ရုရှား-မြန်မာမိတ်အရင်းအချာ

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၁ ရက်)

အရင်းအချာဟူသော စကားရပ်ကို မြန်မာအဘိဓာန်တွင် သွေးအနီးဆုံးဆွေမျိုး၊ အလွန်ရင်းနှီးသောသူဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထား သည်။ ရုရှား-မြန်မာဆက်ဆံရေးသည် ထာဝစဉ်ခိုင်မြဲနေသည်မှာ အလွန်ရင်းနှီးသော ဆွေမျိုးရင်းသို့ပမာပင်ဖြစ်သည်။ နှစ်နိုင်ငံ အစိုးရများအကြား၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားတွင် တည်တံ့ရှည်ကြာသော မိတ်ဆွေကောင်းဆက်ဆံရေးရှိခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်မှု၊ စစ်ဘက် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင် သင်တန်းသားများကို စေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်မှ ၂၇ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့်(၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံသို့ တက်ရောက်ရင်း ရုရှား-မြန်မာ အစိုးရနှစ်ရပ်အကြား လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုတို့ကို တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးနိုင်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇွန် ၂၃ ရက်တွင်ကျင်းပသည့်(၉)ကြိမ်မြောက် မော်စကိုနိုင်ငံတကာ လုံခြုံရေးညီလာခံသို့တက်ရောက်ပြီး “ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် အာရှ-ပစိဖိတ်ဒေသ အရေးအားဆွေးနွေး ခြင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့သည်။ ထိုခရီးစဉ်အတွင်း ဆေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ၊ မော်တော်ကားစက်ရုံ၊ ရေယာဉ် တည်ဆောက်ရေးအလုပ်ရုံ၊ ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံ၊ မြေအောက်ရထားစနစ်များ၊ ဘူတာရုံများကိုလေ့လာခဲ့သည်။ မြန်မာနိုင်ငံ မြန်မာလူမျိုး၊ မြန်မာ့တပ်မတော်တိုး တက်ခေတ်မီရေးအတွက် ရုရှား-မြန်မာချစ်ကြည်ရေးကို ပိုမိုခိုင်မာစေခဲ့ပါသည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတများပေါ<ကယ်ဝသည့်နိုင်ငံဖြစ်သော်လည်း နည်းပညာပိုင်း တိုးတက်မြင့်မားရန် လိုအပ်လျက် ရှိသည့်အတွက် ပြည်ပထုတ်ကုန်အဖြစ်တင်ပို့ရာတွင် ငွေကြေးရသင့်သလောက်မရဘဲဖြစ်နေသည်။ မြန်မာနိုင်ငံမှထွက်သော အကြမ်းထည် ပစ္စည်းများကို ပြည်ပနိုင်ငံကဝယ်ယူပြီး ထိုပြည်ပနိုင်ငံကအချောကိုင်မွမ်းမံကာ မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်း သည်။ နည်းပညာလိုအပ်မှုနှင့်အတူ မြန်မာနိုင်ငံအပေါ် မိတ်အရင်းအချာ ဆက်ဆံမည့်နိုင်ငံမျိုးရှိသင့်သည်။ ထိုလိုအပ်ချက်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံက ကူညီဖြည့်ဆည်းပေးလျက်ရှိသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းလောင်စာဆီနှင့် သဘာဝဓာတ်ငွေ့များ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးနှင့် လျှပ်စစ်ဓာတ်အားအသုံးပြု၍ အများပြည်သူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင် ရွက်မည့် အခြေအနေ၊ နှစ်နိုင်ငံအကြားသွားလာမှု အဆင်ပြေစေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရေးအခြေအနေ၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍတို့တွင် စနစ်တကျပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နှစ်နိုင်ငံအကြား အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်လည် ပတ်ရေး၊ နှစ်နိုင်ငံပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးတက်စေရေးများဆွေးနွေးဆောင်ရွက်လျက်ရှိသည်မှာ နှစ်နိုင်ငံပြည် သူများအတွက် ကောင်းသော အကြောင်းတရားများဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံ၏ အနာဂတ်ခရီးလမ်းတွင် နိုင်ငံရေး တည်ငြိမ်မှုရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေးအတွက် ရုရှားဖက်ဒရေးရှင်းနှင့် မြန်မာနှစ် နိုင်ငံ၏ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုဂုဏ်ပြုအပ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။