COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် တန်ဖိုးနည်းအိမ်ရာဝယ်ယူထားသူများ လစဉ် အိမ်ရာချေးငွေပေးဆပ်မှု နှောင့်နှေးမှုများရှိနေ

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ တန်ဖိုးနည်းအိမ်ရာဝယ်ယူထားသူများသည် လစဉ်အိမ်ရာချေးငွေအရင်းပေးဆပ်မှု နှောင့်နှေး မှုများရှိနေကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်၏ ပြောဆိုချက်အရ သိရသည်။ တန်ဖိုးနည်းအိမ်ရာဝယ်ယူထားသူများအနေဖြင့် အိမ်ရာချေးငွေကို လစဉ်ပြန်လည် ပေးဆပ်နေရခြင်းဖြစ်ရာ လက်ရှိတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလဖြစ်သည့်အတွက် လုပ်ငန်းအဆင် မပြေမှုများကြောင့် ငွေပေးသွင်းရာတွင် နောက်ကျခြင်းဖြစ်သည်။ ယင်းအတွက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်အနေဖြင့်နောက်ကျကြေး ၁၅ ရက်စာ ကောက်ခံမှုကို ဧပြီလ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလအတွက်ပါ ထပ်မံကင်းလွတ် ခွင့်ပြုထားသည်။ လက်ရှိကာလအတွင်း အိမ်ရာဝယ်ယူထားသူများ အဆင်ပြေစေရန် ဘဏ်ချေးငွေကို သတ်မှတ်ရက်ထက် အနည်းဆုံး ၁၅ ရက် နောက်ကျခွင့်ပြုထားခြင်း ဖြစ်သည်။ ထို့ပြင် ဘဏ်အတိုးနှုန်းကိုလည်း ၁၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးထားကြောင်း သိရသည်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အွန်လိုင်းစနစ်ဖြင့် အသုတ်လိုက်  ရောင်းချ ပေးလျက်ရှိကြောင်း  သိရသည်။

စိုးမိုး