စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အပိုင်း(၁)
ဦးကျော်ကျော်လှိုင်။ ။ ကျွန်တော်ကတော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) နဲ့ ပတ်သက်လို့ စက်တင်ဘာလ ၂၇ ရက်နေ့တုန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကား ပြောခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံက ရေနံကို တင်သွင်းနေရတဲ့နိုင်ငံ၊ စက်သုံးဆီတွေကို နိုင်ငံခြားကနေတင်သွင်းနေရတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် စက်သုံးဆီသုံးလေ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားငွေတွေထွက်လေဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံမှာ စက်သုံးဆီတွေ လျှော့ချနိုင်ဖို့ လျှပ်စစ်တွေ ထုတ်လုပ်တဲ့အခါမှာလည်း နိုင်ငံခြားကဝယ်ယူရတဲ့ LNG လို့ခေါ်တဲ့ ဓာတ်ငွေ့ကိုသုံးပြီး ထုတ်တဲ့အခါမှာ နိုင်ငံခြားငွေတွေ ယိုစီးနေတဲ့အတွက်ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တွေကို ရှာဖွေဖို့၊ ထုတ်လုပ်ဖို့ ပြောသွား ပါတယ်။ ဒီပြောကြားချက်ကို ကျွန်တော့်အမြင်က အလွန်အမြော်အမြင်ကြီးတဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ကျွန်တော်ဆရာတို့နဲ့ မဆွေးနွေးခင်မှာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ကမ္ဘာမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က ဘယ်ကိုသွားနေတယ်၊ ဘယ်လမ်းကြောင်းကို သွားနေတယ်ဆိုတာကို ဆရာတို့နဲ့ စပြီးဆွေးနွေးချင်ပါတယ်။ ဂျာမနီနိုင်ငံကို ကြည့်လိုက်မယ်ဆိုရင် ၁၉၉၀ ပြည့်နှစ်က စွမ်းအင်သုံးစွဲမှုကိုကြည့်ရင် ကျောက်မီးသွေးကို ၅၅ ရာခိုင်နှုန်းသုံးပါတယ်။ ပြန်ပြည့်မြဲစွမ်းအင်က ၄ ရာခိုင်နှုန်းပဲ သုံးခဲ့ပါတယ်။ နျူကလီးယားကို ၃၀ ရာခိုင်နှုန်းသုံးပါတယ်။ ၂၀၁၈ ခုနှစ် ရောက်လာတဲ့အခါမှာ ကျောက်မီးသွေးကို ၃၈ ရာခိုင်နှုန်း၊ နျူကလီးယားက ၁၃ ရာခိုင်နှုန်းဖြစ်ပြီး ပြန်ပြည့်မြဲက၁၀ ဆတက်ပြီး ၄၀ ရာခိုင်နှုန်းထိ တိုးတက်သုံးစွဲလာတာကို တွေ့ရပါတယ်။ ၂၀၅၀ ပြည့်နှစ်ကိုရောက်မယ်ဆိုရင်တော့ ကျောက်မီးသွေးကို သုည ရာခိုင်နှုန်းသုံးမယ်။ နျူကလီးယားစွမ်းအင်ကိုလည်း လုံးဝမသုံး တော့ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ စွမ်းအင်ကို ပြန်ပြည့်မြဲကသုံးမယ်ဆိုတဲ့ အစီအစဉ်ကို ချမှတ်ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ဒါကိုကြည့်ခြင်းအားဖြင့် ပြန်ပြည့်မြဲက ကျွန်တော်တို့ ကမ္ဘာကြီးအတွက် အနာဂတ်ဖြစ်တာကိုသိနိုင်ပါတယ်။
ကျွန်တော် ထိုင်းနိုင်ငံရဲ့ ဆိုလာနဲ့ပတ်သက်တဲ့ အခြေအနေကိုလည်း ဆရာတို့ကို တင်ပြချင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ နေရောင်ခြည် က လျှပ်စစ်ထုတ်လုပ် တာ မဂ္ဂါဝပ် ၃၀၀၀ ရှိပါတယ်။ ၂၀၃၀ ပြည့်နှစ် ရောက်လာရင် နေရောင်ခြည်ကထုတ်လုပ်တဲ့ လျှပ်စစ်ကို ၄၇၀၀ မဂ္ဂါဝပ်အထိ ထွက်အောင်ထုတ်မယ်လို့ စီစဉ်ချမှတ်ဆောင်ရွက်နေပါတယ်။ ၂၀၃၆ ခုနှစ် ရောက်လာရင် ပြန်ပြည့်မြဲက ထုတ်လုပ်တဲ့ လျှပ်စစ်ကို တစ်နိုင်ငံလုံးသုံးစွဲတဲ့ လျှပ်စစ်ရဲ့ ၃၀ ရာခိုင်နှုန်း အထိရောက်အောင် လုပ်မယ်ဆိုပြီး အစီအစဉ်ချမှတ် ဆောင်ရွက်နေ ပါတယ်။ ဒါကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံပါ။ ဒီလိုပါပဲ အာဆီယံမှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ အခြေ အနေကိုလည်း ပြောပြချင်ပါတယ်။ ဗီယက်နမ်ဟာ အံ့သြစရာပဲ ပြန်ပြည့်မြဲစွမ်းအင်နဲ့ပတ်သက်ရင် ထဲထဲဝင်ဝင်လုပ်လာတာ ၂၀၁၈ ခုနှစ်ကစပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ နှစ်နှစ်အတွင်းမှာ နေရောင်ခြည်ကထုတ်လုပ်တဲ့လျှပ်စစ်ကို မဂ္ဂါဝပ် ၉၃၀၀ အထိရောက်ရှိအောင် ထုတ်နိုင် ခဲ့ပါတယ်။ အဓိကထုတ်နိုင်တာကတော့ အိမ်တွေရဲ့ ခေါင်မိုးပေါ်မှာ ဆိုလာပြားတွေ တင်ပြီး ထွက်လာတဲ့လျှပ်စစ်ကို Grid ထဲကို ရောင်းလို့ရအောင် အစိုးရက စီစဉ်ခဲ့လို့ဖြစ်ပါတယ်။ လူတွေ ဆိုလာမှာရင်းနှီးမြှုပ်နှံနိုင်အောင် ဆိုလာနဲ့ပတ်သက်ပြီး လျှပ်စစ်တွေကို လူတွေဆီက ဝယ်တဲ့အခါမှာ အစိုးရက အထူးဈေးတွေပေးပြီး ဝယ်ခဲ့ပါတယ်။ ဆိုလိုတာက ဈေးပိုပေးပြီးဝယ်ခဲ့တယ်။ ၂၀၃၀ ပြည့်နှစ်ဆိုရင် လေအားကနေ ဗီယက်နမ်နိုင်ငံက မဂ္ဂါဝပ် ၂၀၀၀ ထုတ်ဖို့အတွက် ပြင်ဆင်ထားပါတယ်။ ဆိုလာကနေ မဂ္ဂါဝပ် မြောက်မြားစွာ ထုတ်ဖို့အတွက် အကြမ်းဖျင်းအားဖြင့် ၁၈၆၀၀ မဂ္ဂါဝပ်လောက် ထုတ်ဖို့အတွက် ဗီယက်နမ်ဟာ ပြင်ဆင်နေပါတယ်။ ဒါတခြား မဟုတ်ပါဘူး ဗီယက်နမ်နိုင်ငံမှာရှိတဲ့ စက်ရုံခေါင်မိုးတွေပေါ်မှာ ဆိုလာပြားတွေတပ်ပြီး လျှပ်စစ်တွေ ထုတ်လုပ်နေတဲ့ ပုံဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း နောက်ပိုင်းရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံမှာလုပ်မယ်ဆိုရင် တည်ဆောက်တဲ့ စက်ရုံတွေရဲ့ ခေါင်မိုးပေါ်မှာ အခုလိုဆိုလာပြားတွေကို မဖြစ်မနေတပ်ရမယ်ဆိုတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ လုပ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ သူတို့နိုင်ငံမှာရှိတဲ့ ဆည်ကြီးတစ်ခုထဲမှာ မြေနေရာရှားပါးမှုကြောင့် ရေပေါ်ဆိုလာတွေ တည်ဆောက်ထားတဲ့ပုံဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရေအားလျှပ်စစ်တွေ အလွန်များပါတယ်။ ဒါကြောင့် ရေအားလျှပ်စစ်တွေထုတ်လုပ်ဖို့အတွက် ဆည်တွေတည်ဆောက်ရပါတယ်။ အဲ့ဒီဆည်တွေက ရေပေါ်မှာလည်း ဗီယက်နမ်နိုင်ငံ လုပ်သလို ဆိုလာပြားတွေတင်ပြီး ရေပေါ်ဆိုလာကနေ လျှပ်စစ်တွေထုတ်ဖို့ စီစဉ်သင့်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နှစ်နှစ်အတွင်းမှာ ပြန်ပြည့်မြဲစွမ်းအင်ကို ဘယ်လောက်တောင် အားထုတ်ခဲ့သလဲ၊ အားစိုက်ခဲ့သလဲဆိုရင် ကမ္ဘာပေါ်မှာ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုနေ တဲ့နိုင်ငံ ၁၀ နိုင်ငံမှာ ဗီယက်နမ်ပါလာခဲ့ပါတယ်။ ဒီဇယားလေးကို ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ပြန်ပြည့်မြဲစွမ်းအင် အများဆုံး သုံးနေတာဟာ တရုတ်နိုင်ငံဖြစ်နေတာကို တွေ့ရပါတယ်။ တရုတ်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ မိတ်ဖက် နိုင်ငံလည်း ဖြစ်တဲ့အတွက်ကြောင့် တရုတ်ဆီက ဆိုလာနဲ့ ပတ်သက်တဲ့ အကူအညီတွေအများကြီးယူသင့်ပါတယ်။ ပူးပေါင်းလုပ်သင့် ပါတယ်။ ဗီယက်နမ်နိုင်ငံဟာနှစ်နှစ်အတွင်း ဆိုလာတွေ အထူးအောင်မြင်သွားတယ်ဆိုတာ တရုတ်ရဲ့အကူအညီကြောင့်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နေရောင်ခြည်စွမ်းအားနဲ့ ပတ်သက်ပြီး ဘယ်အခြေအနေရှိသလဲဆိုတာက ကျွန်တော်တို့နိုင်ငံမှာ Off-Grid လို့ခေါ်တဲ့ Grid နဲ့ချိတ်မထားတဲ့ဆိုလာကထုတ်တဲ့လျှပ်စစ်ဟာ ၁၀ မဂ္ဂါဝပ်လောက်ပဲရှိပါတယ်။ အိမ်တွေမှာသုံးနေတဲ့ ဆိုလာလျှပ်စစ်ကတော့ ၃၄ မဂ္ဂါဝပ်လောက်ပဲရှိပါတယ်။ Grid နဲ့ချိတ်ထားတဲ့ ဆိုလာကတော့ မင်းဘူးမှာရှိတဲ့ ဆိုလာလျှပ်စစ် ထုတ်နေတဲ့ နေရာက ၄၀ မဂ္ဂါဝပ်ချိတ်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် ဆိုလာနဲ့ လျှပ်စစ်ထုတ်တာ တော်တော်လေးနည်းနေတာကို တွေ့ရပါတယ်။ ဒါကတော့ ဆိုလာနဲ့ပတ်သက်ပြီး ဆရာတို့ကို ကျွန်တော်ပြောသွားတာဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်ကထုတ်လိုက်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ကောင်းကျိုးတွေကို ဝေမျှချင်ပါတယ်။ လောင်စာဖိုးမရှိတဲ့ အတွက် ကြောင့် လောင်စာတွေ တင်သွင်းနေရတဲ့ ဒုက္ခကနေကင်းဝေးသွားပါလိမ့်မယ်။ လောင်စာတွေတင်သွင်းနေရတဲ့ ကုန်ကျစရိတ်တွေ သက်သာသွားပါလိမ့်မယ်။ ဆိုလာကိုသုံးတဲ့အတွက် လေထုညစ်ညမ်းမှုနည်းလမ်းမရှိပါဘူး။ Grid နဲ့ချိတ်သုံးမှာမဟုတ်ပါဘူး။ ကွန်ရက်မရောက်သေးတဲ့ ရွာတွေ၊ မြို့တွေမှာလည်း Off-Grid ဆိုလာတွေနဲ့ လျှပ်စစ်ပေးလို့ရပါတယ်။ ဆိုလာနဲ့ လျှပ်စစ်ထုတ် လို့ရပါတယ်။ မြစ်ရေတင်တဲ့နေရာမှာ ကောင်းကောင်းသုံးလို့ရပါတယ်။ လျှပ်စစ်ကားတွေအတွက် သုံးလို့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံမှာ ဆိုလာနဲ့ လျှပ်စစ်ထုတ်နိုင်တဲ့နေရာတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်အခုပြထားတဲ့ မြေပုံကတော့ ဆိုလာနေရောင်ခြည်ရရှိတဲ့ မြေပုံဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆိုလာနဲ့ပတ်သက်ပြီး လျှပ်စစ်ထုတ်ခဲ့မယ်ဆိုရင် မဂ္ဂါဝပ်ပေါင်း ၂၆၀၀၀ ကျော် ထုတ်နိုင်တယ်လို့ တွက်ချက်မှုတွေလုပ်ထားချက်အရ သိနိုင်ပါတယ်။
နောက်တစ်ခုကတော့ လေအားဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လေအားနဲ့ပတ်သက်ပြီး ယခုအချိန်ထိ လျှပ်စစ်ထုတ်တဲ့ နေရာတွေ မရှိသေးဘူးလို့ သိရပါတယ်။ ဒီပုံလေးက တခြားမဟုတ်ပါဘူး။ နယ်သာလန်နိုင်ငံက ပင်လယ်ထဲမှာ လေအားလျှပ်စစ် ထုတ်ဖို့အတွက် လေရဟတ်တွေ တည်ဆောက်ထားတဲ့ပုံ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာ ပင်လယ်ထဲက လေအားလျှပ်စစ်တွေ ထုတ်တာဟာ တော်တော်အောင်မြင်နေပါပြီ။ ကျွန်တော်တို့နိုင်ငံဟာ ရေရှည်မှာပင်လယ်ထဲက လေအားကနေ လျှပ်စစ်ထုတ်တာကို လည်း အခုကတည်းကစတင်ပြီး အစီအစဉ်တွေဆွဲသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ ထောင်စုနှစ်ရည်မှန်းချက်မှာ နံပါတ်(၇) ရည်မှန်းချက်က ကျွန်တော် တို့ဟာ သင့်တင့်သောဈေးနှုန်းနဲ့ ကာဗွန်ထုတ်လုပ်ခြင်း ကင်းစင်သောလျှပ်စစ်များကို ထုတ်လုပ်ကြမယ်လို့ နိုင်ငံတိုင်းက သဘောတူ ထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံအနေဖြင့်လည်း ကာဗွန်ကင်းစင်တဲ့ လျှပ်စစ်ကိုထုတ်လုပ်ဖို့ တာဝန်ရှိပါတယ်။ ကုလသမဂ္ဂ ရဲ့ ထောင်စုနှစ်ရည်မှန်းချက်ပြည့်မီအောင် ကျွန်တော်တို့လည်း လုပ်ရမှာဖြစ်ပါတယ်။ အဲ့လိုလုပ်ဖို့အတွက် အခု ကျွန်တော်ပြောခဲ့တဲ့ နေရောင်ခြည်ကထုတ်လုပ်တဲ့ လျှပ်စစ်တွေ၊ လေအားကနေထုတ်လုပ်တဲ့ လျှပ်စစ်တွေ၊ ကျွန်တော်တို့နိုင်ငံမှာတော့ ရေအားက ထုတ်တဲ့ လျှပ်စစ်တွေ တော်တော်များများထုတ်ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဆိုလာလျှပ်စစ်၊ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာနိုင်ဆွေဦးက စပြီးဆွေးနွေးပေးပါခင်ဗျ။
ဒေါက်တာနိုင်ဆွေဦး။ ။ ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဖလော်ရီရေးခဲ့တဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အဲဒါက National Security: Imperatives and Challenges စာအုပ်ဖြစ်ပါတယ်ဆရာ။ အဲဒီစာအုပ်မှာ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အမျိုးသား လုံခြုံရေးလို့ခေါ်တဲ့ National Security မှာ ပါဝင်တဲ့အခြေခံအချက် ၁၅ ခုပါရှိပါတယ်ဆရာ။ ဒီထဲမှာဘာပါလဲဆိုတော့ နံပါတ် (၇) နေရာမှာ Energy Security ဆိုတာပါပါတယ်ဆရာ။ အခု ကျွန်တော်တို့ လက်ရှိကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်Energy ဆိုတာလည်း အရေးပါတဲ့နေရာမှာရှိတဲ့အတွက် နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အမျိုးသားလုံခြုံရေးမှာ ထည့်သွင်းထား တာတွေ့ရပါတယ်ဆရာ။ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုံခြုံဖို့ဆိုလျှင် ဒါဟာလည်းအရေးပါတဲ့ အချက်တစ်ချက်ဖြစ် တယ်ဆိုတာ ကျွန်တော် တွေ့ပါတယ်ဆရာ။ လက်ရှိကမ္ဘာမှာ စွမ်းအင်ကိုသုံးတဲ့နေရာမှာ သမားရိုးကျသုံးတာလည်းရှိတယ်။ သမားရိုး ကျ မဟုတ်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်ဆရာ။ ဥပမာ-သမားရိုးကျသုံးထားတာဆိုရင် Hydro Power လို့ခေါ်တဲ့ Renewable Energy မှာပါပါတယ်။ Nuclear Power ပါပါတယ် ဆရာ။ သာမန်အပူစွမ်းအင်လည်း သုံးကြပါတယ်ဆရာ။ သမားရိုးကျမဟုတ်တဲ့ Win Power လေစွမ်းအားလည်းပါပါတယ်ဆရာ။ လေအားကိုသုံးမလား။ ဒါမှမဟုတ်လည်း ဆိုလာပါဝါပေါ့ ဆရာရယ်။ ဒါမှမဟုတ်နေအား ကိုသုံးမလား။ ဖွံ့ဖြိုးဆဲနိုင်ငံမှာ အများဆုံးသုံးတဲ့ Bio-Mac လို့ခေါ်တဲ့ သစ်တောထွက်ပစ္စည်းတွေကိုသုံးမလား။ နောက်တစ်ခုက ကမ္ဘာပေါ်မှာ ခေတ်စားနေတဲ့ Titlewave လို့ခေါ်တဲ့ ဒီရေကိုသုံးကြမလား။ နောက် Geo-Thermal ကနေပြီး စွမ်းအင်ကို သုံးမယ်၊၊ လျှပ်စစ်ထုတ်မယ်ဆိုပြီး ကြိုးစားနေတာတွေလည်း မြင်နေရပါတယ်ဆရာ။ မြန်မာနိုင်ငံကို ကြည့်လိုက်တဲ့အခါမှာ Renewable Energy လို့ခေါ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ ကျွန်တော်တို့နိုင်ငံမှာ ပေါပေါများများရှိတယ်ဆိုတာကို တွေ့ရပါတယ်။ အဓိက အားဖြင့် ကျွန်တော်တို့နိုင်ငံမှာ သစ်တောဧရိယာကလည်း ၅၁ ရာခိုင်နှုန်းထိ ဖုံးလွှမ်းနေဆဲဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံမှာ သဘာဝကပေးထားတဲ့ မြစ်ကြီးလေးသွယ်က ကျွန်တော်တို့ဆီမှာရှိတဲ့ တောင်တန်းတွေကိုဖြတ်သန်းပြီး စီးဆင်းနေတာတွေ ရှိပါတယ်ဆရာ။ ဒီကနေပြီးမှ Renewable Energy မှာပါဝင်တဲ့ Hydro Power ကို ထုတ်ယူ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Oil and Gas မှာတော့ Natural Gas သဘာဝဓာတ်ငွေ့ကို ကျွန်တော်တို့မှာ အများကြီး ထုတ်နိုင်တာရှိတယ်။ ဒါပေမဲ့တစ်ချိန်ကျရင် ဒါက တဖြည်း ဖြည်းနည်းသွားမယ့် အနေအထားရှိတယ်ဆိုပြီး တချို့စစ်တမ်းတွေမှာလည်းတွေ့ရှိပါတယ်။ အဲဒီတော့ တခြား Renewable Energy ကို စဉ်းစားတဲ့နေရာမှာ ကျွန်တော်တို့က Hydro Power လို့ခေါ်တဲ့ ရေအားလျှပ်စစ်စွမ်းအင်သည် Clean လည်းဖြစ်တယ်။ သန့်လည်းသန့်ရှင်းတယ်၊ ပြန်လည်ပြည့်ဖြိုးမယ့်ဟာဖြစ်တဲ့အတွက် ဒါကိုရှေ့ကိုဆက်ပြီးသုံးဖို့မြင်လာရတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ စပြီးဖွံ့ဖြိုးနေပြီဖြစ်တဲ့ Solar Energy ကိုလည်း ကျွန်တော်တို့သုံးစွဲဖို့သင့်တယ်။ ဆရာခုနက ပြောခဲ့တဲ့ အထဲမှာပါတယ်။ ကမ်းရိုးတန်းရှည်လျားတဲ့အတွက် Win Energy ပေါ့ဆရာရယ်။ On Show နေရာတွေမှာလည်း သုံးလို့ရ တယ်ဆို တာ တွေ့လာနိုင်နေရပါပြီ။ ၂၀၁၆ ခုနစ်မှာ Renewable Energy ကနေပြီး ၃၃၀၀ မဂ္ဂါဝပ်လောက် လျှပ်စစ်စွမ်းအင် တွေရနေတာ မျိုးတွေရှိပါတယ်ဆရာ။ လက်ရှိမှာ ကျွန်တော်မြင်တာကတော့ ကျွန်တော်တို့သည် Renewable Energy Resources တွေကို စနစ်တကျစီမံခန့်ခွဲပြီး မူဝါဒတွေ သေချာချမှတ်ပြီးတော့မှ လုပ်ဆောင်မယ်ဆိုရင် အနာဂတ် စွမ်းအင်လိုအပ်ချက်ကိုလည်း ပြည့်မီ အောင်လို့ ဖြည့်ဆည်းပေးနိုင်မယ့်အနေအထားရှိတယ်လို့ မြင်ပါတယ်ဆရာ။ ကျွန်တော်တို့ ပတ်ဝန်းကျင် တချို့နိုင်ငံတွေပေါ့ ဆရာရယ် စွမ်းအင်လိုအပ်ချက်များနေပြီး ပြည်ပကနေ တင်သွင်းစရာမလိုဘဲ မိမိမှာရှိတဲ့ Resource နဲ့ပဲ သုံးစွဲလာနိုင်ဖို့ အနေအထား မျိုး ဆက်ပြီးထိန်းပြီးသုံးစွဲနိုင်မယ့် အနေအထားမျိုးရှိမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်ဆရာ။
ဦးကျော်ကျော်လှိုင်။ ။ ဟုတ်ကဲ့ပါဆရာ၊ ဒါကြောင့် ကျွန်တော်တို့တွေမှာ ရှိနေတဲ့ စွမ်းအင်အရင်းအမြစ်တွေကို ကျွန်တော်တို့ အနေနဲ့ သေသေချာချာစနစ်တကျစီမံခန့်ခွဲတတ်ဖို့လိုတယ်။ အင်မတန်ကောင်းပါတယ်။ အဲဒီတော့ ဆရာခင်မောင်ဇော် ဘက်ကနေ ပြီးတော့ စပြီးဆွေးနွေးပေးပါဦးခင်ဗျ။
ဦးခင်မောင်ဇော်။ ။ ကျွန်တော်ဆွေးနွေးချင်တာကတော့ ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energy ရဲ့ တောက်ပတဲ့အနာဂတ်။ တောက်ပတဲ့ အနာဂတ်လို့ဘာလို့ပြောလဲဆိုရင် အဓိကကတော့ တိုးတက်လာတဲ့နည်းပညာတွေကြောင့်ပါ။ ကျွန်တော်တို့ အခု လက်ရှိအားဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ပြောမယ်ဆိုရင် ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့ ရာခိုင်နှုန်းက ၂၄ ရာခိုင်နှုန်းလောက်ရှိ ပါတယ်။ များမကြာတဲ့အနာဂတ် ၂၀၂၄ လာမယ့်သုံးနှစ်အတွင်းမှာကို ၃၀ ရာခိုင်နှုန်းထိ တိုးတက်လာမယ်လို့ တွက်ဆလို့ရပါတယ်။ ထို့အတူပဲ အဲဒီသုံးနှစ်အတွင်းမှာ ဒီပြည့်ဖြိုးမြဲ စွမ်းအင်တွေရဲ့ ကုန်ကျစရိတ်က ၃၅ ရာခိုင်နှုန်းလောက် လျော့ကျသွားမယ်လို့ တွက်ဆထားနိုင်ပါပြီ။ ဘာကြောင့်လဲဆိုတော့ နည်းပညာတိုးတက်လာမှုတွေကြောင့်ပါ။ အထူးသဖြင့် စောစောကဆွေးနွေးသွားတဲ့ Solar Energy ပေါ့၊ နေရောင်စွမ်းအင်။ အဲဒီမှာဆိုရင် အဓိကကျတဲ့အစိတ်အပိုင်းနှစ်ခုက ဆရာတို့ဆွေးနွေးတဲ့အတိုင်းပေါ့၊ Solar Panels ဂျပ်ပြားတွေရဲ့တန်ဖိုး၊ နောက်တစ်ခုက Solar ဆိုတဲ့နေရောင်ပေါ့၊ နေရောင်တို့၊ Win Energy တို့၊ လေတို့က အမြဲတမ်းမရဘူး။ Solar ဆိုရင် မနက်ပိုင်း၊ နေ့လယ်ပိုင်းတို့ရမယ်။ ညကျရင်မရဘူး။ သို့သော် မနက်ပိုင်း၊ နေ့လယ်ပိုင်းကျရင် မိုးအုံ့တဲ့အခါတွေရှိတယ် ဆိုတော့ ဒီလိုမျိုး တောက်လျှောက် Consiste မဖြစ်တဲ့ Energy Resource တွေမှာ အဓိကဘယ်ဟာသွားပြီး အရေးကြီး လာလဲဆို တော့အဓိက Battery။ အဲဒီတော့ Battery သည် အားလုံးသိကြတဲ့အတိုင်းပဲ ဒီခေတ် Battery မှာ အထိရောက်ဆုံးက Li-ion Battery ဆိုပြီး ကျွန်တော်တို့ အားလုံးသိကြပါတယ်။ ဆရာတို့အခုသုံးနေတဲ့ Laptop တွေ Telephone လေးတွေကအစ နောက်ဆုံး မော်တော် ကားတွေကအစ EV တွေအထိဒါပေမဲ့ အဲဒီ Lithium Battery သည် ဆိုဒ်အကြီးကြီးလုပ်လို့မရသလို ဈေးနှုန်းလည်း တော်တော်ကြီး တယ်။ အခုက MIT ကနေစပြီး တီထွင်လိုက်ပြီးတော့ နောက် AMbri တို့ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ Liquid Metal Battery ဆိုတာပေါ်လာပါတယ်။ Liquid Metal Battery သည် အားလုံးပေါင်းလိုက်လို့ရှိရင် Container Side လောက်ထိ စုစည်းပြီး လုပ်လို့ရတယ်။ ဆိုလိုတဲ့သဘောက Watt သေချာပြောရင်လည်း တစ်မဂ္ဂါဝပ်လောက်ထိလုပ်လို့ရတယ်။ နောက်တစ်ခုက ကုန်ကျ စရိတ်မှာလည်း အင်မတန်ထိရောက်ပါတယ်ဆိုတဲ့ Lithium Battery တောင်မှ One Watt ကို ၄၀ ဆင့်လောက် ကျတယ်။ သို့သော် နောက်ဆုံးထွက်လာတဲ့ Liquid Metal Battery သည် ၁၄ ဆင့်ပဲကျတယ်ဆိုတော့ တော်တော်ကို ကွာသွားတာပေါ့။ ဒီလိုမျိုး ဈေးနှုန်းတွေလျှော့ချတဲ့ အပိုင်းတွေလည်းရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ Solar Panicen ရဲ့ ဈေးနှုန်းကျဆုံးမှုက အလွန်ကို လျင်မြန်ပါတယ်။ One Watt ကို ၆၀ ဆင့်(.6) Dollar ကျတယ်။ ဒါပေမဲ့ ကျွန်တော်တို့သုံးနေတဲ့ Meterial တွေအစားထိုး Meterial သုံးလာရင် 1 Watt ကို ဆင့် ၃၀ ထိ ၂၀၂၄ လောက်မှာဆင်းသွားမှာဖြစ်ပါတယ်။ အဲလိုနည်းပညာတွေက တောက်လျှောက် တိုးတက်ဖြစ်ပေါ်နေပါတယ်။ ဒီလိုပဲ Win Energy လေအားနဲ့ပတ်သက်လာရင် စောစောက ဆရာဦးကျော် ကျော်လှိုင် ပြခဲ့သလိုပေါ့။ အခုလက်ရှိ တာဘိုင်ကြီးတွေက တိုင်အရှည်ကြီး ထိပ်မှာပန်ကာတပ်ပြီး Horizontal Shaft လို့ခေါ်တဲ့ ပင်မလည်တဲ့ Shaft ချောင်းက ပြင်ညီဖြစ်နေတယ်။ အဲဒါကိုပြောင်းပြန်လှန်ခေါ်ပြီး Vertical Shaft တီထွင်လာပါတယ်။ Vertical Shaft ဖြစ်တဲ့အတွက် Mechanial Loss မဖြစ်တော့ဘူးပေါ့။ ပြင်ညီကနေဒေါင်လိုက်ကို ပြန်ပြောင်းတဲ့ဂီယာမရှိတော့တဲ့အတွက် ဒဲ့တိုင်ကိုလည်နိုင်တဲ့အတွက် Loss တော်တော်လေးနည်းသွားတယ်။ နောက်တစ်ခုက Propeller Blade တွေရဲ့ Size ကပိုကြီးလို့ရတယ်။ အမြင့်ကလည်း တိုင်ကြီးကို သိပ်ပြီးမြင့်စရာမလိုဘူး။ နောက်တစ်ခါထုတ်တဲ့ Generator ကလည်း မြေကြီးမှာထားလို့ရတယ်။ Center Of Gravity တိုင်တွေ လဲသွားမှာကိုလည်း မစိုးရိမ်ရတော့ဘူးပေါ့။ နည်းပညာတွေက ဘက်စုံ၊ နေရာစုံမှာ တိုးတက်နေပါတယ်။ တိုးတက် နေတဲ့အတွက် ကျွန်တော်တို့ရည်မှန်းထားတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့ကဏ္ဍ ပိုပြီးတော့ လျင်လျင်မြန်မြန်ကြီးထွားလာဖို့ပဲ ရှိပါတယ်။
ဦးကျော်ကျော်လှိုင်။ ။ ဟုတ်ကဲ့ပါ ဆရာခင်မောင်ဇော်၊ ဆရာကတော့နည်းပညာကို ဇောင်းပေးပြီးပြောသွားပါတယ်။ ကျွန်တော် တို့လည်း အချိန်အကန့်အသတ်ကြောင့် ပထမပိုင်းလေးကို ခဏလေးဒီမှာပဲရပ်နားပါမယ်။ ။
လဲ့ရည်လှိုင်