ပြည်တွင်း၌ Mask အသုံးပြုမှုများလာ သဖြင့် ဈေးနှုန်းမြင့်တက်မှုမရှိစေရန် ပြည်ပမှ Mask အခုရေ ၁၉ သိန်း တင်သွင်း၍ နေပြည်တော်နှင့် ရန်ကုန်ဈေးကွက်တို့သို့ အဓိကထား ဖြန့်ဖြူးရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“Mask ကို အဆမတန်ဈေးမြှင့်တင်ရောင်းချမှုမရှိအောင်နဲ့ ဌာနကနေ သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနိုင်အောင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခုနဲ့ ပူးပေါင်းပြီး တရုတ်နိုင်ငံက ကျန်းမာရေးထောက်ခံချက်ရရှိထားတဲ့ Mask တွေကိုတင်သွင်းပြီး ဖြန့်ဖြူးဖို့စီစဉ်ထားပါတယ်။ အဓိကအားဖြင့် နေပြည်တော်နဲ့ရန်ကုန် ဈေးကွက်တွေကိုဖြန့်ဖြူးဖို့ လျာထားပါတယ်။ ဝယ်ယူချင်တဲ့သူတွေအနေနဲ့လည်း ဆက်သွယ် ဖို့ဖိတ်ခေါ်ထားပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူ ရေးရာဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
မတ်လက Mask အခုရေ ၅၀ ပါတစ်ဘူးလျှင် ငွေကျပ် ၂၅၀၀၀ ခန့် ဈေးမြှင့်တင် ရောင်းချ သည့်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆေးဝါး၊ အစားအစာ အသုံးအဆောင် ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ ဈေးမြှင့်တင် ရောင်းချရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ ရောင်းချခြင်းများအတွက် အရေးယူရန် ဆောင်ရွက်ခဲ့ သည်။ နောက်ပိုင်းတွင် ဈေးနှုန်းပြန်လည် ကျဆင်းလာပြီး သြဂုတ်လအတွင်း COVID-19 ရောဂါလူနာများ ပြန်လည်တွေ့ရှိပြီးနောက် Mask ဈေးနှုန်းများ ပြန်လည် မြင့်တက်လာကာ ရန်ကုန်မြို့စွန်ရှိ တချို့အရောင်းဆိုင်များ၌ Mask အခုရေ ၅၀ ပါ တစ်ဘူးလျှင်ငွေကျပ် ၇၀၀၀ ခန့်ဖြင့် ရောင်းချနေသည့်အတွက် ကြပ်မတ်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ရသည်။
“ရန်ကုန်မှာ အခု အဖွဲ့ငါးဖွဲ့ခွဲပြီး Mask ရောင်းချတဲ့ဆိုင်တွေကို စစ်ဆေးနေပါတယ်။ ဆိုင် ၅၀ လောက်ကို Mask ဈေးအဆမတန်မြှင့်တင် မရောင်းချဖို့ သတိပေး တာတွေလုပ်ခဲ့တယ်။ အဲဒီလိုစစ်ဆေးပြီးတဲ့အချိန်မှာ Mask ဈေးကျသွားတယ်။ ဈေးနှုန်းကို ပြန်လည်ထိန်းချုပ်နိုင် ခဲ့တယ်။ ဌာနအနေနဲ့ Mask တွေကို ဈေးသက် သက်သာသာနဲ့ ရောင်းပေးနိုင်ဖို့လုပ်နေတယ်။ ဝယ်မယ့်သူတွေအနေနဲ့ စာရင်းပေးဖို့ စာရင်းကောက်ယူတာတွေ လုပ်နေတယ်”ဟု ၎င်းက ပြောသည်။
ထက်ခိုင်(စမ်းချောင်း)