နိုင်ငံ့အတွက်အကျိုးရှိမည့် ဝန်ထမ်းများလိုချင်လျှင် တက္ကသိုလ် ဝင်ခွင့်ရွေးချယ်ရာတွင် တကယ်သတ်မှတ်သင့်သည်များမှာ

နိုင်ငံ့အတွက်အကျိုးရှိမည့် ဝန်ထမ်းများလိုချင်လျှင် တက္ကသိုလ် ဝင်ခွင့်ရွေးချယ်ရာတွင် တကယ်သတ်မှတ်သင့်သည်များမှာ

ယခုနှစ် သိပ္ပံပညာထူးချွန်တံဆိပ်ပထမဆုရ အသက် ၈၀ အရွယ် အငြိမ်းစားပါမောက္ခဆရာကြီး တစ်ဦးနှင့်စကားပြောဖြစ်သည်။ “ဆရာမေးလို့သာ ပညာရေးစနစ်သစ်ကိုပြောရရင် စနစ်ကအမြဲအသစ်သစ်ပြောင်းနေတော့ ဘယ်ဟာစနစ်သစ်မှန်းတောင် မသိတော့ပါဘူးဗျာ။ စနစ်တွေက အမြဲစမ်းသပ်တာမပြီးတော့ ပညာသင်ကလေးတွေဘ၀ သနားစရာကောင်းတာပေါ့။”

ပါမောက္ခဆရာကြီးပြောစကားကြားမှ ပညာရေးအကြောင်းတွေးမိတော့သည်။ မြန်မာနိုင်ငံပညာရေးလောကတွင် ပြဋ္ဌာန်းချက်ရေး တာတစ်ဖွဲ့၊ ပြဋ္ဌာန်းချက်ကိုသင်ကြားတဲ့ အထက်တန်းကျောင်းဆရာ၊ ဆရာမကတစ်ဖွဲ့ ၊ စာမေးပွဲစစ်အဖြေလွှာကိုစစ်တဲ့ တက္ကသိုလ် ဆရာ၊ ဆရာမနှင့် အထက်တန်းပြဆရာ၊ ဆရာမပူးပေါင်းအဖွဲ့ကတစ်ဖွဲ့၊ မေးခွန်းထုတ်တဲ့ တက္ကသိုလ်ပါမောက္ခ ဆရာ၊ ဆရာမကြီး များက တစ်ဖွဲ့ဟူ၍ လေးဖွဲ့ရှိတာတွေ့ရပါတယ်။

ယခုသင်ကြားနေတဲ့ ၁၀ တန်း(Grade-11) အတန်းအတွက်  သိပ္ပံအတွဲသင်ကြားသော  ကျောင်းသား၊ ကျောင်းသူအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ ၊ ရူပဗေဒ၊ ဇီဝဗေဒ စုစုပေါင်း ၆ ဘာသာကို ပြဋ္ဌာန်းထားတာတွေ့ရပါသည်။ ဘောဂဗေဒဘာသာတွဲ၊ ဝိဇ္ဇာတွဲလည်းရှိပါသည်။ ပညာရေးတွင်ပြဋ္ဌာန်း သတ်မှတ်သောပြဋ္ဌာန်းချက်သည် အရေးကြီးသည်။ သိပ္ပံတွဲ ၆ ဘာသာတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားသောကျောင်းသားများ ကျက်ရန်သင်ရန် စာမျက်နှာ ၁၁၄၉ ရှိပြီး မြန်မာဘာသာစကားဖြင့် ရေးသားထားသော မြန်မာစာအတွက် စာမျက်နှာ ၂၆၆ မျက်နှာရှိသည်။

ဝိဇ္ဇာတွဲတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ကျက်မှတ်သင်ယူရန် စာမျက်နှာ ၁၀၆၂ မျက်နှာရှိသည်။ ကျောင်းသားများသည် ကျောင်း စဖွင့်ချိန် ဇွန်လမှ ဖေဖော်ဝါရီလကုန်အထိ ကိုးလတာတွင် ယင်းအင်္ဂလိပ်လိုရေးသားထားသော  ဘာသာစကားစာမျက်နှာကို ကျက်မှတ်ရသည်။ ထို့ပြင် သိပ္ပံတွဲအတွက် မြန်မာစာနှင့်ဝိဇ္ဇာတွဲအတွက် ဘောဂဗေဒများ ကျက်မှတ်ရသည်။ ပြဋ္ဌာန်းချက် ရေးသားသောဆရာကြီး၊ ဆရာမကြီးများအနေဖြင့် မိမိရေးသားပြဋ္ဌာန်းသော ၁ ဘာသာအတွက်သာ အဓိကအားစိုက်မယ့်အစား သင်ကြားကျက်မှတ်ရမည့် ကျောင်းသားများအတွက် ဘာသာစုံပြဋ္ဌာန်းချက် အနည်းအများကို ပညာရှိသတိဖြစ်ခဲဆိုသလို လေ့လာသုံးသပ်ဖို့ လိုပါသည်။ မိမိတို့ကိုယ်တိုင် ၁၀ တန်းတုန်းက အသက်အရွယ်ကို ပြန်ပြောင်းသုံးသပ်မှသာ ပြဋ္ဌာန်းချက်ကို ကျက်မှတ်ရမည့် ကျောင်းသားအသက်အရွယ်ကို သတိရစေမှာဖြစ်ပါသည်။ ကျောင်းသားများကိုသင်ကြားဖို့ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကျောင်းသားများ အားသင်ကြားပေးမည့် ဆရာ၊ ဆရာမများကိုယ်တိုင် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြတ်သားစွာ သင်ကြားပို့ချပေးနိုင်ပါသလားဆိုတာလည်း ယခုအချိန်တွင် ပြတ်ပြတ်သားသား မေးခွန်းထုတ်ရမည့်အချိန်ဖြစ် ပေသည်။

ပြဋ္ဌာန်းချက်ရေးသားပြုစုသော ဆရာ၊ ဆရာမကြီးများ ကိုယ်တိုင် ကျောင်းသား၊ ကျောင်းသူများ သင်ကြားရမည့် ဘာသာစုံ ပြဋ္ဌာန်းချက်အားလုံးကို ကျောင်းသား၊ ကျောင်းသူများနည်းတူ စာသင်နှစ်ကိုးလအတွင်း သင်ယူကျက်မှတ်နိုင်ခြင်း ရှိ၊ မရှိ သုတေသန ပြုလုပ်ခြင်းဖြင့် ကောင်းမွန်သော အဖြေတစ်ခုရနိုင်ပါသည်။

တက္ကသိုလ်ဝင်အတန်းတင် စာမေးပွဲတွင် မေးသော မေးခွန်းလွှာများပင် အမှားအယွင်းပါသော မေးခွန်းများ တွေ့ရတတ်သည်။ စာမေးပွဲ ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ဖြေရမည့်မေးခွန်းလွှာ အမှားအယွင်းကင်းဖို့ အရင်ဆုတောင်း ရမည့်ပုံဖြစ်နေသည်။  ယင်းကြုံတွေ့ရမှုနှင့် ပတ်သက်၍   ဆွေမျိုးတော်စပ်သော ၁၉၈၉ ခုနစ်ခန့်တွင် မေးခွန်းထုတ်ခဲ့သော ပါမောက္ခ ဆရာကြီးအားမေးဖြစ်သည်။ ယင်းပါမောက္ခဆရာကြီးသည် အင်္ဂလန်တွင် ဘာသာရပ်ဆိုင်ရာပညာသင်ကြားခဲ့သူဖြစ်သည်။

“ငါမေးခွန်းထုတ်တာကတော့ စာမေးပွဲမဖြေခင် ခြောက်လခန့်ကစ မေးခွန်းသုံးစုံထုတ်ခဲ့သည်။ ယင်းသုံးစုံကို သူ့ရုံးခန်း စာအုပ်ကြား ညှပ်ထည့်ထားပြီး နှစ်ပတ်တစ်ခါ ထုတ်ထားတဲ့မေးခွန်းသုံးစုံမှ တွေ့ရာမေးခွန်းတစ်စုံယူပြီး ကိုယ်ကိုယ်တိုင်ဖြေကြည့်သည်။  ကျောင်းသား၊ ကျောင်းသူများ ၃ နာရီဖြေရမည့် ယင်းမေးခွန်းကို သူကိုယ်တိုင် ၃၀ မိနစ်ဖြင့် ဖြေဆိုပြီး၊ မပြီး၊ ရမှတ် ၉၅ ကျော်မကျော် ဆန်းစစ်သည်။” မှတ်သားဖွယ်ဖြစ်သည်။

ပြဋ္ဌာန်းထားချက်ကို ကျောင်းသားများနည်းတူ စာသင်နှစ်အတွင်း ကျက်မှတ်နိုင်ခြင်း ရှိ၊ မရှိ အတန်းတင်စာမေးပွဲအတွက် ထုတ်သောမေးခွန်းကို ကိုယ်ကိုယ်တိုင်ဘယ်လိုဖြေဆိုမလဲဆိုတာ ဆန်းစစ်သုတေသနလုပ်ဖို့လိုအပ်လှပေသည်။ သင်ကြားရေး ဆရာ၊ ဆရာမများအတွက် အကောင်းဆုံးဆန်းစစ်ချက်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အတန်းတင်စာမေးပွဲဖြေဆိုချိန်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် တစ်ပြိုင်တည်း၊ တစ်ချိန်တည်းဖြေဆိုခြင်းဖြင့် ရရှိလာမည့်ရမှတ်သည် ကောင်းမွန်သော ဆန်းစစ်ချက်ဖြစ်သလို လိုအပ်ချက်ပေါ်ပေါက်လာရင်လည်း နိုင်ငံတော်မှ အချိန်မီ ပံ့ပိုးပေးနိုင်မည်ဖြစ်ပေသည်။ Albert Einstein က ဆရာ၊ ဆရာမများနှင့် ပတ်သက်၍ “If you can't explain it simply, you don't understand it well enough” ၊ “ရိုးရိုးလေး မရှင်းပြနိုင်ရင် သေချာနားမလည်သေးလို့။ စာရှင်းရင်းလည်နေရင် စာတကယ်မတတ်လို့။” ရေးသားချက်ကိုမှတ်သားဖူးပေသည် ။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ နာမည်ကြီးအစိုးရကျောင်းတွင် ရူပဗေဒဘာသာသင်ကြားသော ဆရာမသည် ကျောင်းတွင် သင်ကြားရာ တွင် ပြဋ္ဌာန်းစာအုပ်ပါမေးခွန်းကို ကျောင်းသားကိုယ်တိုင်မေးခွန်းထုတ်ရင် ဘယ်လိုထုတ်မလဲ မေးမြန်းသင်ကြားကြောင်း လေးစား အတုယူဖွယ် ဆရာမများလည်းရှိကြောင်း သိရသည်။

၁၀ တန်းပြဋ္ဌာန်းချက်စာများ ခက်ခဲမှ နိုင်ငံတော်အတွက် အတတ်ပညာရှင်များပေါ်ထွက်မည်ဟု ယူဆလျှင် ပညာရေး စနစ်ဟောင်း ဖြင့် သင်ကြားခဲ့ပြီး ယခုမြန်မာနိုင်ငံတွင်တကယ်တတ်ကျွမ်းပြီး ကျော်ကြားနေသောပညာရှင်များပေါ်ထွန်းခြင်းက အဖြေတစ်ခုရရှိ မည်ဖြစ်သည်။ ပညာရေးအတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဘာသာရပ်အလိုက် ပြဋ္ဌာန်းချက်များကို အစိုးရစာသင်ကျောင်းများရှိ    ဆရာ၊ ဆရာမများကိုယ်တိုင် ကျောင်းသားများကို ရှင်းလင်းစွာသင်ကြားနိုင်ခြင်းရှိ၊ မရှိက ပြင်ပကျူရှင်များပေါ်လာခြင်းက  အဖြေ တစ်ခုပင်ဖြစ်သည်။ သင်ကြားရေးဆရာ၊ ဆရာမများကို အပြစ်တင်ခြင်းထက်ဘယ်လိုကုစားမလဲ အဖြေရှာသင့်သည်။ နိုင်ငံတကာ အဆင့်မီဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းထားသည်ဟု ဂုဏ်ယူဝင့်ကြွားမှာလား၊ သတ်မှတ်ပြဋ္ဌာန်းချက်များကို သင်ကြားပေးသောဆရာ၊ ဆရာမများကို ကျောင်းသားများ နားလည်တတ်ကျွမ်းအောင် သင်ကြားနိုင်သည့် အရည်အချင်း ရအောင်ဆောင်ရွက်မည်လား ရွေးချယ်သင့်သည်။

နိုင်ငံတကာအဆင့်မီပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းလို့ ယင်းပြဋ္ဌာန်းချက်များကို သင်ကြားသော ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကိုနားလည်အောင် မသင်ကြားပေးနိုင်လျှင် ငွေကုန်ကြေးကျများသော ဝိုင်းကျူရှင်များ၊ ကိုယ်ပိုင် အထက်တန်း ကျောင်းများသို့ သွားရောက်သင်ကြားကြရမည်။ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ပတ်သက်၍ ပြောစရာဖြစ်လာသည်။ ကိုယ်ပိုင် အထက်တန်းကျောင်းတွင်တက်သော ကျောင်းသား၊ ကျောင်းသူများသည် ၉ တန်းအတန်းတင် စာမေးပွဲကို ကိုယ်တက် သော ကိုယ်ပိုင်အထက်တန်းကျောင်းတွင်ပင် ဖြေဆိုရသည်။ ထိုသတ်မှတ်ချက်ကြောင့် မေးခွန်းများစွာပေါ်ထွက် လာသည်။ ၁၀ တန်းပြဋ္ဌာန်းချက်များခြင်း၊ ခက်ခြင်းဖြစ်ပေါ်ပါက ကိုယ်ပိုင်အထက်တန်းကျောင်းများတွင်တက်သော ကျောင်းသား၊ ကျောင်းသူများ ကို ၉ တန်းကတည်းက ၁၀ တန်းစာသင်ကြားကြပါက အစိုးရကျောင်းများတွင် ၁၀ တန်းရောက်မှ ၁၀ တန်းစာသင်ကြားခွင့်ရသည့် ကျောင်းသားထက် ၁၀ တန်းစာကို ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် စာသင်နှစ်တစ်နှစ်ပို၍ ၉ တန်းကတည်းက သင်နိုင်ခွင့်ရနိုင်ပေသည်။ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် ၁၀ တန်း စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင် ၆ ဘာသာ၊ ၅ ဘာသာဂုဏ်ထူးရှင်များ၊ အစိုးရကျောင်းများထက် အောင်ချက်ပိုကောင်း နိုင်ပေသည်။ အစိုးရကျောင်းများတွင် ၁၀ တန်း Grade-11 ရောက်မှ ၁၀ တန်းစာစသင်ပြီး  ၆ ဘာသာဂုဏ်ထူးထွက်သော  ကျောင်းသား၊ ကျောင်းသူများထက် ကိုယ်ပိုင်အထက်တန်းကျောင်းများက ၉ တန်းကတည်းက ၁၀ တန်း Grade-11 စာကို သင်ကြားပြီး တစ်နှစ်ပိုသင်လို့ ၆ ဘာသာဂုဏ်ထူးရသော ကျောင်းသား၊ ကျောင်းသူချင်းယှဉ်လျှင် ဘဝအတွက် ဘယ် ကျောင်းသား၊ ကျောင်းသူက စိတ်ဓာတ်ယုံကြည်ချက် ပိုခိုင်မလဲအဖြေကရှင်းနေပေသည်။ ဘာသာစုံ ၆ ဘာသာဂုဏ်ထူးထွက်အောင် စာသင်နှစ် တစ်နှစ်အတွင်း ကြိုးစားကျက်မှတ်မှုကြောင့် ဂုဏ်ထူးထွက်သောကျောင်းသားထက် ၉ တန်းကတည်းက ၁၀ တန်းစာကြို သင်ကြားမှုကြောင့် ဘာသာစုံ ၆ ဘာသာဂုဏ်ထူးထွက်သော ကျောင်းသား၊ ကျောင်းသူကလေး၏ စိတ်တွင် လူလည်ကျတဲ့စိတ်ဓာတ်၊ လိမ်လည်မှုစိတ်ဓာတ် တရားသော ယှဉ်ပြိုင်မှုကင်းမဲ့သည့်စိတ်ဓာတ် ဘဝတစ်လျှောက်လုံးဖြစ်ပေါ်နိုင်ပေသည်။ စနစ်တစ်ခု၏ အားနည်းချက်ကို အခွင့်အရေးယူအသုံးချသူများကြောင့် ငယ်ရွယ်နုနယ်သော ကျောင်းသား၊ ကျောင်းသူများတွင် ၆ ဘာသာဂုဏ်ထူး ထွက်သော်ငြားလည်း မကောင်းသော အကျင့်စရိုက်၊ မကောင်းသောစိတ်ဓာတ်များကို ဘဝတစ်လျှောက် အကောင်းထင်မြင် စွဲမြဲစွာ ကျင့်သုံးနိုင်ပေသည်။

ယင်းသို့ကျင့်သုံးခြင်းကြောင့် သူ၏ဘဝတွင်မပြင်နိုင်သော အမှားများကျူးလွန်နိုင်သလို သူ့ပတ်ဝန်းကျင်တွင်လည်း သူ၏မကောင်း သောစိတ်ဓာတ် ဒါဏ်ခံရနိုင်ပြီးအရေးကြီးဆုံးအနေဖြင့် နိုင်ငံတော်အတွက်မဖော်ပြနိုင်သော ဆုံးရှုံးမှုကြုံတွေ့လာနိုင်ပါသည်။ ထိုသို့ တစ်နှစ်ပိုသင်ကြားမှုကြောင့် ဘာသာစုံ ၆ ဘာသာထွက်သောကျောင်းသား၊ ကျောင်းသူများသည်  အမှတ်အများဆုံး (မှားယွင်းသော စနစ်ဟုယူဆသည့်စနစ်) ကျောင်းသား၊ ကျောင်းသူများသာ သင်ကြားခွင့်ရသည့် ဆေးတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များတွင် သင်ကြားခွင့်ရပါကလည်း ရိုးသားစွာတစ်နှစ်အတွင်း ကျက်မှတ်သော ကျောင်းသားများ အတွက် ဘဝတွင်နစ်နာမှုကြုံတွေ့ရပေမည်။ ဆေးတက္ကသိုလ်တွင် ဒုတိယနှစ်ရောက်မှ ကျောင်းထွက်ရသည့် ကျောင်းသား၊ ကျောင်းသူများ၊  သွားဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့တွင် ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ရ သူများက သာဓကပင်ဖြစ်သည်။ တကယ်ဝါသနာပါသော ကျောင်းသား၊ ကျောင်းသူများသည် အမှတ်အများဆုံးစနစ်ကြောင့် ဘဝအတွက်နစ်နာ ဆုံးရှုံးမှုကြုံတွေ့ရသလို တကယ်ဝါသနာရှင်များကို နိုင်ငံတော်မှ မမွေးထုတ်နိုင်လို့ နိုင်ငံအတွက်ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲရမှတ်သတ်မှတ်ချက်ဖြင့် ရွေးချယ်သောနည်းစနစ်မမှားယွင်းရန် အရေးကြီးသည်။ နည်းစနစ်မှားယွင်းပါက ကြိုးစားချင်စိတ်၊ ဝါသနာပါသောအလုပ်လုပ်ကိုင်လိုသော စိတ်ဓာတ်ရှိသောလူငယ်များ စိတ်ဓာတ်ပျက်ယွင်းသွားနိုင်ပါသည်။ ကြိုးစားချင်စိတ်ရှိသော လူငယ်များ စိတ်ဓာတ်ပျက်ယွင်းပါက တိုင်းပြည်ရဲ့အနာဂတ်သည် စိုးရွံ့ထိတ်လန့်ဖွယ်ရာ အခြေအနေ ဖြစ်သလို ယင်းတိုင်းပြည်ရှိပြည်သူများ လူသားဆန်စွာနေထိုင်နိုင်မှုအဆင့် ကင်းမဲ့သွားမည်မှာ မလွဲဧကန်ဖြစ်နေပေမည်။ ထို့ကြောင့် ၁၀ တန်း (Grade-11) အောင်မှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူများသာ  ဆေးတက္ကသိုလ်၊  သွားဆေးတက္ကသိုလ်    တက်ရောက်သင်ကြားခွင့်စနစ်သည် တိုင်းပြည်အတွက် အရေးတကြီး အမြန်ဆုံးပြင်ဆင်ရန် လိုအပ်သည်ဟုထင်မြင်ပါသည်။ တက္ကသိုလ်ဝင်တန်း ၁၀ တန်း (Grade-11) တွင် သိပ္ပံတွဲ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ပါဝင်ပြီး ဆရာဝန်တစ်ယောက်ရဲ့ အရေးကြီးဆုံး ဖောင်ဒေးရှင်းအုတ်မြစ်ဖြစ်တဲ့ 2nd MB တွင်အဓိကဘာသာ ၃ ဘာသာမှာ Anatomy (ခန္ဓာဗေဒ)၊ Physiology (ဇီဝကမ္မဗေဒ)၊ Biochemistry (ဇီဝဓာတုဗေဒ)ပါဝင်နေပေရာ  ဆေးတက္ကသိုလ်တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဇီဝဗေဒဘာသာရပ်ကို စိတ်ဝင်စားမှု၊ ဝါသနာပါမှုရှိသူဖြစ်ရမည့်အပြင်  ယင်းသို့စိတ်ဝင်စားမှု၊  ဝါသနာပါမှုရှိသော ကျောင်းသားများသည် ၁၀ တန်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဇီဝဗေဒဘာသာရပ်ကို အနည်းဆုံးရမှတ် ၉၀ မှတ်ရသူကိုသာ ရွေးချယ်သင့်ပေသည်။ ထို့ပြင် ဆေးတက္ကသိုလ်သင်ကြားရေးအတွက် ပတ်သက်ဆက်စပ်သည့် ဘာသာရပ် များဖြစ်သော အင်္ဂလိပ်စာဘာသာသည်လည်း အနည်းဆုံးရမှတ် ၇၀ မှတ်နှင့် ဓာတုဗေဒဘာသာရပ်တွင်လည်း အနည်းဆုံးရမှတ် ၈၅ မှတ်အထက်ရသော ကျောင်းသားများသာ တက်ရောက်သင့်သည်။ ဆေးတက္ကသိုလ်တွင်သင်ကြားရမည့် ဘာသာရပ်များ၏ အခြေခံ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များကို ၁၀တန်းကတည်းက စိတ်ဝင်စားမှု၊ ဝါသနာပါမှု၊ ထူးချွန်မှုတို့ရှိသူကို ရွေးချယ် သင့်သည်။

ယင်းတက္ကသိုလ်များနှင့် ပတ်သက်သော အခြေခံဘာသာရပ် တစ်ခုချင်းရမှတ်ကို အဓိကသတ်မှတ်မှသင့်တော်ပေမည်။ ယခုအခါ ရန်ကုန်နည်းပညာ တက္ကသိုလ်များ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာ၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် အင်္ဂလိပ်စာ ၄ ဘာသာပေါင်းရမှတ် ၃၂၀ အထက်ရှိသူသာ လျှောက်ထားနိုင်သည်ဟုဖြစ်သင့်သည့် သတ်မှတ်ချက်ထားရှိပြီး ရွေးချယ် နေသလို ယခုနှစ်ဆေးတက္ကသိုလ်များခေါ်ယူရာတွင် ဆေးတက္ကသိုလ်တက်ရောက်ရာတွင် သက်ဆိုင်မည့်ဘာသာရပ်များဖြစ်သော ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ အင်္ဂလိပ်စာ ၄ ဘာသာပေါင်းရမှတ် ၃၃၀ အထက်ရှိသူများကိုသာ ရွေးချယ်သတ်မှတ်ခြင်းက ပိုမို သဘာဝကျသလို နိုင်ငံအတွက် သက်ဆိုင်ရာတက္ကသိုလ်များတွင် လိုအပ်သော အခြေခံဘာသာထူးချွန်သူများ တက်ရောက် သင်ကြား သဖြင့် ထူးချွန်တတ်မြောက်သော ဘွဲ့ရပညာရှင်များ ပေါ်ထွက်လာနိုင်ပေသည်။ ထို့ပြင် နိုင်ငံတော်က ၁၂ တန်းပညာရေးစနစ်အဖြစ် ပြောင်းလဲသတ်မှတ်သွားနေသောကြောင့် ကြားနှစ်နှစ်အတွက် ကျောင်းသားမရှိမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်အသီးသီးအတွက် ယခုနှစ်ကတည်းကခေါ်ယူမည့်  ကျောင်းသားအရေအတွက်ကို ကြိုတင်စဉ်းစားခေါ်ယူထားသင့်ပေသည်။ နှစ်နှစ်ကြားကာလအတွက် ဆေးကျောင်းသား၊ ကျောင်းသူ တက်ရောက်မှုမရှိမှ စဉ်းစား လုပ်ကိုင်မည့်အစား ယခုနှစ်ကတည်းက ဆေးကျောင်းသား၊ ကျောင်းသူ အရေအတွက် ကြိုတင်စုဆောင်းထားဖို့သတိပြုရန်လည်းလိုအပ်ပေသည်။

ဆေးတက္ကသိုလ်အတွက် မြန်မာစာရမှတ် ၇၅ မှတ်၊ အင်္ဂလိပ်စာရမှတ် ၇၀ မှတ်၊ သင်္ချာရမှတ် ၇၀ မှတ်၊ ဓာတုဗေဒရမှတ် ၈၅ မှတ်၊ ရူပဗေဒရမှတ် ၈၀ မှတ်၊ ဇီဝဗေဒရမှတ် ၉၀ မှတ် စုစုပေါင်းရမှတ် ၄၇၀ ရမှတ်ရသူနှင့် မြန်မာစာ ရမှတ် ၇၅ မှတ်၊ အင်္ဂလိပ်စာရမှတ် ၆၅ မှတ်၊ သင်္ချာရမှတ် ၉၅ မှတ်၊ ဓာတုဗေဒ ရမှတ် ၈၀ မှတ်၊ ရူပဗေဒရမှတ် ၉၅ မှတ်၊ ဇီဝဗေဒရမှတ် ၈၀  မှတ် စုစုပေါင်းရမှတ် ၄၉၀ မှတ်ရသူနဲ့နှိုင်းယှဉ်ပါက ဆေးတက္ကသိုလ်၌ သင်ကြားရမည့် အထောက်အကူဖြစ်စေသော အခြေခံဘာသာရပ်များဖြစ်သော အင်္ဂလိပ်စာ ၇၀ မှတ်၊ ဓာတုဗေဒ ၈၅ မှတ်၊ ဇီဝဗေဒ ၉၀ မှတ်ရသူသည် စုစုပေါင်းရမှတ် ၄၇၀ ရသော်လည်း စုစုပေါင်းရမှတ်၄၉၀ ရသောသူထက် ဆေးတက္ကသိုလ် တက်ရောက်ခွင့် ရွေးချယ်သင့်သူဖြစ်ပြီး စုစုပေါင်းရမှတ် ၄၉၀ မှတ်ရသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နည်းပညာတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့၌ သင်ကြားရမည့် အထောက်အကူ ဖြစ်စေသော အခြေခံဘာသာရပ်များ ရူပဗေဒ ၉၅ မှတ်နှင့် သင်္ချာ ၉၅ မှတ်ရထားသူကို တက်ရောက်ခွင့်ရွေးချယ်သင့်သူဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူ၏ ပင်ကိုဝါသနာပါသော၊ စိတ်ဝင်စားသော၊ ထူးချွန်သောဘာသာရပ်ရမှတ်ကို တက္ကသိုလ်များက ရွေးချယ် သတ်မှတ် ပေးခြင်းဖြင့် ယင်းကျောင်းသားဘဝအတွက် အထောက်အကူဖြစ်စေသလို နိုင်ငံတော်အတွက်လည်း ထူးချွန်သော ဝါသနာရှင်ပညာရှင်များ ပေါ်ထွက်လာပေမည်။ ဆေးတက္ကသိုလ်ဝင်ခွင့် စုစုပေါင်းရမှတ်ကို အဓိကထား သတ်မှတ်ချက်ကြောင့် ကျောင်းသား၏ပင်ကို ထူးချွန်သည့်ဘာသာရပ်နှင့် မသက်ဆိုင်သော တက္ကသိုလ်ကိုတက်ရောက်မိခြင်းကြောင့် သက်ဆိုင်ရာ တက္ကသိုလ်တွင် စာမလိုက်နိုင်၍ ကျောင်းထွက်လိုက်ရသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာခြင်းဖြစ်ပေသည်။ ဆရာဝန် ဖြစ်ပြီး ဆေးဆိုင်ဖွင့်သူ၊ ဆရာဝန်ဖြစ်ပြီး ကားဝယ်ရောင်းလုပ်သူ၊ ဆရာဝန်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းလုပ်နေသူ၊ ဆရာဝန် ဖြစ်ပြီး မော်ဒယ်လုပ်နေသူများကို သာဓကစံပြုရပေမည်။

ဆရာဝန်ဘွဲ့အတွက် နိုင်ငံခြားတိုင်းပြည်တွင် သွားရောက်သင်ကြားပါက သိန်း ၁၀၀၀ မှ သိန်း ၄၀၀၀ ခန့်ထိ ကုန်ကျနိုင်သလို နည်းပညာတက္ကသိုလ်ဆိုင်ရာ ဘာသာရပ်တွဲများ၊ စက်မှုအင်ဂျင်နီယာဘွဲ့များအတွက်လည်း သိန်းရာပေါင်းများစွာ ကုန်ကျမှ ရရှိမည့် ဘွဲ့များဖြစ်သည်ကိုလည်း တက္ကသိုလ်ဝင်ခွင့်သတ်မှတ်သော တာဝန်ရှိသူများကလည်း သတိပြုမိဖို့ လိုပေသည်။ နိုင်ငံတော်မှ ကျောင်းသားအတွက် စိုက်ထုတ်ကုန်ကျငွေနှင့် ယင်းကျောင်းသားမှဘွဲ့ရပြီး ပြည်သူ့အတွက်ထိုက်သင့်သော အကျိုးပြုမှုရရှိမည့်  ကျောင်းသား၊ ကျောင်းသူကိုသာ ရွေးချယ်သင်ကြားခွင့်ပြုသင့်ပေသည်။ ရွေးချယ်မှုမှားယွင်းသောစနစ်ကို ကျင့်သုံးမိပါက  မဖော်ပြနိုင် သောဆုံးရှုံးမှုကို   ကြုံတွေ့ရမည်ဖြစ်သည်။  ဆင်းရဲချို့တဲ့သော တိုင်းပြည်အတွက် နိုင်ငံတော်ရဲ့ ပေးဆပ်မှုကကြီးမားခြင်းကို အသိ အမှတ်ပြုသင့်သလို နိုင်ငံတော်အတွက် အကျိုးပြုမည့်လူငယ်များအတွက် လမ်းကြောင်းမှန် တက္ကသိုလ်သို့ရောက်ရှိအောင် ပို့ဆောင် ပေးရမည့် တာဝန်ကို သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့တာဝန်ရှိသူများက ကျေပွန်ဖို့လိုအပ်ပေသည်။

အမှတ်စာရင်းဖြင့် သတ်မှတ်သောနိုင်ငံဖြစ်သဖြင့် အမှတ်စာရင်းနှင့် ပတ်သက်၍ ရေးစရာရှိပေသည်။ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ပြီးလျှင် ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်အလိုက် ရမှတ်အမှတ်စာရင်း ထုတ်ပြန်သည်။ ကျောင်းသား၊ ကျောင်းသူက မိမိရရှိသော အမှတ်စာရင်းရမှတ်ကို မကျေနပ်၊ လက်မခံနိုင်ပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် နိုင်ငံတော်ကို တရားဝင် ၁ ဘာသာကို ၂၅၀၀၀ ကျပ်ငွေသွင်းပြီး မိမိအဖြေလွှာကိုပြန်စစ်ပေးဖို့ တောင်းဆို ခွင့်ပြုထားသည်။

ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်များ ပြန်လည်စိစစ်ရန်တင်ပြသော ကျောင်းသားအဖြေလွှာ ပြန်လည်စစ်ရာတွင်လည်း တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာ မူလစစ်ဆေးရာတွင် ပါဝင်ခြင်းမရှိခဲ့သော ဆေးတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက စစ်ဆေးမှသာ ပြည်သူများသံသယကင်းရှင်းစေမှာဖြစ်သလို  တရားမျှတမှုပေါ်လွင်စေမှာဖြစ်ပါသည်။ မြန်မာစာ မြန်မာစကားတွင် “သူ့အရပ်နဲ့ သူ့ဇာတ်” စာသားသည် အလကားပေါ်ပေါက်ခဲ့ဟန်မတူပေ။ ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်များ ပြန်လည်စိစစ်ရန် တင်ပြ သော ကျောင်းသားသည် နိုင်ငံတော်ရဲ့ သတ်မှတ်ငွေပေးသွင်းပြီး သူ၏အဖြေလွှာကို ပြန်လည်စိစစ်ရန် တင်ပြခြင်းဖြစ်၍ ယင်း အဖြေလွှာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ “ပြန်လည်စစ်ဆေးကြည့်ရှုရာတွင် ရမှတ်များသည် အမှတ်ပေး စည်းမျဉ်း စည်းကမ်းအတိုင်း အမှတ်ပေးထားသည့်အပြင် အမှားအယွင်းတစ်စုံတစ်ရာမရှိဘဲ ရမှတ်များအားလုံး မှန်ကန်ကြောင်း သိရှိနိုင်ရန် ပြန်ကြားပါသည်။” ဟု အကြောင်းပြန်ရုံနှင့် လုံလောက်သည်ဟု မယူဆနိုင်ပေ။ ပြန်လည်စိစစ်ရန် တင်ပြသော ကျောင်းသား၏ အမှတ်ခြစ်ပြီးသောအဖြေလွှာမိတ္တူကို ကျောင်းသားထံပေးမှသာ အမှတ်ပေးစည်းကမ်းအတိုင်း အမှားအယွင်းတစ်စုံတစ်ရာမရှိဘဲ ရမှတ်များအားလုံးမှန်ကန်ကြောင်း တာဝန်ယူမှု၊ တာဝန်ခံမှုအနေဖြင့် သက်သေပြရန် တာဝန်ရှိသလို ယင်းကျောင်းသား အနေဖြင့် လည်း သံသယကင်းရှင်းပြီး ပညာရေးကို ယုံကြည်မှုပိုရမည်ဖြစ်သည်။ ယင်းသို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု မူကိုလက်ခံကျင့်သုံးခြင်းကြောင့် ၎င်းကျောင်းသား၏ အမှတ်ခြစ်ခဲ့သော စာမေးပွဲအဖြေလွှာမိတ္တူကို ယင်းကျောင်းသား လက်ဝယ်ပြန်လည်ပေးအပ်မှသာ ယင်းကျောင်းသားအနေဖြင့် နောက်နောင် ဘယ်လိုဖြေမှ အမှတ်ရမယ်၊ ဘယ်နေရာအမှားကို ဘယ်လိုပြင်မယ်ဆိုတဲ့ ဘဝသင်ခန်းစာ အတွေ့အကြုံကောင်း ရရှိမည်ဖြစ်သည်။

ထို့ကြောင့် အမှန်တကယ်ပညာရေးစနစ်ကို ပြောင်းလဲချင်ရင် အလွတ်ကျက်ပညာ အထောက်အကူပြုမည့်ပြဋ္ဌာန်းချက်၊  အထောက် အကူပြုသင်ကြား ပြသပေးနိုင်မည့် ဆရာ၊ ဆရာမ စွမ်းရည်တိုးတက်အောင်ပြုပြင်မှု၊ ဖြစ်သင့်သော စာမေးပွဲမေးခွန်းလွှာ၊ နှစ်တိုင်း ပြောင်းလဲနေသော အမှတ်ပေးစည်းမျဉ်းသတ်မှတ်ချက်တို့ကို ဘက်စုံပြုပြင်သင့်တာ ရဲရဲဝံ့ဝံ့ပြုပြင်ခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက်ရောက်မည့် တက္ကသိုလ်များအနေဖြင့်လည်း ကိုယ့်တက္ကသိုလ်ရဲ့သင်ကြားပေးမည့် ပညာရပ်ကို တကယ် ဝါသနာပါသူ၊ စိတ်ဝင်စားသူ၊ ကိုယ့်တက္ကသိုလ်မှ တက်ရောက်၍ဘွဲ့ရသူများသည် တိုင်းပြည်ကောင်းကျိုးအတွက် အစစ်အမှန် အကျိုးပြုမည့် ကျောင်းသား၊ ကျောင်းသူများရရှိအောင် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်စနစ်ကို အမြန်ဆုံးပြုပြင်ခြင်း၊ တိုင်းပြည်  အနာဂတ်ဖွံ့ဖြိုးမှု အတွက် ဆောင်ရွက်မည်ဟူသောစိတ်ဓာတ်ကို အမှန်တကယ်အရင်းခံပြီး တိုင်းပြည်အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်သောပညာရေးစနစ်မှ အမှားများတွေ့ရင် ရဲရဲဝန်ခံပြီး အမြန်ပြုပြင်ခြင်း၊ ပညာရေးစနစ် အမှားအယွင်းဖြစ်အောင် ငါတကောကောနေသူများ၏ အတွင်းရန်၊ အပြင်ရန်ဆောင်ရွက်ချက်များရှိပါကလည်း အသိတရားလက်ကိုင်ထားကာကွယ်ဖို့လည်း လိုအပ်လှပါကြောင်းကို ရေးသားတင်ပြအပ်ပါသည်။   ။

သိန်းမြင့်ကျော်