို့၊ ဟိုတစ်ဖက် ကလို့ ကိုယ်သတ်မှတ်ထားသူတွေချည်း သွားနေလာနေကြတဲ့နေရာတွေမို့ ဖျက်ဆီးလိုက်တာဆိုရင်တော့ လွဲနေပါပြီ။ ဒီအဆောက် အအုံတွေ၊ လမ်း/တံတားတွေက ပြည်သူအားလုံးနဲ့သက်ဆိုင်နေတဲ့ ပြည်သူပိုင်ပစ္စည်းတွေပါ။ ပြည်သူဆိုတဲ့အထဲမှာ ကိုယ်လည်းပါတဲ့ အတွက် ကိုယ့်ပစ္စည်းကို ကိုယ်ပြန်ဖျက်ဆီးသလိုပါပဲ။ တိုက်ပွဲတစ်ခုကိုဆင်နွှဲနေကြတာမို့ စစ်ရေးဗျူဟာအရ ဒါတွေကို လုပ်ပါတယ် လို့ ဖြေချင်ဖြေကြမှာပါပဲ။ စစ်ရေးဗျူဟာကိုရော တကယ်နားလည်ရဲ့လားဆိုတာ ပြန်သုံးသပ်စရာပါ။ ဘယ်လိုပဲပြော ပြောသတိမပါ၊ ဉာဏ်မပါလျှောက်လုပ်နေတဲ့ လုပ်ရပ်မျိုးတွေက အကျိုးရှိထိရောက်တဲ့ ရလဒ်တွေကို ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်တာကတော့ သေချာပါတယ်။ ဖျက်ဆီးရေး လမ်းကြောင်းပေါ် လျှောက်နေသရွေ့ ဒီမိုကရေစီပန်းတိုင်နဲ့ ဝေးနေဦးမှာပါ။
ပြည်သူတွေလည်းဘဝပျက်၊ အခြေခံအဆောက်အဦတွေလည်းပျက်စီး၊ အဘက်ဘက်က ယိုယွင်းသွားပြီဆိုရင် ဒီတိုင်းပြည်ကို ဘယ်လို ပြန်ထူထောင်ကြမလဲ။ အခုတောင် ဘယ်လောက်လက်လွန်နေပြီလဲဆိုတာ အရေးတကြီးသုံးသပ်စရာပါ။ ပြာပုံထဲက ပြန်ထလာတဲ့ ဖီးနစ်ငှက်ဆိုတာမျိုးက ပုံပြင်ထဲမှာ ဖတ်လို့ကောင်းပေမယ့် တကယ့်လက်တွေ့မှာ ပြောသလောက်မလွယ်ပါ။ ဖျက်ဆီးရတာ လွယ်သလောက် ပြန်လည်တည်ဆောက်ရတာကျတော့ ခက်ခဲပါတယ်။ ထိုက်သင့်သလောက်တော့ ရင်းပစ်ရမှာပဲလို့ ဆိုသူတွေများပါတယ်။ အရင်းနဲ့အမြတ် ချိန်ဆနိုင်ဖို့လိုပါတယ်။ ရင်းလိုက်တိုင်းမြတ်တာမဟုတ်ပါ။ အရင်းရှုံးသွားတာတွေရှိတာကို သတိပြုရမှာပါ။ ရွေးချင်တဲ့နည်းလမ်းကိုရွေး၊ ကိုယ်ရွေးတဲ့နည်းလမ်းတွေထဲမှာ အကြမ်းဖက်နည်းတွေ ပါမလာဖို့လိုပါတယ်။ ပြည်သူ့ ဘက်တော်သားလို့ ခံယူထားသူတိုင်း ပြည်သူတွေအတွက် စဉ်းစားသင့်ပါတယ်။ ပြည်သူတစ်ဦးတစ်ယောက်မှ ကိုယ့်ကြောင့် ထိခိုက်မသွားဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်ဖို့လိုပါတယ်။ ရည်ရွယ်ချက်တွေလည်း မွန်မြတ်ကြပါစေ။ လုပ်ရပ်တွေ လည်း မှန်ကြပါစေ။ ရလဒ်ကောင်းတွေကိုလည်း ဆောင်ကြဉ်းနိုင်ကြပါစေ။ ။
မြန်ပြည်သား