ဆွမ်ပရာဘွမ်မြို့နယ်၌ COVID-19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းဘေး ချစ်သူတံတားအနီး၌ COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်သည်။

အဆိုပါစစ်ဆေးရေးဂိတ်၌ COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ခရီးသွားပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စေရန် နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ၊ မရှိစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ နေရပ်လိပ်စာနှင့်သွားရောက်သည့် ခရီးစဉ်များအား မှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း COVID-19ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင်၌ စစ်ဆေးရေးဂိတ်ထားရှိကာ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဝင်ရောက်လာသူများအား  ကျန်းမာရေး စစ်ဆေးပေးခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များ ပြောကြားခြင်းတို့ကို မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ 

ကုဋေ(ဆွမ်ပရာဘွမ်)