ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန်ရည်ရွယ်၍ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက မင်းဘူးခရိုင် မန်းသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ဖီဒါ(၁)ဖြင့် လျှပ်စစ်ဓာတ်အားရယူအသုံးပြုသော ၃၃ ကေဗွီပွင့်ဖြူ ဓာတ်အားလိုင်းတစ်လျှောက် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော်၏ ဦးဆောင်မှုဖြင့်  လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများကယိုင်နဲ့နေသောလျှပ်စစ်ဓာတ်တိုင်များအား ပြန်လည်တည့်မတ်ခြင်း၊ ကြွေသီးဟောင်းများ လဲလှယ်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို လုပ်ဆောင် ကြသည်။

ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိရေးအတွက် ဓာတ်အားလိုင်းကြံ့ခိုင် ကောင်းမွန်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ် အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကိုလည်း ဘဏ္ဍာနှစ်အလိုက် ကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထို့ပြင်ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ လျှပ်စစ်အန္တရာယ်ကင်းဝေး စေရေးအတွက် လျှပ်စစ်မီးစနစ်တကျသုံးစွဲနည်းနှင့်ပတ်သက်သော အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံ မှ သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)