ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း

ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း

နှလုံးရုတ်တရက် အတိုက်ခိုက်ခံရခြင်း ရောဂါဟာ ခန္ဓာကိုယ်ထဲဖြစ်မှန်းမသိ ဖြစ်နေနိုင်ပါတယ်။ ဆေးလိပ်သောက်သူများ၊ အဆီအစားများတဲ့သူများ၊ စိတ်ဖိစီးမှုများသူများတွေမှာ ပိုမိုတွေ့ရပါတယ်။ နှလုံးသွေးကြောရောဂါ တစ်ခုဖြစ်ပြီး  အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်နိုင်တာကြောင့် ပေါ့ပေါ့ဆဆ မပြုသင့်ပါဘူး။အချို့လိုက်နာလို့ရတဲ့ အချက်များ လိုက်နာသင့်ပါတယ်။

ကိန်းဂဏန်းများကို  အလေးထားသင့်ပါတယ်။

ကိုယ့်ရဲ့သွေးဖိအား(သွေးပေါင်ချိန်) သွေးအတွင်း ကောင်းတဲ့ အဆီရာခိုင်နှုန်း(HDL%)၊သွေးအတွင်း မကောင်းတဲ့အဆီ၊ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်ရဲ့အလေးချိန်အချိုးဆ (BMI)စတဲ့နံပါတ်တွေ အလေးထားသင့်ပါတယ်။  အဆိုပါ ကိန်းဂဏန်းတွေ ပုံမှန်ရှိရင် နှလုံးကျန်းမာရေးကို စောင့်ရှောက်ပြီးသား ဖြစ်စေပါတယ်။

ထရိုင်ဂလစ်စရိုက်   အဆီဘယ်လောက်ရှိသလဲ ဆိုတာပေါ်မူတည်ပြီး နှလုံးရောဂါနဲ့ သွေးချိုဆီးချို ဖြစ်နိုင်ခြေခန့်မှန်း နိုင်ပါတယ်။ နေထိုင်မှုပုံစံက အထိုင်များလာပြီး နေ့စဉ်နာရီဝက်မှ တစ်နာရီအားကစား တစ်ခုခုမလုပ်သူများ ထရိုင်ဂလစ်စရိုက်က အခြားအဆီတွေထက် သိသိသာသာ ပြောင်းလဲမှုရှိပါတယ်။ကိုယ်အလေးချိန် လျှော့ချတာ သို့မဟုတ် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ပြည့်ဝဆီ လျှော့ချတာတွေပြုလုပ်ပါက သွေးအတွင်း ထရိုင်ဂလစ်စရိုက် ပမာဏကလည်း(၃ဝ ရာခိုင်နှုန်း-၅ဝ ရာခိုင်နှုန်း)ထိ ကျဆင်းသွားတတ်ပါတယ်။

နှလုံးကိုဖိစီးမှု ရှိတာတွေကို လျှော့ချသင့်ပါတယ်။ စိတ်ဖိစီးမှုတွေက သွေးဖိအား(သွေးပေါင်ချိန်)များတာ၊ နှလုံးခုန်များတာနဲ့ စိတ်ဖိစီးမှုများတဲ့  ဟော်မုန်းကော်တီစုန်း(Cortisone)များတာ ဖြစ်စေပါတယ်။  အလုပ်မမြဲခြင်း၊ အလုပ်ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းစတဲ့ စိတ်ဖိစီးမှု တွေလျှော့ချသင့်ပါတယ်။  အလုပ်ခွင်အတွင်း အလုပ်အကြောင်း မစဉ်းစားဘဲ ၁၅   မိနစ်လောက် ကော်ဖီသောက်ရင်း အပေါင်းအသင်းနဲ့ စကားပြောတာ၊ ဖုန်းပြောတာ၊ ဖေ့စ်ဘွတ်ကြည့်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ တရားထိုင်ပုတီးစိပ် တာနေ့စဉ်ပြုလုပ်ပေးသင့်ပါတယ်။

နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း   နာရီဝက်မှ တစ်နာရီ ပြုလုပ်သင့်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းဆိုရာမှာ အပြေး၊လမ်းလျှောက်၊ ရွရွပြေး၊ ရေကူး၊ စက်ဘီးစီးတို့ဖြစ်တယ်။လေ့ကျင့်ခန်း ပုံမှန်လုပ်ပါက ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။သွေးအတွင်းကောင်းတဲ့ ကိုလက်စထရောကိုမြှင့်တင်ပေးတယ်။ တစ်ယောက်တည်းဆိုရင် ပျင်းရိနေတတ်လို့  အဖော်နဲ့နေ့စဉ်နာရီဝက်မှ တစ်နာရီပြုလုပ်သင့်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းက စားသောက်လို့ပိုလျှံတဲ့  ကယ်လိုရီတွေ''ချွေး''အဖြစ် ပြောင်းလဲသွားကာ  အဆီအဖြစ် မစုဆောင်းနိုင်လို့ နှလုံးမှာ၊ သွေးကြောမှာ အဆီဖုံးခြင်း ကင်းစေတယ်။

နေ့လယ်စာနဲ့ညစာတွေ မစားခင်မှာ  သစ်ကြားသီးခြောက်ခု စားသင့်ပါတယ်။  သစ်ကြားသီးမှာ အိုမီဂါ(၃)ပါဝင်ပြီး နှလုံးဝန်းကျင်မှာရှိတဲ့ သွေးလွှတ်ကြောတွေရဲ့  ရောင်ရမ်းမှု လျော့နည်းစေလို့နှလုံး လုပ်ဆောင်မှုကိုကောင်းမွန်စေတယ်။   သစ်ကြားသီးစားသုံးခြင်းက ဆာလောင်မှုကို လျော့နည်းစေတာကြောင့်  အစာအလွန်အကျွံ စားသုံးမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်နှစ်ကြိမ် စားသုံးတာက  သွေးအတွင်းမကောင်းတဲ့ အဆီဓာတ်  လျော့နည်းစေတာတွေ့ရပါတယ်။

ဆေးလိပ်ဖြတ်သင့်ပါတယ်။ဆေးလိပ်သောက်သုံးတာဟာ နှလုံးရောဂါဖြစ်နိုင်ခြေများတဲ့ အချက်တစ်ချက် ဖြစ်တယ်။  နှလုံးကျန်းမာစေလိုရင်  ဆေးလိပ်ဖြတ်သင့်တယ်။ ဆေးလိပ်ကို တစ်နှစ်လောက်သောက်သုံးခဲ့ရင် နှလုံးရောဂါဖြစ်နိုင်ခြေ(၅ဝ ရာခိုင်နှုန်း)ရှိပါတယ်။ ဆေးလိပ်မသောက်သူတွေနဲ့ တူညီတဲ့ နှလုံးကျန်းမာမှုရရှိဖို့ ၁ဝ နှစ်ကြာဆေးလိပ်မသောက်ဘဲ နေသင့်တယ်။ကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့်   ဆေးလိပ်သောက်သူနဲ့ အပေါင်းအသင်းဖြစ်နေ၊ တစ်အိမ်တည်း နေထိုင်မိရင်လည်း တစ်ဆင့်ခံ ဆေးလိပ်ရှူရှိုက်ရလို့ ဆေးလိပ်သောက်သူတွေနည်းတူ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားပါတယ်။ဆေးလိပ်ကို ကွမ်းစားပြီးဖြတ်တယ်။ ကွမ်းစွဲပြီး ကျန်နေတယ်။ ကွမ်းမှာဆေးရွက်ကြီး ထည့်စားလို့ ဆေးလိပ်သောက်တဲ့ ကင်ဆာပမာဏထက် အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေများတယ်။

လူမှုပတ်ဝန်းကျင် အထောက်အပံ့ကို ရယူသင့်ပါတယ်။ လူမှုပေါင်းသင်း ဆက်ဆံရေး အသိုင်းအဝိုင်း ကျယ်ပြန့်စွာရှိနေသူ အိမ်ထောင်ရှိသူတွေဟာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ကြကြောင်း လူပေါင်း၁၅ဝဝဝ ကျော် စစ်တမ်းအရ သိရှိရပါတယ်။ပရဟိတတွေလုပ်ဆောင်ကာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တာ၊ ဆွေမျိုးများတာစတဲ့ သူတွေဟာ သွေးဖိအား(သွေးပေါင်ချိန်) လျော့နည်းပြီး နှလုံးရောဂါဖြစ်နိုင်ခြေနည်းတယ်။

ခန္ဓာကိုယ်အဆီကို လျှော့ချသင့်ပါတယ်။လူကဝနေရင် အဆီပိုတွေဟာ အသည်းနှလုံးတို့မှာ အဆီဖုံးတာ ရှိနေနိုင်ပါတယ်။ နေ့စဉ်လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီပြုလုပ်သူတွေမှာ ခန္ဓာကိုယ်က အဆီပိုတွေ ''ချွေး''အဖြစ်လောင်ကျွမ်းစေလို့ အဆီလျော့ကျစေ ပါတယ်။အဆီကျဆေး(Atovastin 20mg) ညစဉ်တစ်လလောက ်သောက်ပေးရင် အဆီကျတယ်။ ကိုယ်အလေးချိန် လျှော့ချလိုစိတ်နဲ့ ညနေစာမစားဘဲနေခြင်း၊ ဝမ်းနုတ်ဆေးစားခြင်းတို့က   ဘေးဥပဒ်များစေလို့ အကောင်းဆုံးဖြစ်တဲ့ နေ့စဉ်လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီကို အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးတစ်ခုခု လုပ်ပေးသင့်ပါတယ်။

ဆားလျှော့စားပြီး သွေးပေါင်ချိန် ထိန်းသိမ်း သင့်ပါတယ်။ သွေးဖိအား(သွေးပေါင်ချိန်) များတာက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားစေပါတယ်။ ဆားလျှော့စားတာဟာ သွေးပေါင်ချိန် လျော့နည်းစေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကိုလျှော့ချပေးတယ်။  တစ်နေ့ကိုအစားအသောက်မှာ ပါဝင်တဲ့ ဆားပမာဏ ၂ ဒသမ ၃ ဂရမ်ထက် မပိုသင့်ပါဘူး။ နေ့စဉ်ဖီးကြမ်း ငှက်ပျောသီးသုံးလုံး စားပေးတာက ခန္ဓာကိုယ်သွေးအတွင်း   ပိုတက်စီယမ်များစေကာ ဆိုဒီယမ်ဆားကို သွေးအတွင်းမှ ဆီးအဖြစ် စွန့်လွှတ်စေလို့    သွေးပေါင်ချိန်ပုံမှန် ထိန်းသိမ်းပေးနိုင်တယ်။ နေ့စဉ်စားသင့်တယ်။

အိပ်ချိန် လုံလုံလောက်လောက်   ရှိသင့်ပါတယ်။

လူတစ်ယောက်ဟာ တစ်ညကို  အိပ်ချိန်အနည်းဆုံး ၆ နာရီရှိသင့်ပါတယ်။ ကလေးငယ် တစ်နှစ်အောက်မှာ တစ်နေ့အိပ်ချိန်နာရီ ၂ဝ ရှိပြီး  အသက် ၅-၁၆ နှစ် အိပ်ချိန် ၈ နာရီ၊အသက်အရွယ် ကြီးလာတဲ့အသက် ၆ဝ ကျော်တွေမှာနေ့စဉ် ၆  နာရီအနည်းဆုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်သင့်တယ်။ သုတေသနတစ်ခုမှာ အိပ်ချိန် ၇ နာရီအောက် လျော့နည်း အိပ်စက်ပါက သွေးဖိအား (သွေးပေါင်ချိန်)မြင့်မားကာ  စိတ်ဖိစီးမှုဖြစ်စေတဲ့ကော်တီစုန်း၊  ဟော်မုန်းမြင့်မားလာတာဖြစ်စေပြီး သွေးအတွင်း  သွေးခဲဖတ်ဖြစ်ပေါ်မှုကို  မြင့်မားစေပါတယ်။  အိပ်ချိန်လုံလောက်မှု မရှိတာက နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေနှစ်ဆမြင့်မားစေပါတယ်။

အရွယ်အစားကို တိုင်းတာသင့်ပါတယ်။ကိုယ့်ခါးအရွယ်အစားက မိန်းကလေး ၃၅ လက်မနဲ့ ယောကျ်ား ၄ဝ လက်မထက် မပိုသင့်ပါဘူး။ခါးအတိုင်းအတာ ပုံမှန်အရွယ်စားထက် ကျော်လွန်နေပါက နှလုံးရောဂါဖြစ်ပွား နိုင်ခြေမြင့်မားစေပါတယ်။ တက်တက်ကြွကြွနေ့စဉ် ပုံမှန်အားကစားပြုလုပ်ခြင်းက အဆီစုဝေးမှုကို  လျော့စေပါတယ်။

အသင့်အမြန်စား အစာ(Snaps)များဟာ ပြည့်ဝဆီ၊ နှစ်ခါပြန်ကြော်ဆီ၊ ဝက်ဆီစတဲ့ ပြည့်ဝဆီတို့နဲ့စီမံထားလို့ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့ စားသုံးတာ ရှောင်သင့်ပါတယ်။  မြန်မာလူမျိုးတို့ လမ်းဘေး စားသောက်ဆိုင်တွေကလည်း  ပြည့်ဝဆီနဲ့ စီမံထားသလို  အချိုမှုန့်၊ ကြက်သားမှုန့်၊ အရောင်တင်မှုန့်    ဓာတုဆိုးဆေး သုံးစွဲထားကြလို့ မစားသင့်ပါဘူး။ ရေရှည်စားသုံးသူတွေမှာ အဆီအအိမ့်ပိုမိုတာတွေကအဝလွန်ခြင်း၊  သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောနဲ့ လေဖြတ်ခြင်းထိဖြစ်စေနိုင်ကာ  ရုတ်တရက်နှလုံးထဲက အဆီဖတ်တစ်ခုပြုတ်ထွက်ကာ နှလုံးသွေးကြောငယ် တစ်ခုပိတ်ဆို့သွားလို့   ရုတ်တရက် နှလုံးအတိုက်ခိုက်ခံရခြင်း ဖြစ်စေနိုင်တယ်။   လူတိုင်းလမ်းဘေးဆိုင်၊ လမ်းဘေးထမင်းဟင်း ရှောင်သင့်ပါတယ်။   အိမ်မှာ ရောဂါကင်းကင်း   ချက်ပြုတ် စားသောက်သင့်ပါတယ်။    ။

ဒေါက်တာလွင်သန့်