မော်လမြိုင်မြို့၌ ငွေများနှင့် ရွှေထည်ပစ္စည်းများအား ခိုးယူသွားသူအား အမှုဖွင့်အရေးယူ
မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်နယ်မြေ ရဲစခန်းမှ အောက်တိုဘာ ၃ဝ ရက် ညပိုင်းတွင် ငွေများနှင့်ရွှေထည်ပစ္စည်းများအား ခိုးယူသွားသူ(စိစစ်ဆဲ)အား (ပ)၂၂၁/ ၂ဝ၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မော်လမြိုင်မြို့ မောင်ငံရပ်ကွက် မောင်ငံ(ကသစ်ဝိုင်)ဝန်ထမ်းအိမ်ရာ အခန်း(၁၅)နေ ဒေါ်မိချိုချိုမွန် ၄၆ နှစ်(ဘ) ဦးနိုင်စံရွှေသည် အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်) သို့ သွားရန် နေအိမ်မှထွက်ခွာခဲ့ပြီး ညနေ ၅ နာရီခွဲတွင် နေအိမ်သို့ပြန်လည်ရောက်ရှိ ခဲ့ရာ နေအိမ်ရှေ့တံခါး ဖွင့်ချိန်တွင် နေအိမ် အိပ်ခန်းအတွင်း ထားရှိသော ပိုက်ဆံများ နှင့် ရွှေထည်ပစ္စည်းများ ထားရှိသည့် လက်ဆွဲခရီးဆောင်အိတ်မှာ ပွင့်၍ အရှေ့ခန်းသို့ရောက်ရှိနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးကြည့်ရာ အဆိုပါအိတ်အတွင်း ထားရှိခဲ့သော မြန်မာငွေစက္ကူရောရာ ငွေကျပ် ၁၁၅ သိန်းနှင့် မီးလင်းရွှေလေးထောင့်တုံး ၁ဝ ကျပ်သားတုံး တစ်တုံး၊ မီးလင်းရွှေ လက်ကောက် ၁ ကျပ်သားနှစ်ကွင်း၊ ဘတ်ရွှေဆွဲကြိုး ၁ ကျပ်သားနှစ်ကုံး၊ စိန်လော့ကတ်သီးပါ ရွှေဖြူဆွဲကြိုး ၁ ကျပ်သား တစ်ကုံး၊ ကျောက်ဖြူပါလည်တုံကလေးဆွဲကြိုး ၁ ကျပ်သား တစ်ကုံး၊ ကလေးလက်ကောက်အမျှင် (မောင်နှံခုနစ်ဖော်ပုံစံ) သုံးကွင်း(စုစုပေါင်း ၁ ကျပ်သားခန့်)၊ ကလေးလက်ကောက်ပန်းပွင့်ပုံ ၁ ကျပ်သား တစ်ကွင်း၊ စိန်လက်စွပ် ၁ ကွင်း၊ ကလေးလက်စွပ် တစ်ကွင်း၊ ကလေးနားဆွဲတစ်စုံတို့ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း သိရသည်။