လေးဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူ ၂၀ ဦးအထိရှိလာ ပိုးတွေ့သူစုစုပေါင်း ၂၉၀၀ ကျော် အထိမြင့်တက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ညနေ ၄ နာရီခွဲနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ပိုးတွေ့လူနာ ၃၃၇ ဦးထပ်မံ တွေ့ရှိပြီး သေဆုံးသူ လေးဦး ထပ်တိုးလာကြောင်းသိရသည်။ အဆိုပါထုတ်ပြန်ချက်များတွင် (၁၂-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၀၀၅ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၈၈ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ၂၉၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မော်လမြိုင်)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၇၅ ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၂၁ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာတစ်ခု စုစုပေါင်းဓာတ်ခွဲနမူနာ ၁၆၉၇ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၂၀၁ ဦးတွေ့ရှိသည်။
(၁၂-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှဓာတ်ခွဲနမူနာ ၂၀၀၉ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၄၇၄ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၆၉၁ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၃၃၃ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှဓာတ်ခွဲနမူနာ ၆၃ ခု၊ ပြည်သူ့ဆေးရုံကြီးကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၀ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၃ ခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့ ဓာတ်ခွဲနမူနာ ၄ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ ဆေးရုံကြီး ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲ နမူနာ နှစ်ခု စုစုပေါင်း ၄၁၂၀ ခုအားစစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်ပေါင်း ၃၅၁ ဦး တွေ့ရှိခဲ့သည်။ (ဓာတ်ခွဲအတည်ပြုလူနာ ၁၅၀ ဦး တွေ့ရှိကြောင်းကို (၁၂-၉-၂၀၂၀)ရက် ည ၈ နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။)
ယမန်နေ့ (၁၂-၉-၂၀၂၀) ရက်တွင် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင်တွေ့ရှိခဲ့ရသည့် COVID-19 လူနာများ တွေ့ရှိမှုအခြအနေများကို ဖော်ပြအပ်သည်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် ၇၅ နှစ်အရွယ်အမျိုးသား (Case-2523) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ သွေးဆိပ်သင့်ခြင်း၊ အသည်းရောင်အသားဝါရောဂါ (စီပိုး) ကုသမှုခံယူနေရခြင်းတို့ကြောင်း (၁၂-၉-၂၀၂၀)ရက် ည ၈ နာရီ ၁၀ မိနစ်တွင် သေဆုံး သွားခဲ့သည်။ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အရိုးပွရောဂါ၊ သွေးတိုးရောဂါအခံရှိသူ အသက်၉၀ နှစ်အရွယ် အမျိုးသမီး (Case-2260) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း ရောဂါဖြင့် (၁၃-၉-၂၀၂၀)ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် သေဆုံးသွားခဲ့သည်။
(၁၃-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၅၅၆ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၃၀၉ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၃၇၂ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ၄၇ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၁ ခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ၂၂ ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲ နမူနာ လေးခုနှင့် ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၁ ခုနှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၃၉ ခု စုစုပေါင်း ၁၃၉၁ ခုအား ယနေ့ညတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၃၆ ဦးတွေ့ရှိရသည်။
(၁၃-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ ၂၉၃၂ ဦးရှိပြီဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ အနက် စုစုပေါင်း ၆၉၉ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် ၇၄ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-2429) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ သွေးဆိပ်သင့်ခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် သေဆုံးသွားသည်။
ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျက်ရှိသော အသက် ၉၀ နှစ် အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသမီး (Case-2064) သည် ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် နှလုံးစည်းချက်မမှန်ဖြစ်ကာ ရုတ်တရက်နှလုံးရပ်၍ (၁၃-၉-၂၀၂၀)ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် သေဆုံးသွားသည်။ ယနေ့အထိ ဓာတ်ခွဲ အတည်ပြု လူနာများအနက် သေဆုံးသူပေါင်း ၂၀ ဦးရှိပြီဖြစ်သည်။ (၁၂-၉-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီမှ (၁၃-၉-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်းတွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၂၇၀ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။