စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အပိုင်း(၂)

စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အပိုင်း(၂)

ဦးကျော်ကျော်လှိုင်။        ။ ပထမပိုင်းမှာ ဒေါက်တာနိုင်ဆွေဦးကနေပြီးတော့ စွမ်းအင်ဆိုတာတိုင်းပြည်အတွက် အင်မတန် အရေးကြီးတယ်။ နိုင်ငံတော်လုံခြုံရေးအတွက် စွမ်းအင်အရေးကြီးတယ်ဆိုတာကို ဇောင်းပေးပြီး ဆွေးနွေးခဲ့ပါတယ်။ ဆရာ ခင်မောင်ဇော်ကတော့ နည်းပညာတွေအလွန်ပဲတိုးတက်လာတယ်။  ရှေ့လျှောက်လည်း နည်းပညာတွေက တစ်ရှိန်ထိုးတိုးတက် လာတာနှင့်အမျှ ပစ္စည်းတန်ဖိုးလည်းကျလာမယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း နိုင်ငံတော်ဝန်ကြီးချုပ်က အမြော်အမြင်ကြီးစွာနဲ့ နေအားကနေလျှပ်စစ်ထုတ်ဖို့၊ ရေအားကနေ လျှပ်စစ်ထုတ်ဖို့၊ လျှပ်စစ်ကားတွေသုံးစွဲဖို့၊ အများကြီး လမ်းညွှန်သွားပါတယ်။ ခေါင်းဆောင်ကတော့ အမြော်အမြင်ရှိစွာနဲ့ Vision ပဲပေးမှာဖြစ်ပါတယ်။ အောက်ကဝန်ကြီးဌာနများ၊  သက်ဆိုင်ရာ ဝန်ကြီးဌာနများက အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင်တွေ ဖွံ့ဖြိုးတိုး တက်လာဖို့အတွက် ဆောင်ရွက်တဲ့အခါ ဘာတွေကများ အဟန့်အတားဖြစ်နိုင်ပါသလဲ  ဆရာဇော်ရေ ဆွေးနွေးပေးပါဦး။

ဦးခင်မောင်ဇော်။ ။ ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင်  စွမ်းအင်ကဏ္ဍဟာ   အင်မတန်အရေးကြီးတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုး တက်မှု ဟာလျှပ်စစ်ဓာတ်အား ထုတ်လွှင့်သုံးစွဲမှုနှင့် တိုက်ရိုက်အချိုးကျတယ်။ ဒါကိုသုတေသနပေါင်းများစွာကလည်း အတည်ပြုထားပြီး သားပါ။  နိုင်ငံတော်အကြီးအကဲကလည်း အမြော်အမြင်ကြီးစွာနဲ့  ပြည့်ဖြိုးမြဲစွမ်းအင်တွေ တိုးတက်ပြီး ထုတ်လုပ်ကြိုးစားသွားဖို့ လမ်းညွှန်မှုပေးသွားပါပြီ။ ဒါကိုဖြစ်မြောက်အောင်လုပ်ဖို့က ဝန်ကြီးဌာနအပါအဝင်နဲ့ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်သွားပြီး  ဝိုင်းလုပ်ရမှာဖြစ်ပါတယ်။ အဲဒီမှာ အစည်းအတားလို့ပြောရရင် ဦးကျော်ကျော်လှိုင် အရင်ပြီးသွားတဲ့ အကြိုဆွေးနွေးပွဲမှာ ကဏ္ဍ နှစ်ခုကို ကျွန်တော်သေချာပြောချင်ပါတယ်။ နံပါတ်  ၁ ကတော့ ဆိုလာ Energy လို့ပြောတဲ့ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှု အခက်အခဲ၊ ဒုတိယက ရေအားလျှပ်စစ်ဖြစ်ပါတယ်။ ရေအားလျှပ်စစ်သည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍခုနစ်ခုမှာ  ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အများဆုံးကဏ္ဍကိုယူထားတဲ့ ဒီရေအားလျှပ်စစ်ကဏ္ဍဖြစ်ပါတယ်။ ဒီနှစ်ခုမှာ တွေ့ရတဲ့အခက်အခဲလေးတွေကို  ကျွန်တော်မြင်သ လောက်ပြောပြပါမယ်။ အဓိကကတော့ ကျွန်တော်တို့ပြည်သူပြည်သားအားလုံးသိတဲ့အတိုင်းပဲ Solar Panel ချတော့မယ်ဆိုရင် သူတို့ ခင်းရမယ့်မြေနေရာယူပါတယ်။ အဲဒီယူတဲ့မြေက ရယူဖို့ တော်တော်ခက်ခဲပါတယ်။ ကျွန်တော်တို့သိတဲ့အတိုင်း  ကျွန်တော်တို့ ဆီမှာ မြေလွတ်သုံးစွဲမှုရှိရင်ရှိမယ်။ မရှိရင်နေမယ်။ ပိုင်ဆိုင်မှုကတော့ ယူထားကြတယ်။  နိုင်ငံခြားလုပ်ငန်းရှင်တွေဟာ  ဒီမှာလာပြီးတော့ လုပ်တော့မယ်ဆိုရင် ဘယ်ဟာသွားပြဿနာတက်လည်းဆိုတော့  မြေမရှိတာ။  မဂ္ဂါဝပ်ပေါင်းရာနဲ့ချီထုတ်လုပ်မယ်၊ ဆယ်နဲ့ချီထုတ် လုပ်မယ်ဆိုရင် အဲဒီမြေရှာဖို့က ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့က ဆရာဦးကျော်ကျော်လှိုင် စောစောက ဆွေးနွေးသွားသလိုပဲ ဥစ္စာရင်လိုဥစ္စာခဲလုပ်မှ  ကိုယ်ကဖြစ်ချင်နေပြီဆိုရင် ကိုယ်ဖြစ်ချင်တာကိုဖန်တီးမှ ဖြစ်လာမှာပါ။ ဝန်ကြီးဌာနမှာ ထိုင်ပြီးတော့ Authority အာဏာပိုင်အနေနဲ့ မင်းတို့လုပ်ချင်ရင်လာကြ။ မင်းတို့ပြိုင်ကြ။ နိုင်တဲ့လူလုပ်ဆိုတာမျိုးနဲ့တော့ ဒီပြဿနာ ပြေလည်သွားမှာမဟုတ်ပါဘူး။ ဒီမြေယာပြဿနာ အခက်အခဲတွေကိုဝိုင်းရှင်းဖို့၊ တခြားပြဿနာတွေကိုဝိုင်းရှင်းဖို့၊ ဝန်ကြီးဌာန နှစ်ခုသုံးခုပေါင်းပြီးတော့ လုပ်ရပါမယ်။ အဲဒီအပေါ်မှာမှ ဒီဘော်ဒီတစ်ခုခုက MICC လိုမျိုး ဘော်ဒီတစ်ခုခုက ဦးဆောင်ပြီးတော့ ဒီရည်ရွယ်ချက်တွေကို အထမြောက်ဖို့ ပေါင်းစပ်ညှိနှိုင်းဦးဆောင်ပါ။ ဦးဆောင်တဲ့လူပုဂ္ဂိုလ် သို့မဟုတ် ဘော်ဒီ တစ်ခုခုရှိမှ ကျွန်တော်တို့ ဥစ္စာရင်လိုဥစ္စာခဲလုပ်ကြမှ ခုနကဆရာဆွေးနွေးသွားသလို ဆည်တွေ၊ ရေကန်တွေ၊ ရေတွင်းတွေ၊ အဲဒီ လွတ်နေတဲ့ မြေနေရာပေါ်၊ ရေပြင်တွေပေါ်မှာ ခင်းကျင်းသွားနိုင်ဖို့ကအစ ပေါင်းစပ်ညှိနှိုင်းသွားနိုင်ဖို့အရေးကြီးပါတယ်။ ကျွန်တော် ပထမဆုံး တင်ပြချင်တာကတော့ Coordinates လုပ်ရမယ်။ ပေါင်းစပ်ညှိနှိုင်းရမယ်။ အဲဒီလုပ်တဲ့ဘော်ဒီတစ်ခု နိုင်ငံတော် အကြီးအကဲရဲ့ ရည်မှန်းချက်၊ နိုင်ငံတော်ရဲ့ရည်မှန်းချက်ကို တာဝန်ခံပြီးတော့မှ ပုံဖော်တဲ့အစုအဖွဲ့ ဒါမဟုတ် လူပုဂ္ဂိုလ်လိုပါလိမ့်မယ်။ ဒါက နံပါတ် တစ်ဖြစ်ပါတယ်။ နံပါတ်နှစ်က ရေအားလျှပ်စစ်ဖြစ်ပါတယ်။ ရေအားလျှပ်စစ်က ကျွန်တော်တို့သိအောင်ပြောပြရရင် စွမ်းအင် ထုတ်လုပ်မှုအားလုံးမှာ ကုန်ကျစရိတ်အသက်သာဆုံးနှင့် စီးပွားအဖြစ်ဆုံးက ရေအားလျှပ်စစ်ဖြစ်ပါတယ်။ ပြောရလို့ရှိရင် ကျွန်တော်တို့ ပြောနေတဲ့ ကာဗွန်ဘေ့ထုတ်လုပ်မှုထက်  သက်သာပါတယ်။  ရေအားလျှပ်စစ်သည် Gass ရဲ့ထုတ်လုပ်မှုနဲ့ တစ်ယူ နစ် Cost မှာ ၄၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ နောက်တစ်ခါ ညစ်ညမ်းစေတဲ့ ကျောက်မီးသွေးထက်လည်း   ၅၀  ရာခိုင်နှုန်းပဲရှိပါတယ်။ အင်မတန်မှစရိတ်သက်သာတဲ့ရေအားလျှပ်စစ်အတွက် ကျွန်တော်တို့တိုင်းပြည်က ကံကောင်းတာက အင်မတန်မြင့်မားကြီးမားတဲ့ ပင်မတွေရှိပါတယ်။ မြစ်ကြီးလေးသွယ်ရှိသလို၊ သံလွင်မြစ်သည် အင်မတန်မှ နုပျိုပြီး ရေစီးအားကောင်းတယ်။ ပြောရရင် အနိမ့်အမြင့် ကွာခြားမှုတော်တော်ကြီးမားတဲ့ မြစ်တစ်ခုအနေနဲ့ ကျွန်တော်တို့ပိုင်ဆိုင်ထားပါတယ်။ ဒီအပေါ်မှာရှိနေတဲ့ ရေးဆွဲထားတဲ့ စီမံကိန်း တွေ မြန်မြန်ဆန်ဆန်ဖြစ်လာဖို့ကလည်း အတော်အရေးကြီးပါတယ်။ ဒီလုပ်ငန်းတွေကို ရပ်တန့်သွားပြီး တွန့်သွားစေတဲ့ မြစ်ဆုံနဲ့ ပတ်သက်တဲ့ ကိစ္စလေးနည်းနည်းလေး အများပြည်သူသိအောင် နည်းနည်းပြန်မျှဝေပေးချင်ပါတယ်။  ဒီမြစ်ဆုံနဲ့ ပတ်သက်ပြီး တော့ ပွင့်ပွင့်လင်းလင်းပြောတဲ့အပိုင်းအားနည်းလို့လားမသိဘူး။ ပြီးခဲ့တဲ့အစိုးရတာဝန်ရှိတဲ့ ဝန်ကြီးတွေရှင်းလင်းသွားပေမယ့် ပြည်သူ တွေမှာ ရှင်းရှင်းလင်းလင်း မမြင်ဘူးဖြစ်နေတယ်။ ဒီအချိုးအစားခွဲဝေမှုမှာ ကိုယ့်ဘက်ကနစ်နာသလိုမျိုး ခံစားရတဲ့လူတွေလည်း  ရှိပါတယ်။ ဒါကြောင့် နည်းနည်းလေးပိုပြီးတော့ရှင်းသွားအောင် ပြန်ဆွေးနွေးတင်ပြတာပါ။ ဒီသဘောတူညီချက်မှာ ကျွန်တော်တို့ အသားတင်ရတဲ့ ပမာဏက ဘာရလဲဆိုတော့ ထွက်လာတဲ့လျှပ်စစ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းက အလကားရတာ။ နံပါတ်နှစ်က အခွန်အခတွေပါ။ အခွန်အခတွေမှာ အခွန်နှစ်မျိုးရပါတယ်။ ၃ ရာခိုင်နှုန်းက Loyalty Tax လို့ခေါ်ပါတယ်။ ဒီစာချုပ် လက်မှတ်ထိုးတဲ့ အတွက် ပေးရတဲ့ သီးခြား  ၃ ရာခိုင်နှုန်း၊ နောက်ထပ်ပုံမှန် Commercial Tax ကုန်သွယ်ခွန်သည် ၁၀ နဲ့ ၁၅ ကြားမှာရှိပါတယ်။ သဘောက ထုတ်လုပ်လိုက်သမျှအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းရယ် တစ်ဖက်က ၁၀ သို့မဟုတ် ၁၅ + ၁၃။ ၁၃ သို့မဟုတ် ၁၈ ရာခိုင်နှုန်းကြားထဲမှာ အသားတင်ရပါတယ်။ ပြီးတော့မှ  ရှယ်ယာပိုင်ဆိုင်မှုက  ၈၀၊  ၂၀  မှာ နိုင်ငံတော်အစိုးရ ၁၅၊ ကြားထဲက Infrastructure လုပ်ပေးတဲ့ Asia World က ၅ ရာခိုင်နှုန်း။ ဒီအပေါ်မှာလည်းတချို့က Asia World ကဝင်ပြီးတော့ ကော်မရှင်ယူတယ်။ ပွဲစားခယူတယ်ဆိုပြီး ထင်နေတာမျိုးရှိပါတယ်။ Asia World နဲ့ ကျွန်တော်တို့မခင်ပါဘူး။ တကယ်ကတော့ သူ့မှာရှိတဲ့ စက်ယန္တရားနဲ့ လမ်းတွေဖောက်ပေးတယ်။ Infrastructure လုပ်ပေးလို့ သူ့တန်ရာတန်ကြေးရတာပါ။ စီးပွားရေးလုပ်ဖူး သူတိုင်းသိပါတယ်။ အကျိုးအမြတ်ရှယ်ယာတွေဆိုတာ သိပ်မသေချာဘူး။ မြတ်ရင်လည်းမြတ်မယ်။ များများမြတ်ဖို့ကလည်း သိပ်မရှိဘူး။ ရှုံးရင်လည်း ရှုံးနိုင်တယ်။ အဲဒီတော့ ရှယ်ယာကိုင်ထားတဲ့ ၈၀၊ ၁၅၊ ၅ အဲဒီလိုဖြစ်တာထက် အသားတင်ရတဲ့ ၁၀ ရာခိုင်နှုန်း လျှပ်စစ်။ နောက်တစ်ခါ အကောက် အခွန်ရတဲ့  ၁၃  ရာခိုင်နှုန်းနဲ့  ၁၅  ရာခိုင်နှုန်းက အများကြီးမြင့်မားပါတယ်။ ဒါကြောင့် ဒီဟာသည် တရားမျှတမှုရှိတယ်၊ မရှိတယ်။ သူ့ဘက်ကသာတယ်၊ကိုယ့်ဘက်ကသာတယ် ကျွန်တော်မပြောလိုပါဘူး။  International Norm အပြည်ပြည်ဆိုင်ရာ ချုပ်ဆိုကြတဲ့    စာချုပ်တွေနဲ့တိုက်ဆိုင်ပြီးတော့ လေ့လာရင်သိနိုင်ပါတယ်။ ကျွန်တော်မြင်တာက ပြည်သူတွေ အနေနဲ့ နံပါတ်တစ်က အကျိုးတူလုပ်တဲ့အခြေအနေအပေါ်မှာ နောက်တစ်ခုက ဒီ Irrigation နဲ့  Water flflash Control ရေစီး ရေလာ ထိန်းသိမ်းဖို့နဲ့ ရေလျှံမှုအားလုံးဟာ မြန်မာအစိုးရလက်ထဲမှာရှိပါတယ်။ ဒီဘက်က ဝန်ကြီးဌာနရဲ့ အဆုံးအဖြတ် လက်ထဲမှာပဲ ရှိပါတယ်။ ဒီလိုမျိုးဟာကို ရှေ့ဆက်သင့်၊  မဆက်သင့်ဆိုတာသည် တာဝန်ယူနေတဲ့အစိုးရက ဆက်လုပ်သွားရမှာဖြစ်သော်လည်း ပြည်သူတွေမှာ လည်း ရှင်းရှင်းလင်းလင်း ဒါသည်ဖြစ်သင့်၊ မဖြစ်သင့်။ ဒါကို ကန့်ကွက်သင့်၊ မကန့်ကွက်သင့်ဆိုတာကို သေချာသိသွားအောင် ကျွန်တော် ကြားထဲကနေ တင်ပြပေးတာပါ။ အကယ်၍များ  ရေအားလျှပ်စစ်သည်ရှေ့ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသည် သံလွင်မြစ်ပေါ်က စီမံချက်ချထားတဲ့ စီမံကိန်းကြီး ခုနစ်ခု၊ ရှစ်ခုလောက်နဲ့တင် ဖွံ့ဖြိုးတိုးတက်ကြီးပွားတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်လာ နိုင်ပါတယ်။

ဦးကျော်ကျော်လှိုင်။        ။ ဆရာဇော်ခုနကပြောသွားတဲ့အထဲမှာ  ဒီစီမံကိန်းတွေကို  အကောင်အထည်ဖော်တဲ့အခါမှာ ဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲနဲ့ ဝန်ကြီးဌာနများပူးပေါင်းပြီး အဖွဲ့တစ်ခုက အကောင်အထည်ဖော်ရင် ပိုပြီးတော့အောင်မြင်မယ်လို့ ပြောသွား ပါတယ်။ ကျွန်တော်အလွန်သဘောကျပါတယ်။ ကျွန်တော် ဒေါက်တာနိုင်ဆွေဦးဘက်ကို  လှည့်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့နိုင်ငံမှာ ကောင်းနေတဲ့အချက်တစ်ချက်ကတော့ ဥပမာ-ရေအားတွေရှိတယ်။ ကျွန်တော်တို့သာ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် ကို များများထုတ်နိုင်မယ်ဆိုရင် နေ့လယ်နေပူနေတဲ့အချိန်မှာ နေရောင်ခြည်ကထွက်တဲ့ လျှပ်စစ်တွေကို ကျွန်တော်တို့သုံးမယ်။ ညရောက်သွားတော့ နေမပူတဲ့အချိန်မှာ ရေအားကနေပြီး လျှပ်စစ်ကို ကျွန်တော်တို့သုံးမယ်ဆိုရင် ဒီနှစ်ခုဟာတစ်ခုနဲ့တစ်ခု အထောက် အကူပြုနေတာဟာ ကျွန်တော်တို့နိုင်ငံအတွက် ကောင်းခြင်းတွေကိုပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်နောက်တစ်ခုလည်း စဉ်းစားမိတယ်။ ကျွန်တော်တို့နိုင်ငံမှာ နေ့လယ်ဘက်မှာ လျှပ်စစ်ကိုအသုံးများတယ်။ ညဘက် အချို့အချိန်ကာလတွေမှာ လျှပ်စစ် သုံးတာဟာ ကျွန်တော်တို့အသုံးနည်းတယ်။ လျှပ်စစ်ရဲ့ ၁ ယူနစ်၏ အခွန်အခနှုန်းထားတွေကို တစ်သမတ်တည်း ကျွန်တော်တို့ ကောက်နေပါတယ်။အဲ့ဒီတော့ ညဘက် လူသုံးနည်းတဲ့အချိန် လျှပ်စစ်တွေပိုနေတဲ့အချိန်၊ တချို့အချိန်တွေမှာ လျှပ်စစ်ကို ကျွန်တော်တို့ လျော့ကောက်တာတွေရော မလုပ်သင့်ဘူးလား။  လူတွေသိပ်သုံးတဲ့အချိန်မှာရော လူတွေရဲ့အသုံးကို လျော့သွား အောင် လျှပ်စစ်ကို ပိုမကောက်သင့်ဘူးလား။ အဲ့ဒါလေးနဲ့ပတ်သက်လို့လည်း ဒေါက်တာ့အမြင်လေးကို သိချင်ပါတယ်။

ဒေါက်တာနိုင်ဆွေဦး။ ။ ဟုတ်ကဲ့ပါဆရာ။ ဆရာပြောလိုက်တဲ့ ဒီလျှပ်စစ်နဲ့ပတ်သက်ပြီးအခွန်အခကောက်ဖို့ဆိုရင် ဒီမှာက ဒါက အသစ်ပေါ့နော်။ အခြားနိုင်ငံတွေမှာတော့ ရှိကောင်းရှိနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်ဆရာ။ ကျွန်တော့်အမြင်ကတော့ ဆရာပြော တာမှန်ပါတယ်။ သုံးစွဲတဲ့လျှပ်စစ်ကတော့ တစ်သမတ်တည်းမဟုတ်ဘူး။ အခုကတော့ သူတို့သုံးစွဲတဲ့ယူနစ်ပေါ်မူတည်ပြီးတော့မှ အခွန်အခတွေကအမျိုးမျိုးကွဲပြားသွားတယ်ဆိုတာတော့ ကျွန်တော်တွေ့ပါတယ်။ ဒီနည်းနဲ့ကောက်နေတာတွေတော့ ရှိပါတယ်။ ကျွန်တော်မြင်တာ ဆရာပြောတာလည်း ဒါကတော့ နည်းလမ်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  ဒါကိုအနာဂတ်မှာထည့်ပြီးတော့မှ ထည့်သွင်းစဉ်းစားသင့်တဲ့  အချက်တစ်ချက်လည်း ဖြစ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ အနာဂတ်မှာတော့ ဒီ Renewable Energy ကိုပဲ ပိုပြီးတော့မှအားထားရမယ့်အနေအထား ဒါမျိုးရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာကြည့်လိုက်ရင် အဓိကကတော့ Hydro Power ရေအားလျှပ်စစ်က အဓိက ပြည့်ဖြိုးမြဲစွမ်းအင်တွေနဲ့ သုံးမလား၊ နောက်ကျရင်တော့ ကျွန်တော်တို့နိုင်ငံမှာ အလျှံအပယ် ပေါများတဲ့ Solar စွမ်းအင်ကိုလည်း  ပိုပြီးတော့သုံးသင့်တယ်လို့မြင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံမယ့် Investment တွေကိုလည်း ရှိကောင်းရှိဖို့လိုတယ်လို့ မြင်ပါတယ်။ အဓိက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ကျွန်တော်လေ့လာမိ သလောက် လေးနေရာမှာ အဓိက သုံးစွဲကြတယ်။ တစ်ခုကတော့ Electricity Generation လို့ခေါ်တဲ့ လျှပ်စစ်ထုတ် တဲ့နေရာမှာ သုံးတယ်။ နောက်တစ်ခုကတော့ လေနှင့်ရေကို အပူပေးတာ၊ အအေးပေးတာတွေမှာသုံးတယ်။ Air and Water Heating and Cooling ဒီမှာသုံးကြတယ်။ နောက်တစ်ခုက Transportation ပေါ့ဆရာ။ နောက်ဆုံးတစ်ခုကတော့ ကျေးလက်ဒေသ တွေမှာရှိတဲ့ လျှပ်စစ်အပြင် အခြားစွမ်းအင် Energy Services ပေးတာဆိုပြီး လေးခုရှိတယ်။  အဲ့ဒီမှာ  ဆက်စပ်ပြီးတော့ ကျွန်တော်တွေးမိတာက  Transportation  နဲ့ပတ်သက်ပြီးဖြစ်ပါတယ်။ ဒါနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာလည်း ပါတယ်။ လျှပ်စစ်ကားတွေသုံးကြဖို့ ဆိုပြီးတော့ပါတာတွေ့ပါတယ်။  ဥပမာပြောရရင် ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတာကတော့  ၂၀၁၇ လောက်မှာ ကျွန်တော် တရုတ် နိုင်ငံကိုသွားပြီး လေ့လာချိန်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက Solar နဲ့ပတ်သက်ပြီးတော့ အများဆုံးသုံးတယ်။ ရင်းနှီးမြှုပ်နှံတာလည်း အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။ ဟောင်ဝမ်တစ်ဖက်ကမ်းမှာရှိနေတဲ့ ရှမ်ကျန်းမြို့ကိုရောက်တဲ့အချိန်မှာ ကြည့်လိုက်တော့ တစ်မြို့လုံးမှာရှိတဲ့ အငှားယာဉ်တွေအကုန်လုံးက လျှပ်စစ်စွမ်းအင်သုံး Battery နဲ့သုံးတဲ့ ကားတွေဖြစ်နေတာကို မြင်ပါတယ်။ အခြား Transportations တွေဖြစ်တဲ့  Tram လိုဟာမျိုးတွေကလည်း လျှပ်စစ်စွမ်းအင်သုံးတာတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မြင်ရပါ တယ်။ ဆက်စပ်ပြီးတော့စဉ်းစားမိတာက ကျွန်တော်တို့နိုင်ငံမှာလည်း ဒါကတစ်ချိန်ကျရင်လိုတယ်။ ဒါကလျှပ်စစ်ကား (EV)တွေကို ပိုပြီးတော့ ပေါပေါများများသုံးလာဖို့ လိုတယ်ဆိုတာမြင်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်မြင်တာက လျှပ်စစ်ကားတွေ ပေါပေါများ များသုံးလာဖို့ဆိုရင် မိမိပြည်တွင်းမှာတင် ထုတ်လုပ်တာတင်မကဘဲ ပြည်ပတင်သွင်းမယ်ဆိုရင်လည်း ဒါနဲ့ပတ်သက်တဲ့ အထူးအခွန် အခတွေ လျှော့ချပေးဖို့လိုတယ်လို့ မြင်ပါတယ်။ အခြားနိုင်ငံမှာက ဒီလျှပ်စစ်ကားတွေသုံးမယ်ဆိုလျှင် ဒါကိုဝယ်ယူတဲ့အတွက် အခွန်အခတွေကို လျှော့ချပေးတယ်ဆိုတာ တွေ့ရပါတယ်။ လက်ရှိအခြေအနေမှာကတော့ ကျွန်တော်မြင်တာက လျှပ်စစ်ကား စစ်စစ် မသုံးနိုင်သေးရင် Hybrid ပေါ့ဆရာရယ် လျှပ်စစ်နဲ့ ဓာတ်ဆီ၊ ဒီဇယ်အင်ဂျင်သုံးတဲ့ကားတွေဆိုလျှင် အခွန်အခလျှော့ချ ပေးသင့်တယ်။ နောက်မှ ကျွန်တော်တို့က ဒီလျှပ်စစ်စွမ်းအင်ကို ပိုမိုရရှိလာတာနဲ့အမျှ လျှပ်စစ်ကားတွေကို ပိုမိုသုံးစွဲလာမယ်ဆိုရင် ဒီကားတွေကိုလည်း အခွန်အခလျှော့ချပေးတဲ့ မူဝါဒတွေလည်းရှိသင့်တယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်ထင်တာက အဲ့ဒီလိုမူဝါဒတွေမရှိသေးဘူးလို့ ကျွန်တော်မြင်ပါတယ်။

ဦးကျော်ကျော်လှိုင်။  ။ ဆရာတို့နဲ့ဆွေးနွေးတာကလည်း အလွန်ကောင်းပါတယ်။ ပြန်ပြည့်မြဲစွမ်းအင်ဆိုတာဟာ တစ်ကမ္ဘာလုံးက လည်း ဒီလမ်းကြောင်းကိုပဲ သွားနေကြပြီ။ အဲ့ဒီတော့ ဒီလမ်းကြောင်းနောက်ကို ပဲကျွန်တော်တို့က လိုက်ဖို့လိုတယ်။ နိဂုံးချုပ်အနေနဲ့ ဆရာခင်မောင်ဇော်ကပဲ စပြီးတော့ ကြည့်ရှုနေတဲ့ပရိသတ်အတွက် နိဂုံးချုပ်စကားလေးပြောပေးပါ။

ဦးခင်မောင်ဇော်။ ။ ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့ကဏ္ဍကို နိုင်ငံတော်အစိုးရ၏ ဦးစားပေးတစ်ခုအနေနဲ့ ရာခိုင်နှုန်း တဖြည်းဖြည်း မြင့်မားလာ အောင် ကြိုးစားပြီးလုပ်သွားမှာကတော့ နိုင်ငံတော်အကြီးအကဲ၏ မူဝါဒဖြစ်တာကြောင့်  သေချာပါတယ်။ ဒီဟာတွေကိုလုပ်လာရင် တစ်ဖက်ကလည်းပြန်ကြည့်ရင်တော့  တစ်ယူနစ်ချင်း ထုတ်လုပ်မှုစရိတ်ကလေးကတော့  အကယ်၍များ ရေအားကိုထိထိ ရောက် ရောက်  မလုပ်နိုင်ဘူးဆိုရင် နည်းနည်းတက်လာနိုင်တယ်။ ဒီပေါ်မှာ ကျွန်တော်တို့က  ၁  ယူနစ်ရာခိုင်နှုန်းတက်လာတာကို ထိန်းသိမ်း ဖို့ကျတော့လည်း လျှပ်စစ်လုပ်ငန်းရဲ့သဘာဝက အကျိုးအမြတ်များများယူရတဲ့ လုပ်ငန်းမဟုတ်ပါဘူး။ နိုင်ငံတကာမှာ လုပ်တာက တော့ SPV လို့ခေါ်တဲ့ Special Purpose Vehicle ကုမ္ပဏီတစ်ခုအနေနဲ့ ထူထောင်ကြပါတယ်။ ဆိုလိုတဲ့သဘောက ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး  အကယ်၍များ  နစ်နာမှု၊  အစိုးရစိုက်ထုတ်မှုတွေရှိခဲ့ရင် ဒါကိုဘာနဲ့ဘယ်လို ပြန်ချေမလဲဆိုတဲ့၊ စီးပွားရေးဆန်ဆန် ဘယ်လိုလုပ်မလဲဆိုတဲ့ ဒီ SPV Model တစ်ခုကို တည်ဆောက်ရပါတယ်။ နောက်တစ်ခုက ကျွန်တော်ဒီနေရာကနေပြီး မေတ္တာရပ်ခံ တင်ပြချင်တာကတော့ လျှပ်စစ်လုပ်ငန်းဆိုတာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နိုင်ငံတော်ကပဲပိုင်ပါတယ်။ သို့သော် နိုင်ငံတော်၏ ပိုင်ဆိုင်မှု လက်အောက်မှာ စီမံခန့်ခွဲမှုကတော့ ပြည်သူ့ဝန်ထမ်းတွေနဲ့လည်ပတ်နေသမျှ စီမံခန့်ခွဲမှုက မထိရောက်နိုင်ပါဘူး။ ဆိုတော့ပြည်သူ့ လုပ်ငန်းတွေနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကို လည်ပတ်တယ်ဆိုတာလည်း ကမ္ဘာပေါ်မှာမရှိတော့ပါဘူး။ အဲ့ဒီလိုဖြစ်တဲ့အတွက် နိုင်ငံပိုင်လျှပ်စစ်လုပ်ငန်းကြီးကို Professional တကယ်ကျွမ်းကျင်တဲ့ စနစ်တကျ ငှားရမ်းတာဝန်ပေးပြီးတော့ နိုင်ငံတော် အစိုးရ အနေနဲ့က သူတို့ရဲ့ဆောင်ရွက်ချက်ကိုစောင့်ကြည့်အကဲဖြတ်အမှတ်ပေးပြီးမှ  ဒီစီမံခန့်ခွဲမှုကို  ဆက်ခန့်သင့်၊ မခန့်သင့်။ လဲသင့်၊  မလဲသင့် ဒီလိုမျိုး Government နေရာကနေလိုက်ရင်၊  ဒီလိုမျိုး  Professional စီမံခန့်ခွဲမှုတစ်ခုပေါ်လာရင် ကျွန်တော်တို့ လိုချင်တဲ့ ရည်မှန်းချက်တွေအကုန်လုံး ပေါက်မြောက်သွားအောင် အဲဒီစီမံခန့်ခွဲမှုက လုပ်သွားပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရေး၊  ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့ကဏ္ဍတိုးမြှင့်ရေး၊  ပြည်သူတွေသက်သာချောင်ချိစွာနှင့် မျှတစွာဈေးနှုန်းတွေနဲ့ ရရှိရေးဆိုတာကို စီမံခန့်ခွဲမှုက လုပ်သွားပါလိမ့်မယ်။ အဲ့လိုမျိုးလုပ်သွားနိုင်ရင်တော့ ကျွန်တော်တို့က အတိုင်းထက်အလွန်ပါ။

ဦးကျော်ကျော်လှိုင်။ ။ ကျွန်တော်တို့အစီအစဉ်လေး နိဂုံးမချုပ်ခင် ဒေါက်တာနိုင်ဆွေဦးအနေနဲ့ ကြည့်ရှုနေတဲ့ ပရိသတ်အတွက်ပိတ်ပွဲ Message လေးပြောပေးပါဦး။

ဒေါက်တာနိုင်ဆွေဦး။ ။ ကျွန်တော် နောက်ဆုံးအနေနဲ့ သုံးသပ်ချင်တာကတော့  Renewable Energy ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရဲ့ Geopolitics ဆိုတဲ့ ပထဝီနိုင်ငံရေးအရ အရေးပါပုံလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ဆိုတော့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွေမှာကတော့ Renewable Energy သုံးစွဲမှုနဲ့ပတ်သက်ပြီးတော့မှ သူ့ရဲ့ Impact ဖြစ်တဲ့  ကမ္ဘာကြီးရဲ့  ပထဝီနိုင်ငံရေးကို  ပြောင်းလဲစေလာနိုင်တယ် ဆိုပြီးတော့မှ ကျွန်တော်တို့ ဆွေးနွေးငြင်းခုံလာကြတာတွေ ရှိပါတယ်။ အရင်တုန်းကတော့ Fossil Fuel လို့ခေါ်တဲ့ ဒီရုပ်ကြွင်း လောင်စာသိုက်တွေ ထူထောင်ထားတဲ့နိုင်ငံတွေက ကမ္ဘာပေါ်မှာ သိပ်ပြီးတော့ ချမ်းသာကြတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း နိုင်ငံတွေ ဖြစ်ပါတယ်။ သူကနေပြီးတော့မှ ကမ္ဘာကြီးအနှံ့ကို ဒီရေနံတွေ၊ နောက်ပြီးတော့ တခြားဆက်စပ်ပစ္စည်းတွေ တင်ပို့တဲ့ အချိန်မှာ သူက ကမ္ဘာကြီးရဲ့ Geopolitics ကိုထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးတွေရှိတယ်။ ဥပမာ-ရေနံတစ်စည်ရဲ့ဈေးနှုန်းကို သူတို့စိတ်ကြိုက် အပြောင်းအလဲလုပ်နိုင်တဲ့ အနေအထားမျိုးမှာ ကမ္ဘာကြီးရဲ့ ပထဝီနိုင်ငံရေးအပြောင်းအလဲကို ကိုင်လှုပ်နိုင်စွမ်းရှိ တယ်ဆိုပြီး အရင်တုန်းကရှိတယ်။ ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်းမှာတော့ ဒီပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေရှိတဲ့နိုင်ငံတွေက ပိုပြီးတော့ အင်အားကောင်းလာပြီးတော့မှ ရုပ်ကြွင်းလောင်စာတင်ပို့တဲ့ နိုင်ငံတွေက ပိုပြီးတော့မှ အားနည်းလာတယ်ဆိုပြီး ပြောလာကြတာတွေ လည်းရှိပါတယ်။ ဒီ့ပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာတွေ  ဒါကိုထုတ်လုပ်တဲ့နိုင်ငံတွေက ပိုပြီးတော့ အင်အားတောင့်တင်း လာတယ်ဆိုပြီးတော့ ပြောကြပါတယ်ဆရာ။ အဲ့ဒီအတွက် နိုင်ငံတကာရေးရာ International Affairs ကြည့်လိုက်တဲ့ အခါကျတော့ ရုပ်ကြွင်းလောင်စာတင်ပို့တဲ့နိုင်ငံတွေက တဖြည်းဖြည်းအားနည်းလာပြီးတော့မှ Renewable Energy ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် သုံးတဲ့နိုင်ငံတွေသည်  ပိုပြီးအားကောင်းလာတယ်ဆိုတဲ့ အချက်တွေ့ရပါတယ်။ အညွှန်းကိန်းတစ်ခုရှိတယ်ဆရာ။ Geo Index of Political Games and a lot of Accesses ဆိုတဲ့ Index တစ်ခုမှာကတော့ အကယ်၍များ Renewable Energy ကိုအပြည့်အဝ ပြောင်းလဲသုံးနိုင်မယ်ဆိုရင် ကမ္ဘာကြီးမှာရှိတဲ့ နိုင်ငံပေါင်း ၁၅၆ နိုင်ငံရဲ့ Geopolitical Position ဖြစ်တဲ့ ပထဝီနိုင်ငံရေး အရ ရပ်တည်ပုံ အနေအထားတွေ ပြောင်းလဲသွားနိုင်တယ်ဆိုပြီးတော့ သူတို့ကခန့်မှန်းထားတယ်။ Prediction လုပ်ထား တာတွေလည်း ရှိပါတယ် ဆရာ။ ကျွန်တော်တို့အနာဂတ်မှာကြည့်လိုက်တဲ့အခါကျတော့ Renewable Energy ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင်သုံးတဲ့ နိုင်ငံတွေ သည် ကမ္ဘာပေါ်မှာ တဖြည်းဖြည်း အင်အားတောင့်တင်းလာမယ့် အနေအထားမျိုးရှိတယ်လို့ပဲ သုံးသပ်ရင်း နိဂုံးချုပ်ချင်ပါတယ်။

ဦးကျော်ကျော်လှိုင်။ ။ ကျွန်တော်တို့နိုင်ငံမှာ အခြားနိုင်ငံက  ဒီဇယ်တွေ၊  ဓာတ်ဆီတွေကိုတင်သွင်းနေရတယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံတော်လုံခြုံရေးအတွက်လည်း ဒါဟာကျွန်တော်တို့ သတိထားရမယ့် အချက်လည်း ဖြစ်ပါတယ်။ ဒီလိုပါပဲ ကမ်းလွန်ကနေပြီး တော့ ထွက်လာတဲ့သဘာဝဓာတ်ငွေ့ကို ကျွန်တော်တို့ဓာတ်အားပေးစက်ရုံတွေလည်ပါတယ်။ နောက်တစ်ခါ နိုင်ငံခြားကနေ LNG လို့ခေါ်တဲ့ ဓာတ်ငွေ့ကိုလည်း ကျွန်တော်တို့ကဝယ်ပြီးတော့ ဓာတ်အားပေးစက်ရုံတွေလည်ပါတယ်။ ကျွန်တော်တို့ ကမ်းလွန်က ထွက်နေတဲ့ ဓာတ်ငွေ့ကို ဓာတ်အားပေးစက်ရုံလည်တာကတော့ ကောင်းတဲ့အချက်ဖြစ်ပေမယ့်လို့ နိုင်ငံခြားကနေပြီးတော့ LNG လို့ခေါ်တဲ့ ဓာတ်ငွေ့ကိုဝယ်ပြီး ဓာတ်အားပေးစက်ရုံလည်တာကတော့ ကျွန်တော်တို့ ရှေ့ဆက်သတိထားရမယ့်အချက်တွေလို့ ကျွန်တော်က တော့ ပြောကြားရင်းနဲ့ ကျွန်တော်တို့ရဲ့ဆွေးနွေးပွဲကို ဒီမှာပဲ နိဂုံးချုပ်ချင်ပါတယ်။ ဒေါက်တာနိုင်ဆွေဦးရော၊ ဆရာ ခင်မောင်ဇော်ရော အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။  ။

 

  လဲ့ရည်လှိုင်