မွန်တို့ဌာနီ ကျိုက်ထီးရိုး ဘုရားဖူးမည်
စုပေါင်းပြုရာပြည်မြန်မာဝယ် ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ အခြားနိုင်ငံများနှင့်မတူ လှပသည့် နိုင်ငံနယ်နိမိတ်၊ ပုံသဏ္ဌာန်၊ သဘာဝ အရင်းအမြစ်များဖြစ်သော ကုန်း၊ မြေ၊ ရေ၊ မြစ်ချောင်း၊ အင်းအိုင်၊ တောင်ကုန်းတောင်တန်းများ၊ ပင်လယ်ကမ်းရိုးတန်းများ၊ နှင်းတောင်တန်းများ စသည်တို့ဝန်းရံလျက်ဖြင့် အိမ်နီးချင်းနိုင်ငံများကြားတွင် လှပစွာတည်ရှိနေသကဲ့သို့ နိုင်ငံအတွင်း၌ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် ပင်မတိုင်းရင်းသားများအား အခြေခံလျက် တိုင်းရင်းသားအမျိုးအနွယ် ၁၃၅ မျိုးတို့ဖြင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုတွင် ဒေသမခွဲ၊ လူမျိုးမခွဲ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာမခွဲ စုပေါင်း နေထိုင်လာခဲ့ကြသည်မှာ ရှေးနှစ်ပေါင်း များစွာကပင်ဖြစ်သည်ဟု စာသဘောအရ ဖော်ပြနိုင်သကဲ့သို့ လက်တွေ့အရ ဂုဏ်ယူစွာ ဖော်ပြရလျှင် မိမိမွေးဖွား ကြီးပြင်းလာသည့် သက်တမ်းတစ်လျှောက် လက်တွေ့ပင်ဖြစ်ပြီး ထိုမျိုးနွယ်စုများတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ယုံကြည်ကိုးကွယ်မှု ကွဲပြားစွာ တည်ရှိနေသကဲ့သို့ ရိုးရာပွဲလမ်း သဘင်များကိုလည်း သတ်မှတ်ရက်များ အလိုက် စုပေါင်းပါဝင်မှုဖြင့် ကျင်းပလျက်ရှိကြရာ တစ်နှစ်ပတ်လုံး ပွဲလမ်းသဘင်များဖြင့် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ စီရင်ကျင်းပ နေထိုင်ခဲ့ကြသည့်နည်းတူ မိရိုးဖလာ လယ်ယာလုပ်ငန်းခွင်များပြီးစီးပြီး ကောက်ပဲသီးနှံများပေါ်ချိန် မိုးအကုန်ဆောင်းအကူး ကာလမှစ၍ နီးစပ်ရာမြို့ရွာများ၊ တန်ခိုးကြီးဘုရားများ တည်ရှိရာဒေသများ၊ ပင်လယ်ကမ်းစပ် အပန်းဖြေကမ်းခြေ နေရာများသို့ ဆွေမျိုးမိတ်သင်္ဂဟများ စုပေါင်းကာဖြင့် ခရီးရက်တို၊ ရက်ရှည်လည်ပတ်ကြသည့် ချစ်ခင်ဖွယ် အစဉ်အလာကောင်းများဖြင့် နေထိုင်လာခဲ့ကြပါသည်။
မွန်တို့ဌာနီခရီးသွားမည်
ထိုသို့သော ပြည်တွင်း ခရီးစဉ်များထဲတွင် ငယ်စဉ်ကာလမှ ယနေ့ထိတိုင် မရိုးနိုင်သည့် မွန်ပြည်နယ်ရှိ လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ကျော်က တည်ထားသည့် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ တောင်တက်ခရီး ဘုရားဖူးခရီးစဉ်အား မိတ်ဆက် တင်ပြလိုစိတ်ကဖြစ်လာ၍ မှတ်မိသိရှိသမျှ တင်ပြလိုပါသည်။
မွန်ပြည်နယ်တွင် မော်လမြိုင်နှင့် သထုံခရိုင်နှစ်ခု၊ မြို့နယ်ဆယ်ခု (ထပ်မံအတည်ပြုထားသည့် မြို့နယ်၊ မြို့နယ်ခွဲများရှိနိုင်ပါသည်)နှင့် ကျေးရွာပေါင်း တစ်ထောင်ကျော် ရှိကြောင်း မှတ်သားဖူးပါသည်။ မွန်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များသာမက အခြားသော ဘာသာဝင်များ၏ ဓလေ့ထုံးတမ်းအရ ကိုးကွယ်ယုံကြည်မှုပြုကြသည့် အမည်ကျော်ကြား တန်ခိုးကြီး ဘုရားများစွာရှိသည့်အနက် ကျိုက်ထိုမြို့ ကျိုက်ထီးရိုး စေတီသည် လူသိများသော ဗုဒ္ဓဘာသာ ဘုရားဖူးနေရာ တစ်ခုဖြစ်ပြီး ရွှေအရွက်များဖြင့် ဖုံးအုပ်ထားသော ကျောက်ဆောင်ထိပ်တွင် ဗုဒ္ဓဆံတော်အား ဌာပနာပြု တည်ထားသော မြန်မာပြည်တွင် ဗုဒ္ဓဆံတော် ဌာပနာပြု တည်ထားကိုးကွယ်သည့် တန်ခိုးကြီး ဆံတော်ရှင်စေတီ၊ ပုထိုးများတွင် တစ်ဆူအပါအဝင်ဖြစ်ကာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီဟု အမည်နာမဖြင့် ဂုဏ်သတင်းကျော်ကြားသည့် စေတီတော်ငယ် တစ်ဆူတည်ရှိပါသည်။ စေတီတော်တည်ထားသည့် ကျောက်တုံး၊ ကျောက်ဆောင်အနေအထားမှာ အံ့သြဖွယ်ရာဖြစ်ကာ ပြည်တွင်း ခရီးသွားများသာမက ပြည်ပဘုရားဖူး လေ့လာသူများအကြား ဂုဏ်သတင်း ကျော်ကြားလျက်ရှိပြီး စေတီတည်ထားရာ နေရာမှာလည်း သာမန် ပြည်သူများနေထိုင်ရာရပ်ရွာများနှင့် အလှမ်းကွာဝေးခြင်း၊ တောင်ကုန်းတောင်တန်းများ၊ သဘာဝတောတောင် လျှိုမြောင်စိမ့်စမ်းများကို ကျော်ဖြတ်ပြီးမှ ခက်ခက်ခဲခဲ ရောက်ရှိဖူးမြော်နိုင်သည့် စွန့်စားခရီးစဉ် တစ်ခုဖြစ်ခြင်းတို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ အကြား စိတ်ဝင်စားမှု များစွာရှိခြင်းလည်းဖြစ်ပါသည်။
ပျော်ပျော်ပါးပါး တောင်တက်ခရီးသွား ကျိုက်ထီးရိုးစေတီသမိုင်းနှင့် ပတ်သက်သည့် လေ့လာမှတ်သားဖွယ် မှတ်တမ်းများ၊ ခရီးသွား ဆောင်းပါးများ၊ ငယ်စဉ်ကပင် စွဲမက်စွာကြည့်ခဲ့ရသည့် ရုပ်ရှင်ဗီဒီယို မှတ်တမ်းများရှိပြီး ကိုယ်တိုင်လည်း ငယ်စဉ်မှယနေ့တိုင် အခွင့်အခါသင့်တိုင်း မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများ စုဖွဲ့ကာဖြင့် ဘုရားဖူးခရီးသွား ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ငယ်စဉ်က ကျိုက်ထိုမြို့သို့ မီးရထား၊ မော်တော်ကားတို့ဖြင့် သွားရောက်ပြီး ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းစခန်းမှစတင်၍ သက်ကြီးရွယ်အိုများမှာ ပုခက်ထမ်းစင်ဖြင့်တစ်မျိုး ကလေးသူငယ်နှင့် ပစ္စည်းများအား အထမ်းသမားများ ငှား၍တစ်ဖုံ၊ လူငယ်လူရွယ်များမှာ အုပ်စုဖွဲ့ခြေကျင်ခရီး တက်ခဲ့ကြရာ လမ်းခရီးတစ်လျှောက် တောတောင်လျှိုမြောင် စိမ့်စမ်းများတွင် ဆော့ကစားကာဖြင့် ပျော်ပျော်ပါးပါး တောင်တက်ခရီးမှာ မောပန်းရကောင်းမှန်းပင် မသိ တက်ရသည့်ခရီးမှာ အတက်နှင့်အဆင်း လူငယ်လူရွယ်တို့၏ နောက်ပြောင် ကျီစယ်မှုများက အပန်းပြေစေမှုနှင့် အမှတ်ရစေသည့် တောင်တက်ခရီးစဉ် တစ်ခုအဖြစ်လည်း တည်ရှိနေပေသည်။ တောင်ပေါ်သို့ ခြေကျင် ခရီးဖြင့်ဆိုပါက ကင်မွန်းစခန်းမှ ရေမြောင်လေး၊ မရမ်းတောင်တက်၊ ရွှေရင်စို့၊ ရွှေရင်သာ၊ ရေတံခွန်၊ ကျားဆွဲစခန်း၊ မျှော်တော်မူ၊ ရေမြောင်ကြီး၊ မဟာမြိုင်စခန်း၊ ဘိုးပြန်တောင်၊ အောက်ဆိုင်တမော့၊ အထက်ဆိုင်တမော့၊ စခန်းကလေး၊ နဂါးပတ်၊ ပန်းတင်ကျောက်(ဟုန်းနတ်) လွမ်း/မြစေတီ၊ ကျောက်သမ္ဗန်၊ ရွှေနန်းကျင်မှသည် ကျိုက်ထီးရိုးရင်ပြင်ဆီသို့ တောင်တက်ခရီး အကွာအဝေး ၇ မိုင် ၇ ဖာလုံခန့်အား ၅ နာရီခန့် နားနားနေနေ တက်ရောက်ရပြီး ခရီးစဉ်တစ်လျှောက်တွင် တစ်ထောက်နားရာ ဈေးဆိုင်ငယ်လေးများ၊ ဒေသဈေးသည်များ၏ နားပါ၊ စားပါ၊ အပန်းဖြေပါ၊ တည်းခိုစရာ စီစဉ်ပေးမှာ စသည့် လှိုက်လှဲပျူငှာစွာ အသံဝဲဝဲ၊ ထူးခြားသည့်လေယူလေသိမ်း စကားအသုံးအနှုန်း လေးများနှင့် ခရီးဦးကြိုပြုကြသည့် ဒေသနေပြည်သူတို့၏ ချစ်စရာဓလေ့ကလည်း အမှတ်ရ စရာပင်ဖြစ်သည်။
အံ့ဖွယ်ထူးခြားဆံတော်ရှင်ဘုရား
ပင်လယ်ရေမျက်နှာပြင် အထက် ၁၁ဝဝ ပေအမြင့်ရှိသော တောင်၏ အစွန်းကျကျ နေရာကျဉ်းကျဉ်းလေးတွင် သာမန်ကြည့်လျှင် ပြုတ်ကျလုဆဲဆဲ ပုံစံဖြင့် ရွှေရောင်တောက်ပနေသော ကျောက်တုံးကြီးပေါ်တွင် ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်မွေတော်များ ဌာပနာထားသော ဉာဏ်တော် ၇ ဒသမ ၃ မီတာ (၂၄ ပေ) အမြင့်ရှိ ကျိုက်ထီးရိုးစေတီတော်အား ပတ်လည်ထုထည် ပေ ၅ဝ ခန့်ရှိ ကျောက်ဆောင်ကြီး၏ အစွန်းကျကျနေရာတွင် မေးတင်လျက် ဖူးတွေ့ရမည်ဖြစ်ပါသည်။ ကမ္ဘာမြေကြီး၏ ဆွဲအားရှိသည်ကို ထည့်သွင်းမစဉ်းစားဘဲ ဆွဲငင်အားကို ဆန့်ကျင်သကဲ့သို့ ရုတ်တရက်သာသာ တွန်းလိုက်ရုံနှင့်ပြုတ်ကျသွားမည့် ပုံပေါ်နေသည့် နှိုင်းတုရာ သဏ္ဌာန်အနေဖြင့် ရသေ့၏ ဦးခေါင်းပုံ ကျောက်တုံးကြီးအပေါ်တွင် တည်ထားသည့် ကျိုက်ထီးရိုးစေတီအား ဖူးတွေ့ရလျှင်ဖြင့် တစ်နေကုန်ပင်ပင် ပန်းပန်းတက်ခဲ့ရသည့် ခရီး၏အမောများ ပြေပျောက်ကာ စိတ်အေးချမ်းကြည်လင်မှုကို ဘုရားဖူးလာသူ လူကြီးလူငယ်တို့ အပြည့်အဝခံစားကြရပါသည်။ အပ်ချည်ကြိုးဖြင့် ချည်ထားသော ဝါးနှီးဖျားလေး တစ်ခုကို ကျောက်တုံးအောက် လျှိုကြည့်ပါက အပေါ်ကျောက်တုံးနှင့် အောက်ကျောက်တောင်မှာ တစ်ခုနှင့်တစ်ခု မထိကြောင်းနှင့် ကျောက်တုံးကြီးပေါ် တည်ထားသောစေတီအား မွန်ဘာသာဖြင့် ကျိုက်-အိ-သီး ရိုးဟုခေါ်တွင်ကြောင်း၊ ရသေ့ဦးခေါင်း သယ်ဆောင်ထားသော စေတီဟုအဓိပ္ပာယ်ရကြောင်း၊ အချိန်ကြာလာပြီးနောက်ပိုင်းတွင် ကျိုက်ထီးရိုးစေတီ၊ ကျိုက်ထီးရိုးတောင်ဟု ခေါ်ဝေါ်သတ်မှတ်လာကြကြောင်း စေတီနှင့်ပတ်သက်သည့် ပုံပြင်၊ ဒဏ္ဍာရီ၊ နတ်၊ ဝိညာဉ် စသည့် နှုတ်ပြောသမိုင်းအကြောင်းအရာများကိုလည်း တစ်ဆင့်စကား ကြားသိမှတ်သားရဖူးပါသည်။
ခေတ်နှင့်ယှဉ်ကာတိုးတက်လာသည် လုံခြုံစိတ်ချ တည်းခိုမည် ယခုနောက်ပိုင်းတွင်တော့ ကင်မွန်းစခန်းမှ ဘုရားစေတီနှင့် အနီးဆုံးစခန်းရောက်သည်ထိ တောင်တက်ကားဖြင့် မတ်စောက်မြင့်မား ဝေ့ဝိုက်နေသော တောင်တက်လမ်း ခရီးကို အသည်းထိတ်ရင်ဖို ခံစားရင်း တက်၍ရနေပြီဖြစ်သကဲ့သို့ ကင်မွန်းစခန်းမှ ရသေ့တောင်သို့ မော်တော်ယာဉ်ဖြင့် တက်၍ ရသေ့တောင်မှ တောင်ပေါ်သို့ ကေဘယ်လ်ကားဖြင့် လွယ်ကူစွာ တက်ရောက်နိုင်ပြီလည်း ဖြစ်ပါသည်။ ယခင်က ဘုရားရင်ပြင်တွင် ဘုရားဖူးကာ စားသောက်ဆိုင်တန်းရှိ နားနေဆောင်များတွင် အိပ်ခန်းရယူ ညအိပ်နားနေရပြီး အလွန်အေးမြသည့် ရေကိုဝယ်ယူ၍ ကိုယ်လက်သန့်စင်မှု ပြုခဲ့ရသော်လည်း ယခုအခါ ဘုရားဖူး ဧည့်သည်များအတွက် ခေတ်မီပြည့်စုံသော ဟိုတယ်များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များဖြင့် ပြည့်စုံစွာ တည်ရှိနေပြီဖြစ်ပါသည်။ ကျီးကန်းပါးစပ်၊ ဆောင်နိုင်ကြီးရေတံခွန်များသို့လည်း သွားရောက် လည်ပတ်နိုင်ပါသည်။ ကျိုက်ထီးရိုးစေတီတော်သည် ဗုဒ္ဓဘာသာဝင်များအကြား လူသိများသည့် ဘုရားဖူးခရီးစဉ် တစ်ခုဖြစ်ပြီး နှစ်စဉ်ပြည်တွင်း ဘုရားဖူး ပြည်သူထောင်ပေါင်းများစွာ လာရောက် ဝတ်ပြုရာ ဆံတော်ရှင် စေတီတစ်ဆူဖြစ်သည့်အပြင် မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံသားများမှ အလွန်တရာကြည်ညိုလေးစားကာ နှစ်စဉ်လာရောက် ဖူးမြော်ကြသည်ဖြစ်ရာ နယ်စပ်ဒေသမှ ကျိုက်ထီးရိုးဘုရား လမ်းခရီး တစ်လျှောက်ရှိ ဒေသနေပြည်သူများမှာ ခရီးသွားလုပ်ငန်းမှ အကျိုးကျေးဇူးများကို ရရှိခံစားနေကြရပါသည်။
မွန်ပြည်နယ်တွင် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်ရယူ၍ လုပ်ငန်းဆောင်ရွက်နေသည့် ဟိုတယ် ၄၅ လုံးနှင့် တည်းခိုရိပ်သာ ၂၆ လုံးတို့ရှိပြီး ၎င်းအနက် ကျိုက်ထီးရိုးတောင်ပေါ်တွင် ကျိုက်ထိုဟိုတယ်၊ ရိုးရိုးလေးဟိုတယ်၊ Mountain Top Hotel, Golden Rock Hotel (ရသေ့တောင်) တို့ရှိပြီး အေးချမ်းစွာ တည်းခိုနေထိုင် ဘုရားဖူးနိုင်သကဲ့သို့ မြန်မာတို့ ဓလေ့အတိုင်း တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ အိပ်ဆောင်များတွင် တည်းခိုနားနေနိုင်ပြီး ဘုရားဖူးများသည့် ကာလများတွင် ဘုရားရင်ပြင်တော် တိမ်လွှာမြူ နှင်းဖွေးဖွေးအောက်တွင် အိပ်စက်အနားယူကြရသည် များလည်း ရှိပါသည်။ တောင်ခြေကင်မွန်းစခန်းတွင် ဟိုတယ်ရှစ်လုံးနှင့် တည်းခိုခန်းနှစ်ခုတို့ တည်ရှိပြီး ကျိုက်ထိုမြို့ပေါ်တွင် ဟိုတယ်သုံးလုံး၊ တည်းခိုရိပ်သာ နှစ်လုံးတို့မှ ဘုရားဖူးလာ ပြည်တွင်း/ပြည်ပ ခရီးသွားများအား အဆင့်မီဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ မွန်ပြည်နယ်ရှိ ဟိုတယ်၊ တည်းခိုခန်းများတွင် ဝန်ဆောင်မှုများ ပေးလျက်ရှိသည့် ဝန်ထမ်း ၁ဝ၅၂ ဦးသည် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ၁ဝဝ ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီးဖြစ်ကြောင်းနှင့် Health and Safety Protocol (HSP)နှင့် ကိုက်ညီသည့် ဟိုတယ်အများစုအား Certificate ( Regional ) အဆင့် စစ်ဆေးခွင့်ပြု ထုတ်ပေးပြီးဖြစ်ရာ ဟိုတယ်များတွင် တည်းခိုနေထိုင်ကာ လာရောက်လည်ပတ် ဘုရားဖူးမည့်ဧည့်သည်များအား ကျန်းမာရေးအရ အထိုက်အလျောက်လုံခြုံစွာ ဝန်ဆောင်မှုများပေးနိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။
စိတ်ချမ်းမြေ့ဖွယ် ခရီးထွက်ကြမယ်
မိုးရာသီကုန်ဆုံးကာ သွားလာမှု အဆင်ပြေသည့် ဆောင်းတွင်းကာလ ခရီးသွားရာသီသို့ ရောက်ပြီဖြစ်၍ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရားအပါအဝင် ကျိုက်ထိုမြို့ပေါ်ရှိ ကျိုက်ပေါလောမှဲ့ရှင် ဘုရားနှင့် တန်ခိုးကြီးစေတီပုထိုးများအား လှည့်လည်ဖူးမြော်နိုင်သကဲ့သို့ ကျိုက်ထိုမြို့မှကျော်လွန်၍ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံမှသည် ကျိုက္ခမီ၊ စက်စဲသို့လည်း လည်ပတ်ကာ တန်ခိုးကြီးဘုရားများ ဖူးမြော်နိုင်သကဲ့သို့ ဒေသထွက် သစ်သီးဝလံများ (ဒူးရင်း၊ မင်းကွတ်) စသည်တို့အား လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ခြင်း၊ လတ်ဆတ်သည့် ပင်လယ်စာအစားအစာများ၊ အုန်းရည်များ သောက်သုံးကာဖြင့် ဒေသဗဟုသုတ ရရှိ၍ စိတ်အေးချမ်းသာယာသည့် မွန်ပြည်နယ်ခရီးစဉ် အပါအဝင် မြန်မာပြည်အနှံ့ ပြည်တွင်း ခရီးစဉ်များအား လွတ်လပ်ပျော်ရွှင်စွာ စိတ်ကြိုက်ရွေးချယ် ပျော်ပျော်ပါးပါးလည်ပတ်ကာဖြင့် တစ်နှစ်တာကာလ စိတ်ပင်ပန်းနွမ်းနယ်မှုများအား ပြေပျောက်စေနိုင်ပါရန် တိုက်တွန်း အကြံပြု
ရေးသား တင်ပြအပ်ပါသည်။ ။